Saturday, November 20, 2010

စာကြည့်တိုက်နှင့် တစ်ညတာ

ကျွန်တော် ဒီတလော စိတ်နဲ့လူ လုံးဝ မကပ်ပါဘူး။ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ ဘာကိုင်နေမိမှန်းလည်း မသိပါဘူး။ အသက်မပါသလိုပဲ။ စာမေးပွဲကလည်း နီးနေပြီ။ စာလုပ်ဖို့ စိတ်က လုံးဝ မရှိရေးချ မရှိ၊ ဘလော့ဂ် ဖက်လည်း မရောက်ဖြစ်နဲ့။ ဘာမှ ရေရေရာရာ ပြီးမြောက်အောင် မလုပ်ခဲ့ရသေးပါလားလို့ တွေးမိတိုင်း စိတ်ညစ်နေမိတယ်။ ဟိုတလောက ကျွန်တော် နေမကောင်းဘူးဆို ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို ပြောပြမိပါတယ်။ မာမား (တရုတ်ထုံးစံ၊ အမေ့ကို မာမားလို့ပဲ ခေါ်ပါတယ်။) ရွှေနားတော်ထဲ ဘယ်လိုဘယ်ပုံ ပေါက်ကြားသွားမှန်းမသိဘူး။ မနေ့က ချက်ချင်းကို ဖုန်းဆက်လာတာ။ ဆက်တဲ့ အချိန်ကလည်း ည နှစ်နာရီခွဲ။ “မာမား သမီးကို စိတ်ပူလို့” တဲ့။

ဒီနေရာမှာ မာမား ကျွန်တော့်ကို ဘာလို့ ညနှစ်နာရီခွဲ ကြီး ဖုန်းဆက်ရသလဲ လို့ မေးစရာဖြစ်လာပါတယ်။ ကျွန်တော် ရှင်းပြပါ့မယ်။

ရန်ကုန်မှာဆို ကျွန်တော့် နောက်ဆုံး (အနောက်ကျဆုံး) အိပ်ချိန်က ည ဆယ့်နှစ်နာရီပါ။ ပါပါးက ဒီ့ထက် နောက်ကျပြီးမှအိပ်ရင် ကျွန်တော် မအိပ်မချင်း အနားမှာထိုင်ပြီး စကားလုံးတွေ စက်သေနတ်ပစ်ပါတော့တယ်။ (“လူငယ်ဆိုတာ စောစောအိပ်ပြီး စောစောထရတယ်။ ဒါမှ လန်းဆန်းပြီး လုပ်စရာရှိတာ ကောင်းကောင်း လုပ်နိုင်မှာပေါ့” - ပါပါး ကျွန်တော့်ကို ပစ်နေကျ စကား ကျည်ဆံများထဲမှ အပစ်အများဆုံး ကျည်ဆံ တစ်တောင့် ... ဤကားစကားချပ်။) တစ်ခါတလေ ကျွန်တော်က ကျည်ကာအင်္ကျီဝတ်ထားရင် (ပြန်ရစ်နိုင်ရင်) ပါပါး ကျည်ဆံ တွေကို ခံနိုင်ပါတယ်။ များသောအားဖြင့်တော့ ကျွန်တော့်ဘက်က အလံဖြူထောင်ရတာ များပါတယ် (ဟီးဟီး)။ ပါပါးက လေသံ ပျော့ပျော့လေးနဲ့ တိုက်တွန်းယူတတ်တာမျိုးကိုး။ ကျွန်တော့် ပျော့ကွက်ကိုသိတယ်လေ။ ကျွန်တော်က ချော့ပြောရင် ပါသွားတတ်တဲ့ လူမျိုးဆိုတော့ (ဟောဗျာ... ကြော်ငြာက ၀င်ပြန်ပြီ။) ပါပါး ဗျူဟာအဆုံးမှာ လိမ်လိမ်မာမာ လက်မြှောက်အရှုံးပေး၊ အိပ်ရာထဲ မအိပ်ချင်အိပ်ချင်နဲ့ ထိုးဝင်အိပ်ရတာချည်းပဲ။

မာမားကတော့ ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့သူပေါ့။ အေးလေ... အမေဆိုတော့လည်း မသိပဲ ဘယ်နေပါ့မလဲ။ ကျွန်တော့်ကို ဖုန်းဆက်တိုင်း ညစောစော အိပ်ဖို့ မှာတတ်တယ်။ ကျွန်တော် ညည နောက်ကျမှ အိပ်တတ်တာ သိတာကိုး။ “သမီး... ည ညဥ့်နက်တဲ့ထိ မနေနဲ့နော်။ နေမကောင်းဖြစ်မယ်။” အမြဲ ကျွန်တော့်ကို မှာနေကျ။ ကျွန်တော် အိပ်ရေးပျက်ရင်၊ အိပ်ရာဝင်နောက်ကျရင် နေမကောင်းဖြစ်တတ်တာ သိတာကိုး။ ကျွန်တော်ကလည်း အလိုက်သင့် “ဟုတ်ကဲ့ပါ... အလွန်ဆုံးနေ၊ ညဆယ့်နှစ်နာရီပါပဲ” ပေါ့။

