Tuesday, March 20, 2012

တယ်...

ကြိုးစားသည်
ဖန်တရာ တေနေပြီ
ဘာကိုလဲဟ
အော်... စာကြည့်ဖို့ပါ
ဟော... အောင်မြင်သွားပြီ
စာအုပ်ဖွင့်လိုက်နိုင်ပြီ
law စာအုပ် အထူကြီး
လာပြီ... ကိုယ့်ဟာကိုယ် ရှာတဲ့ အနှောင့်အယှက်တွေ
ရုပ်ရှင်ပြီးရင် စာကြည့်မယ် ဆိုပြီး
ရုပ်ရှင်လည်း ပြီးသွားပြီ
blog ပေါ် ရောက်လိုက်
ဟိုရောက်လိုက် ဒီရောက်လိုက်
ဟိုရှုပ် ဒီရှုပ်
ဟိုစပ်စု ဒီစပ်စုနဲ့
တယ်... ငါလေ...
အတော့်ကို ကြည့်မရတော့ဘူး ကိုယ့်ကိုယ်ကို
တော်ပြီ out ပြီ
စာကြည့်ဖို့ ဟုတ်ဘူး
ရေသွားချိုးမလို့
ခေါင်းပူတယ် စိတ်ရှုပ်တယ်လေ
ခေါင်းသွားရှင်းရမယ် ဟဲဟဲ
တာ့တာ :D

ကြယ်ကြွေချိန်

Wednesday, March 14, 2012

အရင်က နေရာ

"ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ" ဆိုတဲ့ သီချင်း
နောက်တစ်ခါ ကြားရင် ပြုံးနိုင်ပါ့မလား။

ခြေသံတွေ တိုးညင်းသွားတယ်
ရင်ခုန်သံတွေ တိတ်ဆိတ်သွားတယ်
ရယ်မောသံတွေ ကွဲအက်သွားတယ်
မျက်ရည်စက်တွေကတော့ စိုစွတ်ဆဲပဲ
ဒါပေမယ့် နောက်တော့ ပြန်လှည့်မကြည့်ဘူး။

ခုချိန်ကစ တစ်ပင်ထဲ ရှင်သန်ရတော့မယ့် မြက်
အေးလေ ဘာထူးဆန်းလို့လဲ
ဟိုးအရင်ကလည်း တစ်ပင်ထဲပဲ
ခုမှ အဆန်းလုပ်လို့။

အရင်ကနေရာ ပြန်ရောက်သွားတာပါပဲ
ဒါပေမယ့်
အရင်ကလိုတော့ မဟုတ်တော့ဘူး...

ကြယ်ကြွေချိန်

Thursday, March 8, 2012

ရုပ်သေကားချပ်

(အောက်ပါ ဇာတ်လမ်း၊ ဇာတ်ကောင် အားလုံးသည် စာရေးသူ၏ စိတ်ကူး၊ ဖန်တီးမှု သက်သက်သာ ဖြစ်သည်။)

ကျွန်မ ဘ၀မှာ အဲ့လောက် ပြင်းထန်တဲ့ ခံစားမှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ ၀မ်းနည်း ၀မ်းသာ နှစ်မျိုးလုံးကို တစ်ချိန်ထဲမှာ ခံစားလိုက်ရတာ။ အဖြစ်အပျက်တွေတိုင်းမှာ ဖြစ်ပြီဆိုကတည်းက အဲ့လိုဖြစ်အောင် လုပ်တဲ့သူ အနည်းဆုံး တစ်ယောက်တော့ ရှိတာပဲလေ။ ပြုလုပ်သူက လူ မဟုတ်ရင်တောင်မှ အရာ တစ်ခုခုပေါ့။ ခုကျွန်မ ကိစ္စက လူတစ်ယောက်ကြောင့် ဖြစ်လာတဲ့ ခံစားမှု။ အို.. သေချာပါတယ်။ အဲ့ဒီလူပါပဲ။ ကဲပါ... ဆက်ပြောရလွယ်အောင် သူ့ကို ကျွန်မတို့ "ကိုပြေ" လို့ပဲ ခေါ်ကြပါစို့။

