Tuesday, November 30, 2010

လွမ်း

ချစ်သူ...

ငါ့ကို ဘယ်လိုပဲ ထားသွားထားသွား
နင် နေမှကောင်းရဲ့လား
နံနက်ခင်းတိုင်း အဖြေမရှိတဲ့ မေးခွန်း ငါ ထုတ်မိတယ်။

ငါ့ရင်အုံမှာ နင် စိုက်ခဲ့တဲ့ မြှားတစ်ချောင်း
သွေးစက်လက်နဲ့
တန်းလန်းကျန်နေခဲ့တာ ခုထိပဲ။

နင်ပင်ပန်းရင်
လာဝင်ခိုနိုင်တဲ့ သာလာယံ ဇရပ်လို
ဟောဒီ နှလုံးသားက ဆန့် တငန့်ငန့်နဲ့။

မျက်ရည်ပူတွေနဲ့ ...
တစ်ခါသေဖူးလည်း ပျဉ်ဖိုး နားမလည်နိုင်သေးတဲ့ ကောင်
ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာတွေနဲ့ ငါ ...
နင် ပြန်အလာကို ငံ့လင့် နေတုန်း...

ကြယ်ကြွေချိန်

Sunday, November 21, 2010

မိုး

“၀ုန်း” ခနဲ အသံကြောင့် ကျွန်တော် ငေါက်ခနဲ ထထိုင်လိုက်မိတယ်။ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ ကျွန်တော် ခုတင်ပေါ်မှာပဲ။ အလို... ငါအိပ်သွားတာပါလား။ အိပ်မက် လှလှလေးက တန်းလန်းကြီး ပြတ်ကျန်ရစ်ခဲ့ပြီ။ ကျွန်တော့် မင်းသမီးလေးနဲ့ ကျွန်တော် ပန်းခြံထဲမှာ လိုက်တမ်းပြေးတမ်း ကစားနေတာ။ ဟီးဟီး။ အဲ.. ကျွန်တော့် ခေါင်းရင်းမှာ ဖတ်လက်စ စာအုပ်က ဖွင့်လျက်သား။ သူ့ခမျာ မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို ပြန်လာဖတ်ပါတဲ့... ခေါ်နေရှာပြီ။

ကျွန်တော်ဂရုမစိုက်အား။ ခေါင်းတွေ ချာချာလည် မူးနေတာ။ အား.. ကျွတ်ကျွတ်။ ညက တစ်ညလုံး မအိပ်ဘဲ ရုပ်ရှင်ငမ်းနေတာကိုး။ ခုနလေးတင်မှ အိပ်ပျော်သွားပါတယ်။ အနှောင့်အယှက်ကလည်း များပါ့။ ကိုရွှေမိုးက ပယောဂ ကင်းကင်း ပေးမအိပ်ဘူး။ ခုနက ဘာအသံကြီးပါလိမ့်။ စပ်စုလိုက်ဦးမယ်။ ဂျက်ချထားတဲ့ ၀ရန်တာ တံခါးကို ဖွင့်တော့၊ အမလေး... အေးလိုက်တဲ့ လေတွေ။ ကောင်းကင် တစ်ခွင်လုံးလည်း ပိန်းပိတ်အောင် မည်းမှောင်နေတာများ ဘာနဲ့ တူလဲဆိုတော့ နှစ်ရှည်လများ မလျှော်ရသေးတဲ့ လက်နှီးစုတ်နဲ့တောင် တူတယ်။ မိုးတောင် တော်တော် သည်းနေပါပေါ့လား။ ဒါဆို အခုနက ကျွန်တော့် အိပ်မက် လှလှလေးတွေကို ဖျက်ဆီးခဲ့တဲ့ အသံကြီးက မိုးခြိမ်းသံပေါ့။

အားလားလား။ ခေါင်းတွေ နောက်လွန်းလို့ ၀ရန်တာမှာ ထိုင်ချလိုက်မိတယ်။ လေအေးတွေ တဖြူးဖြူးနဲ့ တယ်မဆိုးဘူးပဲ။ ကျွန်တော့် ရှေ့မှာ မြင်နေရတာက ခပ်မြင့်မြင့် အဆောက်အဦး LASALLE College of the Arts။ သူ့ရဲ့ ငွေရောင်တောက်တောက် ကျောင်း logo က မီးခိုးရောင် ကောင်းကင် နောက်ခံနဲ့ အတော်ကို ပနံရနေတာ။ ဒီ့ထက် ပိုမိုက်တာက “ဂျုံး”ခနဲဆို အဲ့ LASALLE နောက်က မီးခိုးရောင် background ကောင်းကင်ကြီး နှစ်ခြမ်းဆွဲဖြဲခံလိုက်ရတာပဲ။ မိုးကြိုးပစ်တယ် ခေါ်လား လျှပ်စီးလက်တယ် ခေါ်လား မသိပါဘူး။ ဒီမြို့မှာ ဒါ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။ အတော်မိုက်တယ်။

အဲ့ အလှအပတွေ ထိုင်ခံစားလို့ဖြင့် မ၀သေးဘူး။ အနှောင့်အယှက် က ၀င်ပြန်ပြီ။ စာလုပ်တဲ့။ ဦးနှောက်က အမိန့်ပေးနေတာ။ မနက်ဖြန် နောက်ဆုံး စာမေးပွဲလေ။ နောက်ဆုံး ဘာသာပဲ။ ဒါပြီးရင် ၀ဋ်ကျွတ်ပြီဗျ။ နောက်ဆုံး စာမေးပွဲတွေ ဘာတွေ လုပ်မနေနဲ့ဗျာ။ ကျွန်တော် စာမလုပ်ချင်တာက မလုပ်ချင်တာပဲ။ ဂရုမစိုက်ဘူး။ စာမေးပွဲများ လွန်ကို လွန်လွန်းတယ်။ ဒင်း နှိပ်စက်လို့ ဘလော့ဂ်တောင် အတော် ဖုန်တက်နေပြီ။ ဒီပို့စ်လေး ရေးပြီးရင်တော့ ပြန်အိပ်တော့မယ်။ အိပ်မက်လေးလည်း ဆက်တာပေါ့။ မိုးအေးအေးလေးနဲ့ ဘယ်လောက်တောင် ဇိမ်လဲနော်။ ဟီး... :D

ကြယ်ကြွေချိန်

Saturday, November 20, 2010

စာကြည့်တိုက်နှင့် တစ်ညတာ

ကျွန်တော် ဒီတလော စိတ်နဲ့လူ လုံးဝ မကပ်ပါဘူး။ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ ဘာကိုင်နေမိမှန်းလည်း မသိပါဘူး။ အသက်မပါသလိုပဲ။ စာမေးပွဲကလည်း နီးနေပြီ။ စာလုပ်ဖို့ စိတ်က လုံးဝ မရှိရေးချ မရှိ၊ ဘလော့ဂ် ဖက်လည်း မရောက်ဖြစ်နဲ့။ ဘာမှ ရေရေရာရာ ပြီးမြောက်အောင် မလုပ်ခဲ့ရသေးပါလားလို့ တွေးမိတိုင်း စိတ်ညစ်နေမိတယ်။ ဟိုတလောက ကျွန်တော် နေမကောင်းဘူးဆို ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို ပြောပြမိပါတယ်။ မာမား (တရုတ်ထုံးစံ၊ အမေ့ကို မာမားလို့ပဲ ခေါ်ပါတယ်။) ရွှေနားတော်ထဲ ဘယ်လိုဘယ်ပုံ ပေါက်ကြားသွားမှန်းမသိဘူး။ မနေ့က ချက်ချင်းကို ဖုန်းဆက်လာတာ။ ဆက်တဲ့ အချိန်ကလည်း ည နှစ်နာရီခွဲ။ “မာမား သမီးကို စိတ်ပူလို့” တဲ့။

ဒီနေရာမှာ မာမား ကျွန်တော့်ကို ဘာလို့ ညနှစ်နာရီခွဲ ကြီး ဖုန်းဆက်ရသလဲ လို့ မေးစရာဖြစ်လာပါတယ်။ ကျွန်တော် ရှင်းပြပါ့မယ်။

ရန်ကုန်မှာဆို ကျွန်တော့် နောက်ဆုံး (အနောက်ကျဆုံး) အိပ်ချိန်က ည ဆယ့်နှစ်နာရီပါ။ ပါပါးက ဒီ့ထက် နောက်ကျပြီးမှအိပ်ရင် ကျွန်တော် မအိပ်မချင်း အနားမှာထိုင်ပြီး စကားလုံးတွေ စက်သေနတ်ပစ်ပါတော့တယ်။ (“လူငယ်ဆိုတာ စောစောအိပ်ပြီး စောစောထရတယ်။ ဒါမှ လန်းဆန်းပြီး လုပ်စရာရှိတာ ကောင်းကောင်း လုပ်နိုင်မှာပေါ့” - ပါပါး ကျွန်တော့်ကို ပစ်နေကျ စကား ကျည်ဆံများထဲမှ အပစ်အများဆုံး ကျည်ဆံ တစ်တောင့် ... ဤကားစကားချပ်။) တစ်ခါတလေ ကျွန်တော်က ကျည်ကာအင်္ကျီဝတ်ထားရင် (ပြန်ရစ်နိုင်ရင်) ပါပါး ကျည်ဆံ တွေကို ခံနိုင်ပါတယ်။ များသောအားဖြင့်တော့ ကျွန်တော့်ဘက်က အလံဖြူထောင်ရတာ များပါတယ် (ဟီးဟီး)။ ပါပါးက လေသံ ပျော့ပျော့လေးနဲ့ တိုက်တွန်းယူတတ်တာမျိုးကိုး။ ကျွန်တော့် ပျော့ကွက်ကိုသိတယ်လေ။ ကျွန်တော်က ချော့ပြောရင် ပါသွားတတ်တဲ့ လူမျိုးဆိုတော့ (ဟောဗျာ... ကြော်ငြာက ၀င်ပြန်ပြီ။) ပါပါး ဗျူဟာအဆုံးမှာ လိမ်လိမ်မာမာ လက်မြှောက်အရှုံးပေး၊ အိပ်ရာထဲ မအိပ်ချင်အိပ်ချင်နဲ့ ထိုးဝင်အိပ်ရတာချည်းပဲ။