အဲ... စကားတွေက ရှည်ကုန်ပြီ။ အပေါ်က အကြောင်းအရာကို ဆက်ရဦးမယ်။ မာမားက ညနှစ်နာရီခွဲကြီး ကျွန်တော် အိပ်နေမယ်မှန်း သိရက်သားနဲ့ ဘာကြောင့်ဖုန်းဆက်သလဲ။ အကြောင်းကတော့ ကျွန်တော် ဖုန်းထဲမှာ ညာပြောနေခဲ့တာ သိလို့ပါပဲ။ “အာ.. မဟုတ်ပါဘူး .. မာမားကလည်း..” ကျွန်တော် ဘယ်လိုပဲ ငြင်းငြင်း၊ ကျွန်တော် ညာပြောနေတာကို အတပ်သိတယ်။ ဖုန်းထဲမှာဆို ကျွန်တော့် မျက်လုံးတွေ မမြင်ရတော့ ကျွန်တော်ပြောနေတာတွေ အဟုတ် ထင်နေမှာပဲလို့ တွေးထားခဲ့မိတာ ကျွန်တော် မှားပါလေရော။ အမေတွေများ ဖုန်းထဲက အသံ ကြားရုံနဲ့တင် သားတွေ သမီးတွေ ဘာဖြစ်နေလဲ စုံစမ်းထောက်လှမ်း ပြီးသား။

အဲ့တော့ မနေ့ညက မာမားဖုန်းဆက်ချိန် ကျောင်းစာကြည့်တိုက်မှာ သူငယ်ချင်းတစ်စုနဲ့ စာလုပ်နေချိန်ပါ။ (အမည်ခံ စာလုပ်သည်ဟု ဆိုသော်လည်း ရံဖန်ရံခါ Facebook ၊ Games ၊ ၀တ္ထု အစရှိသော ကြော်ငြာများလည်း ၀င်တတ်ပါသည်။) စာထဲ စိတ်ပါလွန်းလို့တော့ မဟုတ်ပါဘူး။ ဒီစာ ဒီအချိန်မှ မလုပ်ရင် စာမေးပွဲမှာ ဒုက္ခနဲ့ လှလှရော မြမြပါ တွေ့ကိန်းမြင်တယ်လို့ ဗေဒင်ဆရာက ဟောထားလို့ (သိပ်မှန်တာပဲနော် ဟီးဟီး)။

ကျွန်တော် law ဖတ်စာအုပ်ကြီး ရှေ့ချ စိမ်ပြေနပြေ ဖတ်နေတုန်း (ထင်ရတာပဲ... ခေါင်းကြီးငုံ့ပြီး စာဖတ်နေလား ငိုက်နေလားမသိ) စားပွဲက တုန်သွားလို့ လေ့လာလိုက်တော့ ကျွန်တော့်ဖုန်းက တုန်နေတာပဲ။ အိပ်ချင်မူးတူးနဲ့ဆိုတော့ ဖုန်းနံပါတ်လည်း မကြည့်မိ၊ ဒီတိုင်း Answer နှိပ်လိုက်မိတာ။

“Hello”။
“သမီးလား”။
“ဟုတ်ကဲ့”။ (ဘယ်သူ ဘယ်ဝါမှန်း မသိ။)
“သမီး ဘယ်မှာတုန်း”။
“ကျောင်းမှာ”။ (လွှတ်ခနဲ ဖြေလိုက်မိတယ်။ အိပ်ငွေ့မပြယ်သေးဘူး။ )
“ဟမ်၊ သမီး.. ကျောင်းမှာ ဒီအချိန်ထိ ဘာလုပ်နေတုန်း။ ဒီလောက်နောက်ကျနေပြီ။ အိမ်မပြန်သေးဘူးလား။ အိပ်ချိန်တောင် ကျော်နေပြီလေ။ မာမား ထင်သားပဲ..........” ဟင်? မာမား? အောင်မလေးတော်... မာမားအသံတောင် မမှတ်မိတော့ဘူး။ စိတ်တွေ လွှတ်ထွက်နေပုံများ ဖမ်းလို့ကို မမိတော့ဘူး။ သေပြီ သေပြီ။ ခုတော့ ကျွန်တော့် အသိတွေ ရုတ်တရက် တရစက် ၀င်လာတဲ့ စကားလုံး ကျည်ဆံတွေကြောင့် ပြန်စုစည်းလာပြီ။ သေပြီ။ ဒီတစ်ခါ တကယ်သေပြီ။ အလိမ်ပေါ်ကုန်ပြီ။ အဲ့ဒါနဲ့ ပဲ ကျွန်တော် စာကြည့်တိုက်မှာ စာလုပ်နေကြောင်း ရှင်းပြတော့ မာမားက... လူကဖြင့် နေကောင်းကောင်း မကောင်းသေးတာကို ညလုံးပေါက် စာထိုင်လုပ်နေရလားတဲ့... ကျွန်တော့်ကို ဆူပါတယ်။ ဆူပါ ဆူပါ။ အဆူမခံရတာ ကြာပြီဆိုတော့လည်း ကျွန်တော် ဘာမှ ပြန်မပြောမိပါဘူး။ အရင်ကဆို ပြန်ခံပြောနေကျ။ ခုတော့ ငြိမ်ငြိမ်လေး မာမား စက်သေနတ် ကျည်ဆံ ကုန်သွားတဲ့ အထိ ထိုင်နားထောင်နေလိုက်ပါတယ်။ “အင်း... ” “ဟုတ်ကဲ့...” တောင် မလိုက်မိဘူး။