ကိုပြေဆိုတာ ကျွန်မတို့ ရုံးက အစ်ကိုကြီး ဆိုပါတော့။ ရုံးဝန်ထမ်း စာအုပ်ထဲက မွေးသက္ကရာဇ် အရ ကျွန်မထက် ၅နှစ်တိတိ ကြီးတယ်။ အသားဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့၊ လူတိုင်းကို ပြုံးပြုံးပြပြီး နှုတ်ဆက်တတ်တယ်။ သူ့ဘယ်ဘက်ပါးက ပါးချိုင့်နက်နက်က မိန်းကလေးတိုင်းကို ဆွဲငင်နေသလိုပဲ။ ဘယ်တော့မဆို ရှပ်အင်္ကျံ အဖြူ လက်ရှည်နဲ့ ပုဆိုးကို သပ်သပ်ရပ်ရပ် ၀တ်လေ့ရှိတယ်။ အတော်လေးတော့ ရုပ်သန့်တဲ့လူပဲ။ ကိုပြေ ဆိုတဲ့ နာမည်က ကျွန်မတို့ ၀န်ထမ်းတွေ အချင်းချင်း အတိုကောက် ခေါ်တဲ့ နာမည်ပေါ့။ ပြောမယ့်သာ ပြောရတာပါ။ သူ့အကြောင်း ကျွန်မ မသိသလို ကျွန်မအကြောင်းလည်း သူ ဂဂဏဏ မသိပါဘူး။ စကား တစ်ခွန်းတောင်မှ အပေါက်အလမ်းတည့်အောင် မပြောဖူးတာကိုး။ ဟောတော်.. ညည်းဟာက ယုံတမ်းပုံပြင်ကြီးလားအေ လို့ မေးလည်း မေးချင်စရာပဲ။ အဲ့လောက်ထိ လှမ်းတဲ့ သူစိမ်းတစ်ယောက် ပေမို့သာပဲ.. ကျွန်မ အတွေးအာရုံတွေ သူ့ကြောင့် မှင်သက်ခဲ့ဖူးတာလည်း တခဏတာလေးတင် မဟုတ်တော့ပါဘူး။

ကိုပြေက အရမ်း ဂရုစိုက်တတ်တယ်။ လူတစ်ဖက်သား ထိခိုက်နစ်နာအောင် ဘယ်တော့မှ မပြောဘူး၊ မလုပ်ဘူး။ အလုပ်မှာဆိုလည်း ကိုယ့် အထက်အရာရှိက အစ သန့်ရှင်းရေးဝန်ထမ်းက အဆုံး အမြဲအကူအညီ ပေးလေ့ရှိတယ်။ လူတစ်ယောက် ကျင်းထဲကြပ်ထဲ ရောက်နေပြီဆို ကယ်တင်ရှင်ပေါ့လေ။ ရုပ်ရှင်တွေထဲကလို စူပါဟီးရိုး၊ စူပါမန်း ပေါ့။ ရုံးမှာ သူ့ရဲ့ အကူအညီတွေကြောင့် ကျွန်မရဲ့ အလုပ်သင် ၀န်ထမ်းဘ၀က စလို့ ခု အမြဲတမ်း ၀န်ထမ်းဘ၀ထိကို ပြဿနာ ဘာတစ်ခုမှ ကြီးကြီးမားမား မရှိခဲ့ရပါဘူး။ တစ်ခါတလေ အလုပ်မှာ စိတ်က သူ့ဆီ ယိုင်ယိုင်နေတော့ တွေးမိတာပေါ့လေ.. ဟယ်တော့၊ ငါ့ကို စိတ်ဝင်စားနေလို့များ ငါ့ တစ်ယောက်ထဲ ကွက်ကူညီနေသလား ဆိုတော့လည်း မဟုတ်ဘူး။ လူတိုင်းကို ကူညီတာ။ အဲ့ဒါတွေကြောင့်ပေါ့.. သူက ကျွန်မရဲ့ တစ်ကိုယ်ကောင်း စိတ်ကို နိုင်သွားခဲ့တာ။