မာမားကတော့ ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့သူပေါ့။ အေးလေ... အမေဆိုတော့လည်း မသိပဲ ဘယ်နေပါ့မလဲ။ ကျွန်တော့်ကို ဖုန်းဆက်တိုင်း ညစောစော အိပ်ဖို့ မှာတတ်တယ်။ ကျွန်တော် ညည နောက်ကျမှ အိပ်တတ်တာ သိတာကိုး။ “သမီး... ည ညဥ့်နက်တဲ့ထိ မနေနဲ့နော်။ နေမကောင်းဖြစ်မယ်။” အမြဲ ကျွန်တော့်ကို မှာနေကျ။ ကျွန်တော် အိပ်ရေးပျက်ရင်၊ အိပ်ရာဝင်နောက်ကျရင် နေမကောင်းဖြစ်တတ်တာ သိတာကိုး။ ကျွန်တော်ကလည်း အလိုက်သင့် “ဟုတ်ကဲ့ပါ... အလွန်ဆုံးနေ၊ ညဆယ့်နှစ်နာရီပါပဲ” ပေါ့။

အဲ... စကားတွေက ရှည်ကုန်ပြီ။ အပေါ်က အကြောင်းအရာကို ဆက်ရဦးမယ်။ မာမားက ညနှစ်နာရီခွဲကြီး ကျွန်တော် အိပ်နေမယ်မှန်း သိရက်သားနဲ့ ဘာကြောင့်ဖုန်းဆက်သလဲ။ အကြောင်းကတော့ ကျွန်တော် ဖုန်းထဲမှာ ညာပြောနေခဲ့တာ သိလို့ပါပဲ။ “အာ.. မဟုတ်ပါဘူး .. မာမားကလည်း..” ကျွန်တော် ဘယ်လိုပဲ ငြင်းငြင်း၊ ကျွန်တော် ညာပြောနေတာကို အတပ်သိတယ်။ ဖုန်းထဲမှာဆို ကျွန်တော့် မျက်လုံးတွေ မမြင်ရတော့ ကျွန်တော်ပြောနေတာတွေ အဟုတ် ထင်နေမှာပဲလို့ တွေးထားခဲ့မိတာ ကျွန်တော် မှားပါလေရော။ အမေတွေများ ဖုန်းထဲက အသံ ကြားရုံနဲ့တင် သားတွေ သမီးတွေ ဘာဖြစ်နေလဲ စုံစမ်းထောက်လှမ်း ပြီးသား။

အဲ့တော့ မနေ့ညက မာမားဖုန်းဆက်ချိန် ကျောင်းစာကြည့်တိုက်မှာ သူငယ်ချင်းတစ်စုနဲ့ စာလုပ်နေချိန်ပါ။ (အမည်ခံ စာလုပ်သည်ဟု ဆိုသော်လည်း ရံဖန်ရံခါ Facebook ၊ Games ၊ ၀တ္ထု အစရှိသော ကြော်ငြာများလည်း ၀င်တတ်ပါသည်။) စာထဲ စိတ်ပါလွန်းလို့တော့ မဟုတ်ပါဘူး။ ဒီစာ ဒီအချိန်မှ မလုပ်ရင် စာမေးပွဲမှာ ဒုက္ခနဲ့ လှလှရော မြမြပါ တွေ့ကိန်းမြင်တယ်လို့ ဗေဒင်ဆရာက ဟောထားလို့ (သိပ်မှန်တာပဲနော် ဟီးဟီး)။

ကျွန်တော် law ဖတ်စာအုပ်ကြီး ရှေ့ချ စိမ်ပြေနပြေ ဖတ်နေတုန်း (ထင်ရတာပဲ... ခေါင်းကြီးငုံ့ပြီး စာဖတ်နေလား ငိုက်နေလားမသိ) စားပွဲက တုန်သွားလို့ လေ့လာလိုက်တော့ ကျွန်တော့်ဖုန်းက တုန်နေတာပဲ။ အိပ်ချင်မူးတူးနဲ့ဆိုတော့ ဖုန်းနံပါတ်လည်း မကြည့်မိ၊ ဒီတိုင်း Answer နှိပ်လိုက်မိတာ။

“Hello”။
“သမီးလား”။
“ဟုတ်ကဲ့”။ (ဘယ်သူ ဘယ်ဝါမှန်း မသိ။)
“သမီး ဘယ်မှာတုန်း”။
“ကျောင်းမှာ”။ (လွှတ်ခနဲ ဖြေလိုက်မိတယ်။ အိပ်ငွေ့မပြယ်သေးဘူး။ )
“ဟမ်၊ သမီး.. ကျောင်းမှာ ဒီအချိန်ထိ ဘာလုပ်နေတုန်း။ ဒီလောက်နောက်ကျနေပြီ။ အိမ်မပြန်သေးဘူးလား။ အိပ်ချိန်တောင် ကျော်နေပြီလေ။ မာမား ထင်သားပဲ..........” ဟင်? မာမား? အောင်မလေးတော်... မာမားအသံတောင် မမှတ်မိတော့ဘူး။ စိတ်တွေ လွှတ်ထွက်နေပုံများ ဖမ်းလို့ကို မမိတော့ဘူး။ သေပြီ သေပြီ။ ခုတော့ ကျွန်တော့် အသိတွေ ရုတ်တရက် တရစက် ၀င်လာတဲ့ စကားလုံး ကျည်ဆံတွေကြောင့် ပြန်စုစည်းလာပြီ။ သေပြီ။ ဒီတစ်ခါ တကယ်သေပြီ။ အလိမ်ပေါ်ကုန်ပြီ။ အဲ့ဒါနဲ့ ပဲ ကျွန်တော် စာကြည့်တိုက်မှာ စာလုပ်နေကြောင်း ရှင်းပြတော့ မာမားက... လူကဖြင့် နေကောင်းကောင်း မကောင်းသေးတာကို ညလုံးပေါက် စာထိုင်လုပ်နေရလားတဲ့... ကျွန်တော့်ကို ဆူပါတယ်။ ဆူပါ ဆူပါ။ အဆူမခံရတာ ကြာပြီဆိုတော့လည်း ကျွန်တော် ဘာမှ ပြန်မပြောမိပါဘူး။ အရင်ကဆို ပြန်ခံပြောနေကျ။ ခုတော့ ငြိမ်ငြိမ်လေး မာမား စက်သေနတ် ကျည်ဆံ ကုန်သွားတဲ့ အထိ ထိုင်နားထောင်နေလိုက်ပါတယ်။ “အင်း... ” “ဟုတ်ကဲ့...” တောင် မလိုက်မိဘူး။

ကျွန်တော့်ဘက်က ဘာအသံမှ မကြားရတော့ ဖုန်းလိုင်း ပြတ်သွားတယ် ထင်ပြီး “ဟဲ့ သမီး ကြားရလား” တဲ့။ မာမားအော်ပြောတော့မှ ကျွန်တော်လည်း “ဟုတ်ကဲ့” ပေါ့။ နောက် ကျွန်တော် ဘာဖြစ်မှန်းမသိပါဘူး။ ငိုချင်စိတ်တွေ ပေါက်လာတာနဲ့ ငိုချမိတယ်။ အဲ့ဒါက စာကြည့်တိုက်အပြင်ဘက် ခုံတန်းတွေမှာပါ။ ခုနတုန်းက ကျွန်တော် မာမားဆက်နေမှန်း သိတော့မှ အပြင် အမြန်ပြေးထွက်သွားမိတာကိုး။ စာကြည့်တိုက်ထဲမှာ စကားကျယ်ကျယ် ပြောလို့ မရဘူးလေ။ ပထမတော့ ကျွန်တော် ငိုချင်စိတ်ကို တားပါသေးတယ်။ မာမားက လိုတာထက် ပိုတွေးပြီး စိတ်ပူတတ်တဲ့ သူဆိုတော့ ဒီအချိန်မှာ အဲ့လိုကြီး မငိုသင့်ဘူးလေ။ ဒါကိုကျွန်တော်သိပါတယ်။ ဒါပေမယ့် မရတော့ဘူး။ မျက်ရည်တွေက တောက်လျှောက် စီးကျနေပြီ။ အီမို နေတာလား ဘာလား ကျွန်တော့်ကိုယ် ကျွန်တော်တောင် မသိပါဘူး။ စိတ်ညစ်နေတာပဲ သိတယ်။ ကျွန်တော် တော်တော်ကြာ ငိုနေမိတယ်။ မာမားလည်း ကျွန်တော်နဲ့အတူ မျက်ရည်ကျနေတယ်လို့ ထင်တာပဲ။ ကျွန်တော် ဘာအသံမှ မကြားပါဘူး။ နောက်ဆုံး ကျွန်တော် အိမ်ပြန်ချင်တဲ့ အကြောင်း ပြောလိုက်တော့မှ မာမား စကားပြန်ပြောတယ်။ “သမီး... အဲ့လို မချွဲနဲ့လေ... ကလေး မဟုတ်တော့ဘူး... စာကြိုးစား... လုပ်သင့်တာတွေ ကောင်းကောင်းလုပ်... ပြီးရင် အိမ်ပြန်ရမှာပေါ့...” ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော် အရမ်း ကလေးဆန်တယ်။ ခုထိ လူကြီးစိတ် မမွေးနိုင်သေးဘူး။ ထစ်ခနဲဆို စိတ်ကောက်မယ်။ စိတ်ညစ်ရင် ငိုမယ်။ ဘာမှ မစဉ်းစားဘဲ ပြောချင်ရာ ပြောချလိုက်မယ်။ သူငယ်ချင်းတွေကို အနိုင်ကျင့်မယ်။ ပတ်ဝန်းကျင်ကို တော်ရုံ ဂရုမစိုက်ဘူး။ ငိုလွယ် ပြုံးလွယ် ရယ်လွယ်တယ်။ တစ်နည်းပြောရရင်တော့ အပေါင်းအသင်း မ၀င်ဆံ့ပါဘူး။ ဒီအကျင့်တွေကို ဖျောက်ဖို့ရာလည်း ခုထိ မတတ်နိုင်သေးပါဘူး။

