Wednesday, November 3, 2010

ညသည် တိတ်ဆိတ်လွန်းလှသည်။ ဆောင်းလေ တစ်ချက် အဝေ့တွင်တော့ ပါးပြင်ပေါ်မှ ကြက်သီးမွေးညင်းများပင် ထလာသယောင်။ ဓာတုဗေဒ ညီမျှခြင်းများ ကျက်နေရာမှ “ချောက်..ချောက်..ချောက်” မြည်နေသော စားပွဲတင်နာရီလေးကို မျက်စောင်းထိုးမိသည်။ ရှစ်နာရီငါးဆယ်မိနစ်။ အချိန်က မနည်းတော့။

မနက်က လက်တွေ့ခန်း မ၀င်ခင် သူကျွန်မကို အပြေးကလေး လာပြောသွားတာ နားထဲပြန်ကြားယောင်မိသည်။ “ဒီည ကိုးနာရီ ဖုန်းဆက်မယ်နော်” တဲ့။ သူနှင့်ကျွန်မက မေဂျာမတူ၍ ကျောင်းမှာ တော်ရုံနှင့် မတွေ့ဖြစ်ကြ။ ခဏခဏ တွေ့ပြန်လျှင်လည်း အလွန်ရှက်တတ်သော ကျွန်မက သူငယ်ချင်းများ ၀ိုင်းစမည်ကို စိုးရိမ်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် အမြဲတွေ့နေရ၍ သူကျွန်မကို ရိုးသွားမှာကိုလည်း ကြောက်မိပါသည်။ တကယ်ဆိုလျှင် ကျွန်မတို့ နှစ်ယောက်က တစ်ပတ်တစ်ကြိမ်မျှပင် တွေ့ခဲလှသည်ပဲ။

သူက အင်္ဂလိပ်စာအထူးပြု ဒုတိယနှစ်ကျောင်းသား။ သူနှင့် ကျွန်မဆိုသည်မှာ အလယ်တန်းကျောင်းထဲက ခင်မင်ခဲ့ကြသည့် အတန်းဖော်များ။ မွေးချင်းမရှိသည့် ကျွန်မ သူ့ကို အစ်ကိုရင်းတစ်ယောက်ပမာ သံယောဇဉ်ဖြစ်ခဲ့သည်။ အရာရာ ဦးစားပေးတတ်သော သူ့ကို အမြဲလိုလို ဂျီကျခဲ့မိသည်။ ရဲရင့်တည်ကြည်သော သူ့ကို အမြဲ အားကိုးမိခဲ့သည်။ ကျွန်မထက် လပိုင်းမျှသာ ကြီးသော သူ့ကို ငယ်စဉ်ကတည်းက ကိုကို ဟု အားကိုးတကြီး ခေါ်တတ်သည်မှာ ယခု တက္ကသိုလ်ရောက်သည့်တိုင် မပြောင်းလဲ။

သူချစ်ရေးဆိုလာသည့် အချိန်ကစပြီး ကျွန်မ သူ့အပေါ် အရင်လို မဆက်ဆံရဲတော့။ သူ၏ “ပိုး ကို ချစ်တယ်” ဟူသော စကားလုံးများက ကျွန်မနှင့်သူ့အကြား အဖြူရောင်စည်း ပါးပါးတစ်ကြောင်း ဆွဲလိုက်သယောင်။ ကျွန်မမှာ မိမိ အစ်ကိုတစ်ယောက်ပမာ အားကိုးရသော သူတစ်ယောက် ဒီလိုစကားမျိုး ပြောလာဖို့ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ အမှန်။ အလွန်မျက်ရည်လွယ်သော ကျွန်မ၊ ရုတ်တရက်မို့ ၀ဲတက်လာသော မျက်ရည်ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် မကျအောင်ထိန်းရင်း ဆွံ့အနေမိသည်။ မျက်ရည်တစ်ပေါက် ကျခဲ့ မကျခဲ့ ကျွန်မ မမှတ်မိတော့။

၅လအလွန်က သူ ကျောင်းဆင်းချိန် ခပ်တိုးတိုးပြောသွားသောစကား။ “ပိုး လက်ခံလာတဲ့အထိ ကိုကို စောင့်ပါ့မယ်” တဲ့။ သူ၏ မျက်လုံးများက ကျွန်မရင်ထဲရှိ အစ်ကိုတစ်ယောက်သဖွယ် ပုံရိပ်ကို အမျိုးသားတစ်ယောက်အသွင် ပြောင်းလဲရန် ဖိအားပေးနေသည်။ ကျွန်မစိတ်ထဲတွင်ရော မည်သို့ရှိမည်နည်း။ ကျွန်မ မသိပါ။ အဖြေရှာမရသည့် အဆုံး ကျွန်မ၏ နှလုံးသားကို မေးကြည့်မိသည်။ ၄င်းကိုယ်တိုင်လည်း မသိ။ ကျွန်မ ရှက်ရွံ့မိသည်။ ကိုကို့ကို ကျွန်မ မထိခိုက်စေချင်။ ကျွန်မ၏ ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုကို စိတ်ထိခိုက်စေမည့် အဖြစ်ကို ကျွန်မ မလိုလား။ ကျွန်မအဖြစ်မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်။ ကျွန်မမှာ ထုပ်စည်းတိုး ကစားနေသော ကလေးငယ်တစ်ယောက် ထမင်းရည်ပူစည်း နင်းမိမည်ကို ကြောက်၍ တွန့်ဆုတ် တွန့်ဆုတ် ရှောင်တိမ်းကစားနေပုံနှင့်ပင် တူပါသည်။

နောက် ဆယ်မိနစ် ဆိုလျှင် တယ်လီဖုန်းမြည်သံက ဒီည၏တိတ်ဆိတ်မှုကို ဖြိုခွင်းတော့မည်။ ထိုမြည်သံနှင့်အတူ ကျွန်မ၏ ဝေခွဲမရသော အာရုံတို့ ပျံ့လွင့်လာချေမည်။ နောက်ဆက်တွဲ၍ တယ်လီဖုန်းလိုင်း တစ်ဖက်တစ်ချက်ဆီက မိန်းကလေး တစ်ယောက် သို့မဟုတ် ယောကျာ်းလေး တစ်ယောက်၏ တစ်ဖက်လူ မကြားနိုင်သော ရှိုက်သံများ...

ကြယ်ကြွေချိန်

2 comments:

  1.့ " ပါးပြင်ပေါ်မှ ကြက်သီးမွေးညင်းများပင် " ...ဖြစ်နိုင်ဘူး..ကြယ်ကြွေချိန်လက်ပဲထတာဖြစ်မယ်...

    ReplyDelete
  2. နီ့ အခန်းထဲမှာ ချောက်.ချောက်.ချောက်. နဲ့ နာ၇ီသံကြားရပေမဲ့ ..နာ့အခန်းထဲမှာ တောက်.တောက်.တောက်နဲ့ ဂေါ်လီခေါက်နေတယ်ဟ..ဟိဟိ

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...