ကိုပြေက သူ့ကြောင့် လူတစ်ယောက်ကို ဘယ်တော့မှ သိမ်ငယ်စိတ် မရှိစေဘူး၊ ရှိနေခဲ့ရင်လည်း သူ့ကိုယ်ကို နှိမ့်ချ ဆက်ဆံခြင်းအားဖြင့် လူတစ်ဖက်သားကို အားတက်စေတယ်။ သူက စီးပွားရေး၊ စီမံခန့်ခွဲမှု ပညာတင် မကဘူး၊ စာရင်းအင်း၊ အင်ဂျင်နီယာ အတတ်က အစ ကျွမ်းကျင်တယ်။ ဒါကြောင့်လည်း ကျွန်မတို့ Assembly Department ရဲ့ ဂျာကြီး ဖြစ်နေတာပေါ့။ ရုံးထဲတင်မက၊ စက်ရုံထဲလည်း မကြာမကြာ ဆင်းစစ်ဆေးရတော့ စက်ရုံအလုပ်သမတွေက အစ ကြွေရတဲ့ လူတစ်ယောက်ပေါ့။ မိန်းကလေးတွေ မပြောပါနဲ့၊ ယောက်ျားလေး အချင်းချင်းတောင် အတော် မနာလို ဖြစ်ရမယ့် လူ။

ဒီအလုပ် စ၀င်ကတည်းက သူ့ပန်းသတင်းတွေကို ဟိုလူ့စကား ဒီလူ့စကားနဲ့ ကြားနေခဲ့တာ။ သူနဲ့ ပတ်သက်လို့ ကျွန်မ တစ်လလောက်တော့ ဘာသိဘာသာ နေလာခဲ့တာပါပဲ။ သူ့လို ရုပ်ချော၊ သဘောကောင်း၊ မနော ဖြူတဲ့ လူတစ်ယောက်ကို စိတ်ဝင်စားမိတာ သဘာဝပဲ၊ အံ့သြစရာ မရှိပါဘူးလေ.. ပေါ့။ နောက်ပိုင်းတော့ supplier တွေဆီက စာရွက်စာတမ်းတွေ စစ်ဆေးဖို့ သူ့ရုံခန်းထဲ ၀င်ဝင်နေရတော့ မျက်မှန်းတန်းမိလာတယ်။ အဲ့နောက်ပိုင်း စိတ်က ဖောက်ပြားလာတယ်။ ကျွန်မမှာ ချစ်သူ မရှိပေမယ့် သူ့မှာ ချစ်သူရှိလောက်တယ်လို့ တထစ်ချ ကောက်ချက်ချပြီး ကျွန်မဘက်က "ဖောက်ပြား" တယ်လို့ သုံးနှုန်းလိုက်တာပါ။ ကျွန်မက တစ်ပါးသူ ပိုင်ဆိုင်ပြီးသား ချစ်ချင်းမေတ္တာကို လုယူလိုစိတ် မရှိတာ အမှန်ပါ။ ဒါပေမယ့် ဒီလောက် ဘက်စုံ ပြည့်စုံနေတဲ့ လူတစ်ယောက်က မိန်းကလေးတွေ သူလိုချင်တိုင်း ရနိုင်တယ်ဆိုတာ သိနေရဲ့သားနဲ့ ကျွန်မလေ.. အဲ့မိန်းကလေးတွေထဲက တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။