မနေ့ညက မာမားနဲ့ စကားပြောပြီးတော့ ကျွန်တော် အတော် နေလို့ ကောင်းသွားတယ်။ ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်စိတ်ကို ပြန်ရှာ တည့်မတ် ပေးခဲ့ တာကိုး။ ခုမှ စာဘက် နည်းနည်း (နည်းနည်းလေးပါပဲ) စိတ်ပြန်ရောက်လာလို့။ တော်ပါသေးရဲ့။ ဟီးဟီး။ ခုစာလုပ်နေရင်း ဖုန်တက်နေတဲ့ ဘလော့ဂ်ဘက် ခဏရောက်လာတာ။ ခု ပြန်သွားရတော့မယ်။ ခဏနေ ပြန်လာခဲ့မယ်နော်။ :)

谢谢! See you! :)

ကြယ်ကြွေချိန်

Tuesday, November 16, 2010

အမေ့အိမ်လေး

မနေ့ညတည်းက လူကနေလို့မကောင်းဘူး။ အစာအိမ်အောင့်ပြီး တစ်ချိန်လုံး အန်ချင်နေတာ ခုချိန်ထိပါပဲ။ ကျွန်တော်က ခန္ဓာရာသီဥတုနဲ့ စိတ်ရာသီဥတု တွဲနေတဲ့ လူဆိုတော့ နည်းနည်းလေး နေလို့မကောင်းဘူးဆိုရင် စိတ်ဓာတ်တွေပါ မြေကြီးထဲ ထိုးဆင်းကုန်တယ်။ အရင်က အစာအိမ် နာပြီဆို အမေက ဆေးတိုက်ပေး၊ ဆေးလိမ်းပေး၊ ဆန်ပြုတ် ပြုတ်တိုက်နေကျ။ ခုတော့ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်က အရာရာကို ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနေကျ လူတစ်ယောက်ပါ။ ဒါပေမယ့် ခုလို အချိန်ဆို အမေ့ကို အရမ်းသတိရမိတယ်။ အမေ့အိမ်လေးကို အပြေးကလေး ပြန်ချင်မိတယ်။

အမေက မကြာခဏ အော်ငေါက်တတ်တာကလွဲလို့ အမေ့အပြုံးလေးက အမြဲ အေးချမ်းပါတယ်။ သားတွေ သမီးတွေ နေမကောင်းဖြစ်ပြီဆို အမေက ပြာနေတတ်တာ။ အဖေ့ကို ဟိုဟာသွားဝယ်၊ ဒီဟာသွားဝယ်၊ ဟဲ့ ဒါတွေ သမီးမကြိုက်ဘူး၊ သားက ဒါမှကြိုက်တာ... သူတစ်ယောက်ထဲ စီမံ ခန့်ခွဲပြီး အဖေ့ကိုပါ ဆွဲထည့်နေကျ။ အဖေကတော့ တကယ်ကို ရေခဲတုံး ဖင်ခုထိုင်။ အရမ်းအေးတဲ့ လူဖြောင့်။ ဒါပေမယ့် သားသမီးတွေနဲ့ ပတ်သက်လာပြီဆိုရင်တော့ အမေရော အဖေပါ ပြာတတ်ကြတယ်။ အဲ့လိုပုံရိပ်တွေ မြင်ယောင်မိရင်း အမေနဲ့ အဖေကို အရမ်းတွေ့ချင်မိတယ်။

ကျွန်တော်က အပြင်ပန်းတော့ စိတ်ဓာတ် ခပ်မာမာ၊ အရာရာ ဥပေက္ခာ ပြုနိုင်တဲ့ လူတစ်ယောက်လို့ ထင်ရပေမယ့် ကျွန်တော့် အတွင်းစိတ်ကို ကျွန်တော်ပဲ နားလည်ပါတယ်။ ကျွန်တော့်ဆီ အမေဖုန်းဆက်ပြီဆို စကားဖြင့် မပြောရသေးဘူး။ မျက်ရည်က အရင်ဦးတယ်။ အဖေစာရေးပြီဆိုလည်း ခပ်ညစ်ညစ် စာရွက်ကလေး နွမ်းဖတ်သွားတဲ့အထိ မျက်ရည်က တပေါက်ပေါက်ကျနေတတ်တာ။ ဒါတွေကို ကျွန်တော်ပဲ သိပါတယ်။

နောက် နှစ်ပတ်လောက်ဆို အိမ်ပြန်ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ကို နွေးထွေးစေတယ်။ လာမယ့် စာမေးပွဲကြီးအတွက် အစွမ်းကုန်ကြိုးစားဖို့ အားပြည့်စေတယ်။ ခုလောလောဆယ်တော့ မုန်တိုင်းထန်နေတဲ့ ဒီအစာအိမ်ကြောင့် လုံးဝစာမကျက်နိုင်သေးပါဘူး။ သူငယ်ချင်းတချို့ ကျွန်တော့်အနားမှာ အားပေးနေတော့ ကျွန်တော် ခန္ဓာ နာလန်ထလာပေမယ့် စိတ်တွေကတော့ ပျံ့လွင့်နေဆဲ။ ကျွန်တော့် ပတ်ဝန်းကျင်ရေမြေ ပြောင်းလဲသွားပေမယ့် ကျွန်တော့်သိစိတ်က အသိတစ်ခုကတော့ ကျွန်တော့်ကို အမြဲ နွေးထွေးစေလျက်ပါ။ ကျွန်တော် ဘယ်နေရာပဲ ရောက်နေရောက်နေ ကျွန်တော်ပြန်အလာကို အမြဲ တံခါးဖွင့် ကြိုဆိုနေမယ့် အမေ့အိမ်လေးကတော့ ထာဝရ မပြောင်းမလဲ ရှိနေဦးမှာ။

ကြယ်ကြွေချိန်

Monday, November 15, 2010

စိတ်ချင်းအဖော်

သို့ - သူငယ်ချင်း

အို သူငယ်ချင်း
မငိုနဲ့မငိုနဲ့
မင်းမငိုရဘူး
ဒါလေးအတွက်နဲ့ မင်းမျက်ရည်ကျဖို့ ထိုက်တန်လို့လား
မတန်ဘူး မတန်ဘူး
မင်းမျက်ရည်တွေက ဒီ့ထက် အများကြီးတန်ဖိုးရှိတယ်
ဒါက အခိုက်အတန့် တဒင်္ဂလေးပဲ
နောက် ခဏလေးနေရင် ပျောက်သွားမှာ
ငါပြောပြမယ် နားထောင်နော်
မင်းမျက်ရည်တွေ သုတ်လိုက် သုတ်လိုက်
အို... အားလုံး မေ့လိုက်ပါကွယ်
မင်းမှာ ရှေ့ဆက်လျှောက်ရမယ့် မနက်ဖြန်တွေ အများကြီးရှိသေးတယ်
ခေါင်းမော့ပြီး ယုံကြည်မှု အပြည့်နဲ့ ဆက်လျှောက်စမ်းပါ
တစ်ယောက်ထဲ လျှောက်ရလည်း ဘာဖြစ်လဲ
ဘာမှမဖြစ်ပါဘူး ... မင်းစိတ်ဓာတ်တွေ ပိုတောင် ကြံ့ခိုင်လာဦးမယ်
မင်းလုပ်နိုင်တယ်လို့ ငါယုံကြည်တယ်
နော်.. သူငယ်ချင်း
မင်း ဘာပဲ ဖြစ်နေဖြစ်နေ
ဘယ်သူတွေက ဘာပဲပြောပြော
မင်းဘေးမှာ ငါအမြဲရှိနေမယ်
ငါတစ်ယောက်လုံး ရှိတယ်
မင်းမျက်ရည်တွေ သုတ်လိုက်... သုတ်လိုက်
ဖြေသိမ့်လိုက်ပါ... သူငယ်ချင်းရယ်

မှ - မင်းရဲ့ စိတ်ချင်းအဖော်

ကြယ်ကြွေချိန်

Because of you

Because of you, I learnt what friendship is.
Because of you, I learnt what trust is.
Because of you, I learnt what respect is.
Because of you, I learnt what care is.
Because of you, I learnt what merriment is.
Because of you, I learnt what felicity is.
Because of you, I learnt what passion is.
Because of you, I learnt what affection is.
Because of you, I learnt what love is.

As times went by,
Because of you, I learnt what segregation is.
Because of you, I learnt what loneliness is.
Because of you, I learnt what gloominess is.
Because of you, I learnt what dumbness is.
Because of you, I learnt what insomnia is.
Because of you, I learnt what rejection is.
Because of you, I learnt what sobbing is.

And, all because of you,
I still can't seem to learn what hatred is.