ကျွန်တော့်ဘက်က ဘာအသံမှ မကြားရတော့ ဖုန်းလိုင်း ပြတ်သွားတယ် ထင်ပြီး “ဟဲ့ သမီး ကြားရလား” တဲ့။ မာမားအော်ပြောတော့မှ ကျွန်တော်လည်း “ဟုတ်ကဲ့” ပေါ့။ နောက် ကျွန်တော် ဘာဖြစ်မှန်းမသိပါဘူး။ ငိုချင်စိတ်တွေ ပေါက်လာတာနဲ့ ငိုချမိတယ်။ အဲ့ဒါက စာကြည့်တိုက်အပြင်ဘက် ခုံတန်းတွေမှာပါ။ ခုနတုန်းက ကျွန်တော် မာမားဆက်နေမှန်း သိတော့မှ အပြင် အမြန်ပြေးထွက်သွားမိတာကိုး။ စာကြည့်တိုက်ထဲမှာ စကားကျယ်ကျယ် ပြောလို့ မရဘူးလေ။ ပထမတော့ ကျွန်တော် ငိုချင်စိတ်ကို တားပါသေးတယ်။ မာမားက လိုတာထက် ပိုတွေးပြီး စိတ်ပူတတ်တဲ့ သူဆိုတော့ ဒီအချိန်မှာ အဲ့လိုကြီး မငိုသင့်ဘူးလေ။ ဒါကိုကျွန်တော်သိပါတယ်။ ဒါပေမယ့် မရတော့ဘူး။ မျက်ရည်တွေက တောက်လျှောက် စီးကျနေပြီ။ အီမို နေတာလား ဘာလား ကျွန်တော့်ကိုယ် ကျွန်တော်တောင် မသိပါဘူး။ စိတ်ညစ်နေတာပဲ သိတယ်။ ကျွန်တော် တော်တော်ကြာ ငိုနေမိတယ်။ မာမားလည်း ကျွန်တော်နဲ့အတူ မျက်ရည်ကျနေတယ်လို့ ထင်တာပဲ။ ကျွန်တော် ဘာအသံမှ မကြားပါဘူး။ နောက်ဆုံး ကျွန်တော် အိမ်ပြန်ချင်တဲ့ အကြောင်း ပြောလိုက်တော့မှ မာမား စကားပြန်ပြောတယ်။ “သမီး... အဲ့လို မချွဲနဲ့လေ... ကလေး မဟုတ်တော့ဘူး... စာကြိုးစား... လုပ်သင့်တာတွေ ကောင်းကောင်းလုပ်... ပြီးရင် အိမ်ပြန်ရမှာပေါ့...” ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော် အရမ်း ကလေးဆန်တယ်။ ခုထိ လူကြီးစိတ် မမွေးနိုင်သေးဘူး။ ထစ်ခနဲဆို စိတ်ကောက်မယ်။ စိတ်ညစ်ရင် ငိုမယ်။ ဘာမှ မစဉ်းစားဘဲ ပြောချင်ရာ ပြောချလိုက်မယ်။ သူငယ်ချင်းတွေကို အနိုင်ကျင့်မယ်။ ပတ်ဝန်းကျင်ကို တော်ရုံ ဂရုမစိုက်ဘူး။ ငိုလွယ် ပြုံးလွယ် ရယ်လွယ်တယ်။ တစ်နည်းပြောရရင်တော့ အပေါင်းအသင်း မ၀င်ဆံ့ပါဘူး။ ဒီအကျင့်တွေကို ဖျောက်ဖို့ရာလည်း ခုထိ မတတ်နိုင်သေးပါဘူး။

မနေ့ညက မာမားနဲ့ စကားပြောပြီးတော့ ကျွန်တော် အတော် နေလို့ ကောင်းသွားတယ်။ ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်စိတ်ကို ပြန်ရှာ တည့်မတ် ပေးခဲ့ တာကိုး။ ခုမှ စာဘက် နည်းနည်း (နည်းနည်းလေးပါပဲ) စိတ်ပြန်ရောက်လာလို့။ တော်ပါသေးရဲ့။ ဟီးဟီး။ ခုစာလုပ်နေရင်း ဖုန်တက်နေတဲ့ ဘလော့ဂ်ဘက် ခဏရောက်လာတာ။ ခု ပြန်သွားရတော့မယ်။ ခဏနေ ပြန်လာခဲ့မယ်နော်။ :)

谢谢! See you! :)

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...