အော်.. ပုံပြင်ရဲ့ အစကို ပြန်သွားပါမယ်။ ၀မ်းနည်း ၀မ်းသာ နှစ်ခုလုံး တစ်ပြိုင်တည်း ခံစားလိုက်ရတယ်ဆိုတာလေ။ အဲ့နေ့မနက် ရုံးတက်တော့ ကိုပြေက ကျွန်မစားပွဲရှေ့က ဖြတ်အသွား ကျွန်မကို စကားတစ်ခွန်း ခပ်တိုးတိုး လှမ်းပြောတယ်။ "မမြစိမ်း၊ နေ့လည် ထမင်းချိန်ကျရင် lobby မှာ ကျွန်တော့်ကို စောင့်နေပါ၊ ကျွန်တော်တို့ အတူတူ ထမင်း သွားစားကြတာပေါ့" တဲ့။ ကျွန်မလေ.. အဲ့ဒီစကား ကြားလိုက်ရပြီး ရုတ်တရက် မှင်သက်သွားမိတယ်။ အသက်ရှူ ရပ်သွားတယ် ဆိုတာမျိုးလေ။ သဲကန္တာရထဲမှာ မျှော်လင့်ချက်မဲ့စွာ လျှောက်သွားနေတဲ့ ၀ိညာဉ်ချုပ်ခါနီး လူတစ်ယောက် စိမ်းစိမ်းလန်းလန်း အိုအေစစ်ကို တွေ့လိုက်ရသလိုပေါ့။ အပျော်လွန်တာတော့ မဟုတ်ဘူး။ ထိန်းထိန်းသိမ်းသိမ်း ပဲ ပျော်တာ။ သူ့ပုံစံက လမ်းကြုံလို့ ပြောသွားတဲ့ပုံတော့ ပေါက်တယ်။ ဒါပေမယ့် ကျွန်မ ကျေနပ်မိတယ်။ ကျွန်မကို ခုတော့ သူ သတိထားမိလာပြီပေါ့လေ။ အော်.. အတွေးလွန်နေတာ။ စိတ်ကူးထဲမှာတော့ ကိုယ်က အကြံပိုင် သူဋေးကြီးပေါ့လေ။

ကျွန်မ တစ်မနက်လုံး စိတ်ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်ခဲ့ဘူး။ သူ့ရုံးခန်းဘက်ကိုပဲ အခွင့်ရရင် ရသလို ကြည့်နေမိတယ်။ လိုက်ကာတွေနဲ့မို့ ဘာမှ မမြင်ရပေမယ့် ကိုပြေကို သူ့စားပွဲမှာ ဖိုင်တွေနဲ့ ရှုပ်နေမယ့် ပုံကို စိတ်ကူး ပုံဖော်မိတယ်။ ဒီအကြောင်း နွေးနွေးတို့ကိုတောင် မပြောပြတော့ဘူး။ သူတို့တွေကလည်း ကိုပြေ့ကို ကြိတ်ခိုက်နေကြတာလေ၊ ကျွန်မ ပြောပြလိုက်လို့ သူတို့ စိတ်ထဲ ထင့်သွားမှ စိတ်ဆိုးနေကြဦးမယ်။ အချိန်တွေကလည်း ကြာလိုက်တာ၊ ၁၂ နာရီ ကလည်း မထိုးနိုင်တော့ဘူး။

၁၂နာရီ အတိ ကျွန်မ lobby ထဲ ဆင်းလာခဲ့တယ်။ အိုး.. ရုံးထဲက လူတွေ အားလုံး လိုလိုပါပဲလား။ ကျွန်မ မနု ကို အားလုံး ဘာထိုင်လုပ်နေကြတာလဲ လို့ ကပ်မေးတော့ ဂျာကြီး (ကိုပြေ) က ရုံးကလူတွေအားလုံးနဲ့ တူတူ နေ့လည်စာ စားဖို့ ခေါ်ထားလို့ပါတဲ့။ ပြီးတော့ ကိုပြေက ဌာန ပြောင်းရတော့မှာကြောင့် ကိုပြေ့ ဇနီး ကို ဒီမှာမန်နေဂျာ အသစ်ခန့်ဖို့ အတွက် အားလုံးနဲ့ မိတ်ဆက်ပေးဖို့ လူစုခိုင်းတဲ့ သဘောပါတဲ့။