Kyel Kywai Chain

ကျွန်တော်၏ စိတ်ကူးအိပ်မက်များ

(၁) ၅နှစ် (သူငယ်တန်း)
ကျွန်တော် ငယ်ငယ်တုန်းက ဆရာဝန်ကြီး သိပ်ဖြစ်ချင်ခဲ့တယ်။ ကြီးလာရင် ဂျူတီကုတ် အဖြူဖားဖားကြီး ၀တ်ပြီး သွားလေရာ နားကြပ်လေးနဲ့ လူနာတွေ ဆေးကုပေးမယ်ပေါ့။ တောနယ်တွေထိသွားပြီး စေတနာ့ ဆရာဝန် လုပ်မယ်ပေါ့။ ကျွန်တော်က လူတစ်မျိုးဗျ။ ပိုက်ဆံတစ်ပြားမှ မရ၊ ကိုယ့်အိတ်စိုက်ပြီး လုပ်ရမယ့် အလုပ်ဆို ရှယ်ဝါသနာ။ ၁၀ တန်းပြီးလို့ တကယ်တမ်း ဆေးတက္ကသိုလ် တက်ရတော့ ဒီဆေးပညာကို အရမ်းစိတ်ဝင်စားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးပညာနဲ့ ကျွန်တော် မအပ်စပ်ဘူးဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ဒီ အိပ်မက် က အစပျိုးမှာတင် အကောင်အထည်မပေါ်ခဲ့ပါဘူး။

(၂) ၁၀နှစ် (၅တန်း)
ကျွန်တော် ငယ်ငယ်တည်းက (အခုချိန်ထိ) ကိတ်မုန့် အရမ်းကြိုက်တယ်။ ချိုတဲ့ အရာမှန်သမျှ အကုန်ကြိုက်တယ်။ အချိုတွေ စားလွန်းလို့ ငယ်သွားတွေ တစ်ချောင်းမှ မကျန်အောင် ပိုးစားလို့ အကုန် နှုတ်ပစ်ခဲ့ရတာလည်း ဒီတစ်သက် မမေ့နိုင်ဘူး။ ကွတ်ကီး၊ ဂျယ်လီ၊ သကြားလုံး၊ ချိုချဉ်၊ ရေခဲမုန့်၊ နောက်ဆုံးဘိတ်... မီးဖိုထဲက သကြားဘူးတောင် လစ်ရင်လစ်သလို နှိုက်နှိုက်စားတာ အမေ့ဆူခံထိလို့ ကြက်မွှေးနဲ့ ညားပေါင်းလည်း မနည်းတော့ပါဘူး။ အကြိုက်ဆုံးကတော့ ကိတ်မုန့်နဲ့ ကွတ်ကီးတွေပေါ့။ အဲ့တော့ ၅တန်း ၆တန်းလောက်မှာ ကိတ်မုန့်ဆိုင် အကြီးကြီးဖွင့်ချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့ဖူးတယ်။ အဲ့ အိပ်မက်က အကြီးအကျယ်ကို ရူးသွပ်ခဲ့တာ။ ခုထိလည်း ရူးနေတုန်းပါပဲ။ အမေက ကိတ်မုန့် ပေါင်မုန့် အစုံလုပ်တတ်ပေမယ့် ကျွန်တော်က အဲ့လို ပါရမီမပါဘူး။ ၀ါသနာအရ ကြုံရင်ကြုံသလိုတော့ စမ်းလုပ်ကြည့်ဖူးတယ်။ အခုလက်ရှိ ကျွန်တော် မလုပ်မဖြစ် အလုပ်တွေ၊ မသင်မဖြစ် ပညာတွေ သင်နေရပေမယ့် တစ်နေနေ့ တစ်ချိန်ချိန်တော့ (ဘယ်အချိန်လဲတော့ မသိပေမယ့်) ကျွန်တော့်ရဲ့ အိပ်မက်ထဲက ကိတ်မုန့်တူးနံ့လေး သင်းနေတဲ့ ကိတ်မုန့်ဆိုင်လေး အကောင်အထည်ပေါ်လာနိုင် ကောင်းပါရဲ့။

(၃) ၁၅-၁၆နှစ် (၁၀တန်း)
၁၀တန်းတုန်းက ကျွန်တော့်ကို အမေတို့ အဖေတို့က စာပဲ တစ်ချိန်ကုန် ကျက်ခိုင်းစေခဲ့တယ်။ နဂိုကတည်းက အချုပ်အနှောင် မကြိုက်တဲ့ကျွန်တော်က ၁၀တန်းမို့ အောင့်အည်းသည်းခံပြီး လိမ်လိမ်မာမာ စာလုပ်ခဲ့ရတာ၊ ၁၀တန်း ပြီးလို့ကတော့ လွတ်လွတ်လပ်လပ် ငါလုပ်ချင်တာလုပ်မယ်၊ ဘယ်သူမှ မတားနဲ့၊ အဲ့လို တင်းထားတာပေါ့။ အဲ့ဒီတုန်းက တစ်နေကုန် ကျောင်း၊ ကျူရှင်၊ အိမ်၊ guide၊ ဒီသံသရာကို တစ်နှစ်ပတ်လုံး ပက်ကြားထပ်နေခဲ့ရတော့ တစ်ခါတလေ ကျွန်တော်လေ ဒီ နိစ္စဒူဝကနေ ထွက်ပြေးချင်မိတယ်။ လျှောက်သွားမယ်။ လျှောက်စားမယ်။ ကမ္ဘာအနှံ့ ခရီးထွက်မယ်။ ရွက်လွှင့်မယ်ပေါ့။ ကျွန်တော်က စာတွေချည်းပဲကျက် အလုပ်ချည်းပဲလုပ်၊ အဲ့လို ဘ၀မျိုးမှာ မနေချင်ဘူး။ နေလည်းနေနိုင်မယ် မထင်ဘူး။ အလုပ်လုပ်နေခိုက်လည်း ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။ အဲ့ဒါနဲ့ အကိုက်ညီဆုံး အလုပ်တစ်ခု ကျွန်တော်ရုတ်တရက် စဉ်းစားမိတယ်။ Tour guide... ။ ဟုတ်တယ်ဗျ... Tourist guide။ ၁၀တန်းဖြေပြီးတာနဲ့ အမေတို့ အဖေတို့ကို tour guide လုပ်ပါရစေလို့ ခွင့်တောင်းတော့ ခါးခါးသီးသီးကို ငြင်းတယ်ဗျ။ ငါတို့မွေးထားတဲ့ သမီးမိန်းကလေးက tour guide တော့ ဘယ်တော့မှ မလုပ်ရဘူးလို့ အဖေက ရာဇသံထုတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော့်ရဲ့ tour guide ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်လေး လွင့်ပြယ်ခဲ့ရပြန်ပါရော။ တစ်ခုပြောပြမယ်နော်။ အလုပ်တစ်ဖက်နဲ့ ကမ္ဘာအနှံ့ ခရီးသွားချင်တဲ့စိတ်ကူးကိုတော့ ခုထိလက်မလျှော့နိုင်သေးတာ အမှန်ပါ။

(၄) ၂၀နှစ် (တက္ကသိုလ်)
ကျွန်တော် အခု တက္ကသိုလ် ကျောင်းပညာတွေ သင်နေရပေမယ့် ကျွန်တော်တကယ်လုပ်ချင်တာ ဒီပညာတွေနဲ့ ကိုယ်ပိုင်အလုပ် လုပ်ဖို့သက်သက် မဟုတ်ဘူး။ စိတ်ကူးယဉ်ရတာ မွေးရာပါဝါသနာဆိုတော့လည်း တစ်ချိန်လုံး စိတ်ကူးတွေ ရွက်လွှင့်နေမိတာပေါ့လေ။ ဒီကြားထဲ စန္ဒရား ပညာရှင်ကလည်း ဖြစ်လိုက်ချင်သေးတယ်ဗျ။ အဖြစ်ချင်ဆုံးကတော့ စာရေးဆရာ။ အဲ့လောက်ထိ လေထဲတိုက်အိမ်ဆောက်ရတာ ၀ါသနာပါတဲ့ကျွန်တော့်မှာ စိတ်ကူးသေးသေးလေး တစ်ခုတော့ရှိတယ်။ ကျွန်တော့် စိတ်ကူးလေးကဒီလို။

ဒီပညာတွေ သင်ပြီးရင် အကူအညီ လက်ကမ်းဖို့ လိုနေတဲ့ ကမ္ဘာ့နေရာ အနှံ့ကို ကျွန်တော်သွားမယ်။ ကျွန်တော်တို့ ကမ္ဘာက ပြီးပြည့်စုံအောင် လှပနေတဲ့ ကမ္ဘာကြီး မဟုတ်သေးဘူး။ ဥပမာ အာဖရိကမှာဆိုရင် ငတ်မွတ်ခေါင်းပါးမှုတွေ ရင်ဆိုင်နေရတုန်းပဲ။ မသန့်ရှင်းတဲ့ရေကြောင့် နှစ်စဉ် အပြစ်ကင်းတဲ့ ကလေးသူငယ်တွေ သန်းနဲ့ချီ ဆုံးရှုံးနေရတုန်းပဲ။ ကိုယ့် မြန်မာနိုင်ငံမှာလည်း ဘက်ပေါင်းများစွာက အကူအညီလိုနေသူတွေ ဒုနဲ့ဒေး။ ဒါကြောင့် ကျွန်တော်တတ်တဲ့ ဒီပညာအနည်းငယ်နဲ့ သူတို့ကို တတ်နိုင်သလောက် ကူညီချင်တယ်။ ဒီအိပ်မက်လေးကတော့ သိပ်မလိုတော့တဲ့ နောင်တစ်ချိန်မှာ အကောင်အထည်ပေါ်နိုင်တယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချိန်ထဲမှာပဲ ကျွန်တော့်ရဲ့ အလုပ်တာဝန်တစ်ဖက်နဲ့ ခရီးရွက်လွှင့်ချင်တဲ့ အိပ်မက်လေးလည်း ပြည့်နိုင်တာပေါ့လေ။ ဟုတ်ဘူးလား ဟီးဟီး။

အသက် ၂၅၊ ၃၀၊ ၃၅၊ ၄၀ ကျရင်တော့ ဘယ်လိုဖြစ်မလဲ ကျွန်တော် မပြောတတ်သေးပါဘူး။ ဖြစ်နိုင်တာကတော့ အဖွဲ့အစည်းတစ်ခုခုနဲ့ ကျွန်တော် တောင်အာဖရိကမှာ အလုပ်လုပ်နေလောက်မယ် ထင်တာပဲ။ ဟက်ဟက် :D

မှတ်ချက်။ အထက်ပါ အကြောင်းအရာများသည် ကျွန်တော်ဖြစ်ချင်သော ကျွန်တော် လေထဲတိုက်အိမ်ဆောက်ခဲ့သော စိတ်ကူးအိပ်မက်များကို ချရေးထားခြင်း သက်သက်သာ ဖြစ်ပါသည်။ စကားကြီး စကားကျယ် ပြောနေခြင်းလည်း မဟုတ်ပါ။ ကျွန်တော်၏ ပေါက်တတ်ကရ လေးဆယ်ကို အချိန်ကုန်ခံ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း...

