အမေက မကြာခဏ အော်ငေါက်တတ်တာကလွဲလို့ အမေ့အပြုံးလေးက အမြဲ အေးချမ်းပါတယ်။ သားတွေ သမီးတွေ နေမကောင်းဖြစ်ပြီဆို အမေက ပြာနေတတ်တာ။ အဖေ့ကို ဟိုဟာသွားဝယ်၊ ဒီဟာသွားဝယ်၊ ဟဲ့ ဒါတွေ သမီးမကြိုက်ဘူး၊ သားက ဒါမှကြိုက်တာ... သူတစ်ယောက်ထဲ စီမံ ခန့်ခွဲပြီး အဖေ့ကိုပါ ဆွဲထည့်နေကျ။ အဖေကတော့ တကယ်ကို ရေခဲတုံး ဖင်ခုထိုင်။ အရမ်းအေးတဲ့ လူဖြောင့်။ ဒါပေမယ့် သားသမီးတွေနဲ့ ပတ်သက်လာပြီဆိုရင်တော့ အမေရော အဖေပါ ပြာတတ်ကြတယ်။ အဲ့လိုပုံရိပ်တွေ မြင်ယောင်မိရင်း အမေနဲ့ အဖေကို အရမ်းတွေ့ချင်မိတယ်။
ကျွန်တော်က အပြင်ပန်းတော့ စိတ်ဓာတ် ခပ်မာမာ၊ အရာရာ ဥပေက္ခာ ပြုနိုင်တဲ့ လူတစ်ယောက်လို့ ထင်ရပေမယ့် ကျွန်တော့် အတွင်းစိတ်ကို ကျွန်တော်ပဲ နားလည်ပါတယ်။ ကျွန်တော့်ဆီ အမေဖုန်းဆက်ပြီဆို စကားဖြင့် မပြောရသေးဘူး။ မျက်ရည်က အရင်ဦးတယ်။ အဖေစာရေးပြီဆိုလည်း ခပ်ညစ်ညစ် စာရွက်ကလေး နွမ်းဖတ်သွားတဲ့အထိ မျက်ရည်က တပေါက်ပေါက်ကျနေတတ်တာ။ ဒါတွေကို ကျွန်တော်ပဲ သိပါတယ်။
နောက် နှစ်ပတ်လောက်ဆို အိမ်ပြန်ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ကို နွေးထွေးစေတယ်။ လာမယ့် စာမေးပွဲကြီးအတွက် အစွမ်းကုန်ကြိုးစားဖို့ အားပြည့်စေတယ်။ ခုလောလောဆယ်တော့ မုန်တိုင်းထန်နေတဲ့ ဒီအစာအိမ်ကြောင့် လုံးဝစာမကျက်နိုင်သေးပါဘူး။ သူငယ်ချင်းတချို့ ကျွန်တော့်အနားမှာ အားပေးနေတော့ ကျွန်တော် ခန္ဓာ နာလန်ထလာပေမယ့် စိတ်တွေကတော့ ပျံ့လွင့်နေဆဲ။ ကျွန်တော့် ပတ်ဝန်းကျင်ရေမြေ ပြောင်းလဲသွားပေမယ့် ကျွန်တော့်သိစိတ်က အသိတစ်ခုကတော့ ကျွန်တော့်ကို အမြဲ နွေးထွေးစေလျက်ပါ။ ကျွန်တော် ဘယ်နေရာပဲ ရောက်နေရောက်နေ ကျွန်တော်ပြန်အလာကို အမြဲ တံခါးဖွင့် ကြိုဆိုနေမယ့် အမေ့အိမ်လေးကတော့ ထာဝရ မပြောင်းမလဲ ရှိနေဦးမှာ။
ကြယ်ကြွေချိန်
No comments:
Post a Comment