"ဘာ! ကိုပြေ့ ဇနီး.. ဟုတ်လား!" ကျွန်မ ရုတ်တရက် လွှတ်အော်လိုက်မိတယ်။ ဘေးက လူတွေက စကားတွေ ခပ်အုပ်အုပ် ပြောနေကြလို့ သတိမထား မိကြပါဘူး။ ကျွန်မ နားထဲ အူနေတယ်။ မနု ပြောတာတွေက အဟုတ်လား။ ၂မိနစ်လောက် ငြိမ်ကျသွားတယ်။ ကျွန်မကို ပြန်လည် လှုပ်နှိုးသူက ကိုပြေ့ရဲ့ အသံငြိမ်ငြိမ်ပေါ့ "ကဲ ကဲ.. အားလုံး စောင့်နေရတာလည်း ကြာသွားပြီ၊ ဒီမှာလေ.. ကျွန်တော့် မဒမ်ပေါ့၊ သူ ကြာနေတာ"။ အဲ့ဒီနောက် အားလုံးကို ရုံးနားက စားသောက်ဆိုင်မှာ ကိုပြေတို့ ဇနီးမောင်နှံ နေ့လည်စာ လိုက်ကျွေးပါတယ်။

ကျွန်မ စားမ၀င်ဘူး။ လည်ချောင်းထဲ အလုံးကြီး တစ်လုံး ဆို့နေသလိုပဲ။ အတော်ကြီးတဲ့ အလုံး။ သာမန် အလုံးလည်း မဟုတ်ဘူး။ ခပ်ကြီးကြီး ရေခဲတုံး လိုပေါ့။ ဒီတိုင်းထားရင် အကောင်း။ ကိုက်စားဖို့ ကြိုးစားတော့မှ ကိုက်မရမှန်း သိတယ်။ အေးစက်ပြီး မာတောင့်နေတာကိုး။ ပါးစောင်ထဲ တင်းထည့်ထားရလည်း အခက်။ ပြန်ထွေးထုတ်ဖို့ကလည်း မသင့်တော်။ အို... တစ်ယောက်ထဲ စိတ်ထဲမှာ လွန်ဆွဲနေတာ။ လွှတ်ချလိုက်ရမလား... ဆုပ်ကိုင်ထားရမလား... လွှတ်ချလိုက်ရင် ကွဲသွားမယ်... ခေါင်းမာမာနဲ့ ဇွတ်ဆုပ်ကိုင်ထားရင် ပင်ပန်းမယ်...

ရုံးဆင်းချိန်ထိ မြင်လေသမျှ အားလုံး ရုပ်သေပဲ။ ဘတ်စ်ကား မှတ်တိုင်က လူတွေကလည်း မလှုပ်မယှက်နဲ့၊ ခါတိုင်းလို စကားပြောမနေကြဘူး။ အမှိုက်ကောက်တဲ့ ကလေးလည်း ခါတိုင်းလို အမှိုက်ပုံတွေ လိုက်နှိုက်ရှာမနေဘူး။ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးလည်း ကျောက်ရုပ်ကြီးလိုပဲ။ ဓာတုဗေဒ ဘာသာရပ်မှာဆို physical change (မူလအခြေအနေ ပြန်ပြောင်းနိုင်တဲ့ change) နဲ့ chemical change (မူလ အခြေအနေ ပြန်မရောက်နိုင်တော့တဲ့ change) ဆိုပြီး ရှိတယ်။ ကျွန်မရဲ့ ရုပ်သေ ကားချပ်ကတော့ physical လား chemical လား ဝေခွဲ မရတော့ပါဘူးလေ...

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...