ကြယ်ကြွေချိန်

Sunday, November 14, 2010

The "You"

Other people walk in and outta my life,
You are the one who makes things right.

No matter how others make me down,
You are the one who enthrones me crown.

At times when misery forces me to cry,
You are the one who sings me a lullaby.

The moments in my life when storms blew,
You are the one who chases away my blues.

Despite our constantly involved fights,
You are the only one I say good night.

Dear, please be by my side forever.
Coz' I can be without you never.

Kyel Kywai Chain

Saturday, November 13, 2010

အိပ်ရာဝင် အနမ်းတစ်ပွင့်

ကျွန်မ တစ်ချိန်က သူနာပြု အဖြစ် ဘိုးဘွားများပြုစုစောင့်ရှောက်ရေးဂေဟာမှာ ညနေဘက် ဂျူတီဆင်းရပါတယ်။ ဂျူတီချိန်တိုင်း ဒီကော်ရစ်ဒါတွေမှာ ကျွန်မအမြဲ လမ်းလျှောက်တတ်တယ်။ ရည်ရွယ်ချက်တစ်ခုက အခန်းတိုင်းရဲ့တံခါးဝတိုင်းမှာ ရပ်ပြီး စကားစမြည်ပြောဖို့ရယ်၊ နောက်တစ်ခုက ဘိုးဘွားတွေရဲ့ အခြေအနေကို လေ့လာအကဲခတ်ဖို့ရယ်ပေါ့။

အဲ့ဒီမှာ ကိတ် နဲ့ ခရစ်(စ်) ကတော့ အမြဲတမ်း သူတို့ရဲ့ ဓာတ်ပုံအယ်လ်ဘမ် အကြီးကြီးတွေကို သူတို့ ပေါင်ပေါ်မှာ တင်၊ ဓာတ်ပုံတွေ လှန်လှောကြည့်ရင်း ငယ်ငယ်တုန်းက အကြောင်းတွေ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောင်းပြောပြနေတတ်ကြတယ်။ ကိတ်က ကျွန်မကို မကြာခဏဆိုသလို ဟိုးအရင်အချိန်တွေတုန်းက သူတို့ဓာတ်ပုံတွေကို အားရကျေနပ်စွာ ပြတတ်တယ်။ ဓာတ်ပုံတွေထဲမှာတော့ ခရစ်(စ်)က အရပ်မြင့်မြင့်၊ ခပ်ချောချော၊ ရွှေရောင်ဆံပင်နဲ့ ခန့်ခန့်ညားညား လူငယ်လေး။ ကိတ်ကတော့ အနက်ရောင်ကေသာပိုင်ရှင်၊ နှစ်လိုဖွယ်ကောင်းစွာ ပြုံးတတ်သူ မိန်းမချောလေး။ ဓာတ်ပုံတွေထဲက ဒီငယ်ရွယ်တဲ့ ချစ်သူနှစ်ဦးရဲ့ အပြုံးဟာ အချိန်ရာသီတွေ ဘယ်လိုပဲ ပြောင်းသွားသွား ထာဝရစွဲထင်ကျန်နေမယ့် အမှတ်တရပဲပေါ့။

ကြည့်စမ်းပါဦး။ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်သလဲ။ နှစ်ယောက်သား အတူတူထိုင်ပြီး အယ်လ်ဘမ်ထဲက သူတို့ရဲ့ ချိုမြိန်တဲ့အတိတ် အမှတ်တရတွေအကြောင်း ပြန်ပြောင်းသတိရရင်း ရယ်ပြုံးနေလိုက်ကြတာ။ ပြတင်းပေါက်က ထိုးကျနေတဲ့ အလင်းတန်းတွေဟာ သူတို့ရဲ့ ဖွေးဖြူနေတဲ့ ဆံကေသာပေါ်မှာ ထင်ဟပ်နေပြီး အဲ့အလင်းတန်းတွေအောက်မှာမှ အမြဲပြုံးနေတတ်တဲ့ အရေးအကြောင်းတွေ အပြည့်နဲ့ မျက်နှာလေးနှစ်ခု။

ကျွန်မ အမြဲတွေးမိတာ တစ်ခုရှိတယ်။ လူငယ်တွေ အချစ်အကြောင်း ဘယ်လောက်ထိ အပေါ်ယံသာ သိကြသလဲပေါ့။ ဒီလောက် နက်ရှိုင်းတဲ့ အရာတစ်ခုကို သူတို့ ပိုင်ဆိုင်နေပြီဆိုတဲ့ သူတို့ရဲ့ ဆယ်ကျော်သက် အတွေးဟာ ဘယ်လောက်တောင် ရူးမိုက်သလဲပေါ့။ လူကြီးတွေသာ တကယ့်အချစ်စစ်က ဘာလဲဆိုတာကို သိကြပါတယ်။ လူငယ်တွေဆိုတာကတော့ မေတ္တာစစ်ဆိုတာ ဘာလဲဆိုတာကို မှန်းဆရုံလေးပဲ တတ်နိုင်သူတွေပါ။

တစ်ခါတလေ ကျွန်မတို့ ဂေဟာ ၀န်ထမ်းတွေ ညနေစာ စားချိန်ဆို ကိတ်နဲ့ ခရစ်(စ်)က အတူတူ လက်တွဲပြီး ထမင်းစားရုံဘေးကနေ ခပ်ဖြည်းဖြည်း ဖြတ်လျှောက်သွားတတ်တယ်။ အဲ့လိုအချိန်တွေဆို ကျွန်မတို့ရဲ့ စကားဝိုင်းက ဒီချစ်သူနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်အကြောင်း လမ်းကြောင်း ပြောင်းသွားတတ်တယ်။ တကယ်လို့သာ သူတို့ထဲက တစ်ယောက်ယောက် မရှိတော့ရင် ကျန်တဲ့တစ်ယောက် ဘယ်လိုဖြစ်သွားမလဲပေါ့။ ခရစ်(စ်)က သန်မာသူတစ်ယောက်ဖြစ်ပြီး ကိတ်ကတော့ ခရစ်(စ်)အပေါ် အမြဲမှီခိုနေရသူဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။

“တကယ်လို့ ခရစ်(စ်)သာ အရင်သွားရမယ်ဆိုရင် ကိတ်တစ်ယောက် ဘယ်လိုများ ရှေ့ဆက်ရှင်သန်မလဲ?” ကျွန်မတို့ အမြဲပဲ တွေးမိကြပါတယ်။

ဒီချစ်သူနှစ်ဦး အိပ်ရာဝင်ချိန်တိုင်း ပုံမှန်လုပ်နေကျ အရာတစ်ခုရှိပါတယ်။ ညနေခင်း ကျွန်မ ဆေးတိုက်ချိန်တွေဆို ကိတ်က သူမရဲ့ ညအိပ်အင်္ကျီ နဲ့ ခြေညှပ်ဖိနပ်လေးကို ၀တ်ဆင်ပြီး ထိုင်နေကျ ထိုင်ခုံလေးမှာ ကျွန်မကို ထိုင်စောင့်နေတတ်တယ်။ ခရစ်(စ်)နဲ့ ကျွန်မရှေ့မှာပဲ သူမ ဆေးကိုသောက်တယ်။ ပြီးတာနဲ့ ခရစ်(စ်)က သူမကို ဂရုတစိုက်နဲ့ သူမထိုင်ခုံကနေ ခုတင်ပေါ်ကို တွဲထူပေးတယ်။ ပြီးရင် သူမရဲ့ ဖျော့တော့ ချိနဲ့နေတဲ့ ခန္ဓာကိုယ်လေးပေါ်မှာ ဂွမ်းစောင်ကို အသာအယာ ခြုံပေးပါတယ်။

ဒီလောက် ကြင်နာယုယတဲ့ သူတို့အချစ်ကို မြင်တိုင်း ကျွန်မ အကြိမ်တစ်ထောင်မြောက် တွေးမိတယ်။ ဘုရားရေ... ဘာလို့များ ဂေဟာက ဒီလို ချစ်သူစုံတွဲတွေအတွက် နှစ်ယောက်အိပ်ခုတင် မထားပေးရတာလဲလို့ပေါ့။ သူတို့ဘ၀တစ်လျှောက်လုံး အတူတူအိပ်လာခဲ့တာ၊ ဒီဂေဟာရောက်မှ တစ်ယောက်အိပ်ခုတင်နဲ့ အိပ်ကြရတယ်။ သူတို့ရဲ့ ရှေ့ဆက်ဘ၀တစ်လျှောက်လုံး ညတိုင်း ညတိုင်း နွေးထွေးကြည်နူးမှုဆိုတာ မရှိနိုင်တော့ဘူးပေါ့။

ဒီလိုနဲ့ ခရစ်(စ်)တစ်ယောက် ကိတ်ရဲ့ခုတင်ဆီသွားပြီး ခေါင်းရင်းဘက်က မီးခလုတ်ကို ပိတ်လိုက်တယ်။ ဒါကိုကြည့်ရင်း ကျွန်မ ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်တဲ့ ဂေဟာစည်းကမ်းတွေပါလိမ့် လို့ တွေးမိတယ်။ ပြီးတာနဲ့ သူဟာ ကိတ်ကို အကြင်နာ အနမ်းတစ်ပွင့် ငုံ့ပေးလိုက်တယ်။ သူမရဲ့ ပါးပြင်ကို နူးညံ့စွာ ထိတွေ့ရင်း သူတို့နှစ်ယောက်လုံး အပြုံးချင်း ဖလှယ်ကြတယ်။ ဒီ့နောက် သူမရဲ့ ခုတင်ဘေး လက်ရန်းအကာကို ဆွဲတင်ပြီးမှသာ ကျွန်မဘက် လှည့်လာပြီး သူ့ဆေးကို သောက်တယ်။ ကျွန်မ ကော်ရစ်ဒါဘက် ပြန်လျှောက်ထွက်လာချိန်ဆို ခရစ်(စ်)ရဲ့ “ကောင်းသောညပါ ကိတ်” လို့ဆိုသံကို ကြားရတယ်။ အခန်းလေးရဲ့ လေထုဟာ သူတို့ခုတင်နှစ်ခုကို ခြားနားထားပေမယ့် ကိတ်ရဲ့ “ကောင်းသောညပါ ခရစ်(စ်)” လို့ ပြန်ပြောသံလေးကိုလည်း အမြဲကြားရစမြဲ။

ကျွန်မ ဒီနှစ်ရက် ဂျူတီနားရပါတယ်။ အလုပ်ပြန်လာတဲ့ရက်၊ ဂေဟာတံခါးဝရောက်တာနဲ့ ကျွန်မ ပထမဆုံး ကြားရတဲ့ သတင်းက “ခရစ်(စ်) ဆုံးသွားပြီ။ မနေ့က မနက်ပိုင်းပဲ”။
“ဘာ... ဘယ်လိုဆုံးသွားတာလဲ။”
“ရုတ်တရက် နှလုံးရပ်သွားတာ။ အရမ်းကို မြန်ဆန်လွန်းသွားတယ်လေ။”
“ကိတ်အခြေအနေရော?”။
“သိပ်မကောင်းလှဘူး”။

ကျွန်မ ကိတ်အခန်းလေးထဲ ရောက်သွားချိန်မှာတော့ သူမက သူမထိုင်နေကျ ထိုင်ခုံလေးမှာ မလှုပ်မယှက်၊ လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ယှက်တင်ပြီး၊ တစ်ခုခုကို စိုက်ငေးကြည့်နေတယ်။ သူမ လက်ဖ၀ါးကို ဆုပ်ကိုင်ရင်း ကျွန်မပြောလိုက်တယ်။ “ကိတ်... ကျွန်မ ဖစ်လစ်(စ်)လေ...။” သူမရဲ့ မျက်လုံးသေတွေက မလှုပ်မယှက် ငေးနေတုန်းပဲ။ ကျွန်မ သူမ မေးစေ့ကို ဖြည်းညင်းစွာ ဆွဲကိုင်ပြီး သူမကို ကျွန်မဘက် လှည့်လိုက်စေရင်း ထပ်ပြောတယ်။ “ကိတ်... ကျွန်မ ခရစ်(စ်) အကြောင်း အခုပဲ ကြားလိုက်ရတယ်။ ကျွန်မ တကယ်စိတ်မကောင်းပါဘူး။”

“ခရစ်(စ်)” ဆိုတဲ့ စကားလုံးလေးကို အကြားမှာတော့ သူမ မျက်လုံးတွေ အသက်ပြန်ဝင်လာတယ်။ ကျွန်မကို ပဟေဋိဆန်စွာ စိုက်ကြည့်နေရင်း ကျွန်မ ဒီအခန်းထဲ ဘယ်လိုများ ရုတ်တရက်ကြီး ရောက်လာသလဲလို့ အဖြေထုတ်နေပုံ ပေါ်ပါတယ်။ ကျွန်မ ထပ်ပြောလိုက်တယ်။ “ကိတ်... ကျွန်မ ဖစ်လစ်(စ်)လေ... ကျွန်မ ခရစ်(စ်)အကြောင်းကြားရတာ တကယ်ကို စိတ်မကောင်းပါဘူး...”။

သတိ၊ အသိ နဲ့ အမှတ်တရတွေ သူမ မျက်နှာပေါ် လွှမ်းမိုးသွားတယ်။ မျက်ရည်တွေ ရုတ်တရက် ၀ဲတက်လာပြီး သူမရဲ့အရေးအကြောင်းတွေကနေတစ်ဆင့် အောက်ကိုလျှောဆင်းသွားကြတယ်။ သူမ ခပ်တိုးတိုးလေး ပြောတယ်။ “ခရစ်(စ်) မရှိတော့ဘူး...”။
“ကျွန်မသိပါတယ်။ ကိတ်ရယ်... ကျွန်မသိပါတယ်။”

အဲ့နောက်ပိုင်း ကျွန်မတို့ အားလုံး ကိတ်ကိုသေသေချာချာ ဂရုစိုက်ခဲ့ကြတယ်။ သူမကို သူမအခန်းထဲမှာပဲ ထမင်းစားစေတယ်။ သူမကို အရင်ကထက် အများကြီး ပို ပြုစုခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းရက်တွေမှာတော့ တဖြည်းဖြည်းနဲ့ သူမကို ယခင်ပုံမှန် ဂေဟာ စည်းကမ်းတွေအတိုင်း ပြန်နေစေခဲ့ရပါတယ်။

မကြာခဏဆိုသလို ကျွန်မ ဖြတ်သွားတိုင်း ကိတ်တစ်ယောက် ထိုင်နေကျထိုင်ခုံလေးမှာ ထိုင်ရင်း ပေါင်ပေါ်မှာ အယ်လ်ဘမ်လေးကိုတင်လို့၊ ခရစ်(စ်)ရဲ့ ဓာတ်ပုံတွေကို ၀မ်းနည်းကြေကွဲစွာ ငေးကြည့်နေတာကိုပဲ တွေ့ရဆဲပါ။

အိပ်ရာဝင်ချိန်ဟာ သူမအတွက် တစ်နေ့တာ အခက်ခဲဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ သူမ တောင်းဆိုချက်အရ ခရစ်(စ်)ရဲ့ အိပ်ရာမှာ ပြောင်းအိပ်ခွင့်ရခဲ့တယ်။ ၀န်ထမ်းတွေကလည်း သူမအိပ်ခါနီး ဂွမ်းစောင်ကို ခြုံပေးရင်း သူမ ပျော်ရွှင်အောင် စကားစမြည်ပြော၊ ရယ်မောနေခဲ့ကြပေမယ့် ကိတ်ကတော့ စကားတစ်ခွန်းမှ မဟဘဲ ဆိတ်ဆိတ်နေကာ အထီးကျန်နေဆဲပါပဲ။ သူမကို သိပ်ခဲ့ပြီး တစ်နာရီအကြာ ကျွန်မ အခန်းလေးရှေ့က ဖြတ်သွားချိန်ထိတိုင် သူမ နိုးနေတုန်းပဲ။ မျက်လုံးတွေကြောင်နေပြီး မျက်နှာကျက်ကိုသာ ငေးကြည့်နေဆဲ။

ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပေမယ့် ကိတ်ရဲ့ အိပ်ရာဝင်ချိန်ကတော့ နည်းနည်းမှ ထူးခြားမလာခဲ့ပါဘူး။ သူမကိုကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘဲ တစ်ခုခုကို ကြောက်ရွံ့ပြီး ဂဏာမငြိမ်ဖြစ်နေတယ်။ သူမကိုယ်သူမ လုံခြုံမှု ကင်းမဲ့တယ်လို့ ခံစားနေရပုံပါပဲ။ ဘာကြောင့်ပါလိမ့် လို့ ကျွန်မ တွေးမိတယ်။ သူမအတွက် ဒီအိပ်ရာဝင်ချိန်က တခြား နေ့ဘက်အချိန်တွေထက် ဘာကြောင့်များ ပိုခက်ခဲ ရှည်လျားနေရသလဲပေါ့။

ဒီလိုနဲ့ တစ်ည ကျွန်မ သူမအခန်းထဲ ရောက်သွားခဲ့ချိန်မှာလည်း အရင်ညတွေလိုပဲ မျက်လုံးကြောင်ပြီး လုံးဝ နိုးနေတဲ့ ကိတ်ကို တွေ့ရတယ်။ “ကိတ်... မင်းရဲ့ အိပ်ရာဝင် အနမ်းကိုများ သတိရနေတာလား...?” ကျွန်မ ဘာမှမတွေးမိဘဲ ရုတ်တရက် မေးလိုက်မိတယ်။ ဒီ့နောက် ကျွန်မ သူမရဲ့ အရေးအကြောင်းတွေနဲ့ ပါးပြင်ကို ငုံ့နမ်းလိုက်မိတယ်။

ကျွန်မ ရေကာတာတံခါးကို ဖွင့်ပေးလိုက်မိသလိုပဲ။ မျက်ရည်ပေါက်တွေ သူမပါးပြင်ပေါ် တရကြမ်း ပြေးဆင်းလာကြတယ်။ သူမလက်တွေကလည်း ကျွန်မ လက်တွေကို တင်းရင်းစွာ ဆုပ်ကိုင်ထားလို့ပေါ့။ “ခရစ်(စ်)က ငါ့ကို အမြဲ အိပ်ရာဝင် အနမ်း ပေးနေကျ...” သူမ ပြောရင်း ရှိုက်ငိုတယ်။

“ကျွန်မသိပါတယ် ကိတ်ရယ်...” ကျွန်မ ခပ်တိုးတိုးပဲ ပြောမိတယ်။
“ငါသူ့ကို အရမ်းသတိရတယ်။ ငါ့ကို ဒီနှစ်တွေ တောက်လျှောက် သူ အိပ်ရာဝင် အနမ်းတွေ ပေးခဲ့တာလေ...”။ ကျွန်မ သူမ မျက်ရည်တွေကို သုတ်ပေးနေစဉ် သူမ စကားလုံးတွေခဏရပ်ပြီး ပင့်သက်ရှိုက်လိုက်တယ်။ “ငါလေ... သူ့အနမ်းတွေ မရှိဘဲနဲ့ အိပ်မပျော်နိုင်ဘူးထင်တယ်...”။

သူမ ကျေးဇူးတင်တဲ့ မျက်လုံးအစုံနဲ့ ကျွန်မကို မော့ကြည့်ရင်းပြောတယ်။ “အိုး... မင်းရဲ့ အနမ်းအတွက် ကျေးဇူးတင်ပါတယ်။”

သေးငယ်တဲ့ အပြုံးလေး တစ်ပွင့်ကို ကိတ်ရဲ့ နှုတ်ခမ်းထောင့်လေးမှာ ကျွန်မ တွေ့လိုက်ရတယ်။ “မင်းသိလား...” သူမက လျှို့ဝှက်စွာ ပြောတယ်။ “ခရစ်(စ်)က ငါ့ကို သီချင်းလေးတစ်ပုဒ် အမြဲ ဆိုပြလေ့ရှိတယ်။”
“အိုး... ဟုတ်လား။”
“ဟုတ်တယ်” သူမ ခေါင်းကို ငြှိမ့်ရင်းပြောတယ်။ “ငါ ညတိုင်း သူ့ရဲ့ ဒီခုတင်ပေါ်မှာ လှဲရင်း အဲ့ဒီ သီချင်းလေးအကြောင်းကို တွေးမိတယ်လေ။”
“ဘယ်လို သီချင်းလေးများလဲ... ကိတ်။”

ကိတ်က ပြုံးပြီး ကျွန်မလက်ကို ဆုပ်ကိုင်လို့ သူမ လည်ချောင်းကို ရှင်းလိုက်တယ်။ ပြီးတော့ သူမရဲ့ ဇရာကြောင့် တိုးညင်းနေပေမယ့် သံစဉ်အပြည့်ရှိနေဆဲ အသံလေးက ဒီသီချင်းလေးထဲမှာ ဖြည်းညင်းစွာ လိုက်ပါလွင့်မျောလာတယ်လေ။

“ချစ်သူရဲ့ အနမ်းတစ်ပွင့် အဆုံးမှာမှ ငါတို့ကို ခွဲခွာခွင့်ပေးပါ။
ငါ အလွန်အိုမင်းပြီး အိပ်မက်ညတွေ ဆက်မမက်နိုင်တော့သည့်တိုင်
အဲ့ဒီ အနမ်းတစ်ပွင့်က ငါ့နှလုံးသားထဲမှာ အမြဲထာဝရ ထင်ကျန်နေမှာပါ။”



Phyllis Volkens ရဲ့ Chicken Soup for the Woman's Soul ထဲက A Goodnight kiss ကို ဘာသာပြန်ပြီး share ပါတယ်။ ပထမဆုံးအကြိမ် ဘာသာပြန်ရေးတာမို့ စကားလုံးအသုံးအနှုန်းများ မှားယွင်းလွဲချော်နေခဲ့လျှင် တောင်းပန်ပါကြောင်း...

ကြယ်ကြွေချိန်

Wednesday, November 10, 2010

“ဟုတ်ကဲ့”

တစ်နေ့ထက် တစ်နေ့
ပိုပို များလာတဲ့ “ဟုတ်ကဲ့” တွေ
နားနဲ့မဆန့်တော့ဘူး
သည်းမခံနိုင်တဲ့ တစ်နေ့
တော်လှန်မိလိမ့်မယ်။

ငဲ့ကြည့်စရာတွေများလို့
ဟုတ်ကဲ့ လိုက်နေရတာ
ခေါင်းငုံ့ခံနေတာကို
အလကားနေရင်း အကောင်းမထင်နဲ့။

ခင်ဗျားတို့ ကမ္ဘာမှာသာ
ခင်ဗျားတို့ ဘာသာ
ကြီးစိုးလို့ ရချင်ရမယ်
ကျုပ်တို့ ကမ္ဘာမှာတော့
လာဗိုလ်မကျနဲ့။

အချိန်ကျပြီဆိုတာနဲ့
သတိကောင်းကောင်းသာ ထားပေတော့
ခင်ဗျားတို့တွေ လူကိုသာ နိုင်ချင်နိုင်မယ်
ကျုပ်တို့ရဲ့ ဒီ “ဟုတ်ကဲ့” နောက်ကွယ်က စိတ်ဓာတ်အင်အားကိုတော့
ဘယ်တော့မှ မနိုင်ပါဘူး။

ကြယ်ကြွေချိန်

Tuesday, November 9, 2010

နင်ဘယ်သူလဲ

နင်ဘယ်သူလဲ
မပြုံးပြနဲ့
ငါတကယ်မြင်နေတာက
အဲ့အပြုံးချိုချိုနောက်က ဓားသွားချွန်...

နင်ဘယ်သူလဲ
စကားတွေမပြောနဲ့
ငါတကယ်ကြားနေတာက
အဲ့စကားချိုချိုအောက်က မုသား...

နင်ဘယ်သူလဲ
အဲ့မျက်ဝန်းနဲ့ မကြည့်နဲ့
ငါတကယ်မြင်နေတာက
အဲ့မျက်ဝန်းစိမ်းနောက်က အစွယ်ဖြူ...

ကြယ်ကြွေချိန်

ယခုတစ်ပတ် သင်ခန်းစာ

ဒီအပတ်ကတော့ အလွန်အလုပ်များတဲ့အပတ်ပေါ့။ စာမေးပွဲကြီး မစစ်မီ ကျောင်း နောက်ဆုံး တက်ရတဲ့အပတ်ဆိုတော့ project due dates တွေ deadlines တွေ အများကြီးပေါ့။ ကျွန်တော့် သူငယ်ချင်းတွေဆို ကျွန်တော့်ထက် ပိုတောင် အလုပ်များဦးမယ်ထင်ပါတယ်။

မနေ့က ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ ကျွန်တော့်အတွက် ဘ၀သင်ခန်းစာတစ်ခုလို့ ဆိုရပါမယ်။ ထုံးစံအတိုင်း ဒီနေ့ presentation debate အတွက် မနေ့က group meeting တွေ့ကြတယ်။ အဲ့မှာ ကျွန်တော့်တို့ group ထဲက group member တစ်ယောက်က အလွန် တစ်ကိုယ်ကောင်းဆန်တာကို သိလိုက်ရတယ်။ တခြား ကျန်တဲ့ member တွေကတော့ အလွန် သဘောထား ကြီးကြပါတယ်။ သူ့ကို သိပ်အပြစ်တင်သံ မကြားရဘူး။ အရမ်းတင်းနေတဲ့ member တချို့ဆီကသာ သူ့ကွယ်ရာမှာ negative comment တွေကြားရပါတယ်။

အဲ့မှာ တင်းသွားတဲ့ သူတွေထဲမှာ ကျွန်တော် ကိုယ်တိုင်လည်း ပါ ပါတယ်။ ကျွန်တော် ရုတ်တရက် ပေါက်ကွဲသွားပြီး စကားတစ်ခွန်းပြောလိုက်မိတယ်။ ဒါက member တစ်ယောက် ထပြောပြီးတဲ့နောက်မှ ကျွန်တော်ပါ စိတ်တင်းလွန်းပြီး လွှတ်ခနဲ ပြောထွက်သွားတာပါ။ အစက မပြောတော့ဘူး လုပ်ထားတဲ့ စကားတစ်ခွန်း လွှတ်ခနဲ ထွက်သွားတာ။

တစ်ချိန်တည်းမှာပဲ ကျွန်တော် သတိထားလိုက်မိတာက ကျွန်တော်တို့ group leader ပါ။ သူမက ဒေါသထွက်တဲ့ sign လုံးဝမပြပါဘူး။ တည်တည်ငြိမ်ငြိမ်ပဲ။ ကျွန်တော်တို့ကို ဖြောင်းဖြပါတယ်။ သူ့ကို အပြစ်တင်မနေဖို့၊ ပြီးတော့ သူ့ကို ပြောင်းလဲဖို့ မကြိုးစားပဲနဲ့ ကိုယ်တွေ ကျန်တဲ့ လူတွေကပဲ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဖို့ တိုက်တွန်းပါတယ်။

အစပိုင်းကတော့ ကျွန်တော် အတော် ဒေါသထွက်မိပါတယ်။ တစ်နေ့လုံး တနုံ့နုံ့နဲ့ ဒေါကန်နေမိတာ။ နောက် meeting ပြီးပြီး အိမ်ရောက်တော့မှ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ အတော်ကို စိတ်တိုလွယ်ပါလားပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်က အရမ်းလည်း စိတ်ရှည်သလို၊ တစ်ခါတလေ စိတ်တိုလွယ်တဲ့ လူတစ်ယောက်။ ထစ်ခနဲဆို ပြောဆိုပစ်လိုက်ပြီးမှ ကိုယ့်ကိုယ်ကို ပြန်ထိန်းရပေါင်း မနည်းတော့ပါဘူး။ မနေ့က ကျွန်တော် အဲ့လောက်ထိ ဒေါသထွက်ခဲ့တာကို ပြန်စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို ရှက်မိတယ်။ အဲ့လောက်တောင် သဘောထားကြီးကြီးထားဖို့ မရင့်ကျက်တဲ့ လူတစ်ယောက် အနေနဲ့ပေါ့။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ group leader ကို လေးစားမိတယ်။ သူမက မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့် group ထဲက ယောက်ျားသား တစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းစိတ်ကို လျစ်လျူရှုနိုင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်ပဲမို့ သူမစိတ်ဓာတ်ကို အတုယူစရာပါ။ လူတစ်ယောက် သူ့ဟာသူ ဘယ်လောက်ပဲ တစ်ကိုယ်ကောင်း ဆန်ဆန် နောက်ဆုံးတော့ သူ့အကျိုးနဲ့သူ ပြီးသွားမှာပဲ။ ကျွန်တော် လူကြီးဆန်ဆန် ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ်။

ကျွန်တော် မနေ့က ကြုံခဲ့ရတဲ့ သင်ခန်းစာ ယူဖွယ်ရာအဖြစ်အပျက်လေးကို share ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေအားလုံးရော ကျွန်တော်ပါ လာမယ့် စာမေးပွဲတွေ project တွေ အစစ အရာရာ စိမ်းလန်းစိုပြေကြပါစေ လို့ ဆုတောင်းလျက်။

ကြယ်ကြွေချိန်

Friday, November 5, 2010

စာနာပါ

ယုန်ကလေးရေ..
ငါ့နှလုံးခုန်သံတွေ
တဒုံးဒုံးမြည်နေပြီ
ဆုံးရှုံးမှုဆို ရင်မဆိုင်ရဲဘူး...

ယုန်ကလေးရေ...
ငါ့ရင်ဘတ်ဟောင်းကြီး
ရှုပ်ရှက်ခတ် ပြုတ်ပြတ်ထွက်အောင်
မင်းလုပ်ရက်ခဲ့ပြီ...

ယုန်ကလေးရေ...
ဒီအခန်းထောင့်မှာ
မင်းပြန်အလာစောင့်နေသူကို
မဲ့ပြုံးနဲ့ ခေါက်ထားရစ်နိုင်လား...

ယုန်ကလေးရေ...
ဟောဒီက ကာရန်မဲ့ ဂစ်တာကို
မာယာနဲ့ ဆင်ခြေမပါဘဲ
ရစ်သမ်ညှိပေးလှည့်ပါ...

ယုန်ကလေးရေ...
တနုံ့နုံ့နဲ့
အစိမ်းလိုက်တော့ တစ်ကိုက်ချင်း ၀ါးမစားနဲ့
ရေခဲတိုက်သာ ပို့လိုက်ပါ
ဝေဒနာ ပိုသက်သာတာပေါ့...

ကြယ်ကြွေချိန်

စာလုပ်ချင်စိတ် မရှိလို့ လျှောက်ရေးထားတဲ့ ပေါက်ကရလေးဆယ်ပါ :P
ဒါဖတ်ပြီး ရယ်ရတယ်လို့တော့ မပြောနဲ့နော်။ တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်မှာပါ :)

Wednesday, November 3, 2010

ညသည် တိတ်ဆိတ်လွန်းလှသည်။ ဆောင်းလေ တစ်ချက် အဝေ့တွင်တော့ ပါးပြင်ပေါ်မှ ကြက်သီးမွေးညင်းများပင် ထလာသယောင်။ ဓာတုဗေဒ ညီမျှခြင်းများ ကျက်နေရာမှ “ချောက်..ချောက်..ချောက်” မြည်နေသော စားပွဲတင်နာရီလေးကို မျက်စောင်းထိုးမိသည်။ ရှစ်နာရီငါးဆယ်မိနစ်။ အချိန်က မနည်းတော့။

မနက်က လက်တွေ့ခန်း မ၀င်ခင် သူကျွန်မကို အပြေးကလေး လာပြောသွားတာ နားထဲပြန်ကြားယောင်မိသည်။ “ဒီည ကိုးနာရီ ဖုန်းဆက်မယ်နော်” တဲ့။ သူနှင့်ကျွန်မက မေဂျာမတူ၍ ကျောင်းမှာ တော်ရုံနှင့် မတွေ့ဖြစ်ကြ။ ခဏခဏ တွေ့ပြန်လျှင်လည်း အလွန်ရှက်တတ်သော ကျွန်မက သူငယ်ချင်းများ ၀ိုင်းစမည်ကို စိုးရိမ်သည်။ အမှန်အတိုင်း ၀န်ခံရလျှင် အမြဲတွေ့နေရ၍ သူကျွန်မကို ရိုးသွားမှာကိုလည်း ကြောက်မိပါသည်။ တကယ်ဆိုလျှင် ကျွန်မတို့ နှစ်ယောက်က တစ်ပတ်တစ်ကြိမ်မျှပင် တွေ့ခဲလှသည်ပဲ။

သူက အင်္ဂလိပ်စာအထူးပြု ဒုတိယနှစ်ကျောင်းသား။ သူနှင့် ကျွန်မဆိုသည်မှာ အလယ်တန်းကျောင်းထဲက ခင်မင်ခဲ့ကြသည့် အတန်းဖော်များ။ မွေးချင်းမရှိသည့် ကျွန်မ သူ့ကို အစ်ကိုရင်းတစ်ယောက်ပမာ သံယောဇဉ်ဖြစ်ခဲ့သည်။ အရာရာ ဦးစားပေးတတ်သော သူ့ကို အမြဲလိုလို ဂျီကျခဲ့မိသည်။ ရဲရင့်တည်ကြည်သော သူ့ကို အမြဲ အားကိုးမိခဲ့သည်။ ကျွန်မထက် လပိုင်းမျှသာ ကြီးသော သူ့ကို ငယ်စဉ်ကတည်းက ကိုကို ဟု အားကိုးတကြီး ခေါ်တတ်သည်မှာ ယခု တက္ကသိုလ်ရောက်သည့်တိုင် မပြောင်းလဲ။

သူချစ်ရေးဆိုလာသည့် အချိန်ကစပြီး ကျွန်မ သူ့အပေါ် အရင်လို မဆက်ဆံရဲတော့။ သူ၏ “ပိုး ကို ချစ်တယ်” ဟူသော စကားလုံးများက ကျွန်မနှင့်သူ့အကြား အဖြူရောင်စည်း ပါးပါးတစ်ကြောင်း ဆွဲလိုက်သယောင်။ ကျွန်မမှာ မိမိ အစ်ကိုတစ်ယောက်ပမာ အားကိုးရသော သူတစ်ယောက် ဒီလိုစကားမျိုး ပြောလာဖို့ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ အမှန်။ အလွန်မျက်ရည်လွယ်သော ကျွန်မ၊ ရုတ်တရက်မို့ ၀ဲတက်လာသော မျက်ရည်ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် မကျအောင်ထိန်းရင်း ဆွံ့အနေမိသည်။ မျက်ရည်တစ်ပေါက် ကျခဲ့ မကျခဲ့ ကျွန်မ မမှတ်မိတော့။

၅လအလွန်က သူ ကျောင်းဆင်းချိန် ခပ်တိုးတိုးပြောသွားသောစကား။ “ပိုး လက်ခံလာတဲ့အထိ ကိုကို စောင့်ပါ့မယ်” တဲ့။ သူ၏ မျက်လုံးများက ကျွန်မရင်ထဲရှိ အစ်ကိုတစ်ယောက်သဖွယ် ပုံရိပ်ကို အမျိုးသားတစ်ယောက်အသွင် ပြောင်းလဲရန် ဖိအားပေးနေသည်။ ကျွန်မစိတ်ထဲတွင်ရော မည်သို့ရှိမည်နည်း။ ကျွန်မ မသိပါ။ အဖြေရှာမရသည့် အဆုံး ကျွန်မ၏ နှလုံးသားကို မေးကြည့်မိသည်။ ၄င်းကိုယ်တိုင်လည်း မသိ။ ကျွန်မ ရှက်ရွံ့မိသည်။ ကိုကို့ကို ကျွန်မ မထိခိုက်စေချင်။ ကျွန်မ၏ ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုကို စိတ်ထိခိုက်စေမည့် အဖြစ်ကို ကျွန်မ မလိုလား။ ကျွန်မအဖြစ်မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်။ ကျွန်မမှာ ထုပ်စည်းတိုး ကစားနေသော ကလေးငယ်တစ်ယောက် ထမင်းရည်ပူစည်း နင်းမိမည်ကို ကြောက်၍ တွန့်ဆုတ် တွန့်ဆုတ် ရှောင်တိမ်းကစားနေပုံနှင့်ပင် တူပါသည်။

နောက် ဆယ်မိနစ် ဆိုလျှင် တယ်လီဖုန်းမြည်သံက ဒီည၏တိတ်ဆိတ်မှုကို ဖြိုခွင်းတော့မည်။ ထိုမြည်သံနှင့်အတူ ကျွန်မ၏ ဝေခွဲမရသော အာရုံတို့ ပျံ့လွင့်လာချေမည်။ နောက်ဆက်တွဲ၍ တယ်လီဖုန်းလိုင်း တစ်ဖက်တစ်ချက်ဆီက မိန်းကလေး တစ်ယောက် သို့မဟုတ် ယောကျာ်းလေး တစ်ယောက်၏ တစ်ဖက်လူ မကြားနိုင်သော ရှိုက်သံများ...

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...