ကျွန်တော် ငယ်ငယ်တုန်းက ဆရာဝန်ကြီး သိပ်ဖြစ်ချင်ခဲ့တယ်။ ကြီးလာရင် ဂျူတီကုတ် အဖြူဖားဖားကြီး ၀တ်ပြီး သွားလေရာ နားကြပ်လေးနဲ့ လူနာတွေ ဆေးကုပေးမယ်ပေါ့။ တောနယ်တွေထိသွားပြီး စေတနာ့ ဆရာဝန် လုပ်မယ်ပေါ့။ ကျွန်တော်က လူတစ်မျိုးဗျ။ ပိုက်ဆံတစ်ပြားမှ မရ၊ ကိုယ့်အိတ်စိုက်ပြီး လုပ်ရမယ့် အလုပ်ဆို ရှယ်ဝါသနာ။ ၁၀ တန်းပြီးလို့ တကယ်တမ်း ဆေးတက္ကသိုလ် တက်ရတော့ ဒီဆေးပညာကို အရမ်းစိတ်ဝင်စားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးပညာနဲ့ ကျွန်တော် မအပ်စပ်ဘူးဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ဒီ အိပ်မက် က အစပျိုးမှာတင် အကောင်အထည်မပေါ်ခဲ့ပါဘူး။
(၂) ၁၀နှစ် (၅တန်း)
ကျွန်တော် ငယ်ငယ်တည်းက (အခုချိန်ထိ) ကိတ်မုန့် အရမ်းကြိုက်တယ်။ ချိုတဲ့ အရာမှန်သမျှ အကုန်ကြိုက်တယ်။ အချိုတွေ စားလွန်းလို့ ငယ်သွားတွေ တစ်ချောင်းမှ မကျန်အောင် ပိုးစားလို့ အကုန် နှုတ်ပစ်ခဲ့ရတာလည်း ဒီတစ်သက် မမေ့နိုင်ဘူး။ ကွတ်ကီး၊ ဂျယ်လီ၊ သကြားလုံး၊ ချိုချဉ်၊ ရေခဲမုန့်၊ နောက်ဆုံးဘိတ်... မီးဖိုထဲက သကြားဘူးတောင် လစ်ရင်လစ်သလို နှိုက်နှိုက်စားတာ အမေ့ဆူခံထိလို့ ကြက်မွှေးနဲ့ ညားပေါင်းလည်း မနည်းတော့ပါဘူး။ အကြိုက်ဆုံးကတော့ ကိတ်မုန့်နဲ့ ကွတ်ကီးတွေပေါ့။ အဲ့တော့ ၅တန်း ၆တန်းလောက်မှာ ကိတ်မုန့်ဆိုင် အကြီးကြီးဖွင့်ချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့ဖူးတယ်။ အဲ့ အိပ်မက်က အကြီးအကျယ်ကို ရူးသွပ်ခဲ့တာ။ ခုထိလည်း ရူးနေတုန်းပါပဲ။ အမေက ကိတ်မုန့် ပေါင်မုန့် အစုံလုပ်တတ်ပေမယ့် ကျွန်တော်က အဲ့လို ပါရမီမပါဘူး။ ၀ါသနာအရ ကြုံရင်ကြုံသလိုတော့ စမ်းလုပ်ကြည့်ဖူးတယ်။ အခုလက်ရှိ ကျွန်တော် မလုပ်မဖြစ် အလုပ်တွေ၊ မသင်မဖြစ် ပညာတွေ သင်နေရပေမယ့် တစ်နေနေ့ တစ်ချိန်ချိန်တော့ (ဘယ်အချိန်လဲတော့ မသိပေမယ့်) ကျွန်တော့်ရဲ့ အိပ်မက်ထဲက ကိတ်မုန့်တူးနံ့လေး သင်းနေတဲ့ ကိတ်မုန့်ဆိုင်လေး အကောင်အထည်ပေါ်လာနိုင် ကောင်းပါရဲ့။
(၃) ၁၅-၁၆နှစ် (၁၀တန်း)
၁၀တန်းတုန်းက ကျွန်တော့်ကို အမေတို့ အဖေတို့က စာပဲ တစ်ချိန်ကုန် ကျက်ခိုင်းစေခဲ့တယ်။ နဂိုကတည်းက အချုပ်အနှောင် မကြိုက်တဲ့ကျွန်တော်က ၁၀တန်းမို့ အောင့်အည်းသည်းခံပြီး လိမ်လိမ်မာမာ စာလုပ်ခဲ့ရတာ၊ ၁၀တန်း ပြီးလို့ကတော့ လွတ်လွတ်လပ်လပ် ငါလုပ်ချင်တာလုပ်မယ်၊ ဘယ်သူမှ မတားနဲ့၊ အဲ့လို တင်းထားတာပေါ့။ အဲ့ဒီတုန်းက တစ်နေကုန် ကျောင်း၊ ကျူရှင်၊ အိမ်၊ guide၊ ဒီသံသရာကို တစ်နှစ်ပတ်လုံး ပက်ကြားထပ်နေခဲ့ရတော့ တစ်ခါတလေ ကျွန်တော်လေ ဒီ နိစ္စဒူဝကနေ ထွက်ပြေးချင်မိတယ်။ လျှောက်သွားမယ်။ လျှောက်စားမယ်။ ကမ္ဘာအနှံ့ ခရီးထွက်မယ်။ ရွက်လွှင့်မယ်ပေါ့။ ကျွန်တော်က စာတွေချည်းပဲကျက် အလုပ်ချည်းပဲလုပ်၊ အဲ့လို ဘ၀မျိုးမှာ မနေချင်ဘူး။ နေလည်းနေနိုင်မယ် မထင်ဘူး။ အလုပ်လုပ်နေခိုက်လည်း ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။ အဲ့ဒါနဲ့ အကိုက်ညီဆုံး အလုပ်တစ်ခု ကျွန်တော်ရုတ်တရက် စဉ်းစားမိတယ်။ Tour guide... ။ ဟုတ်တယ်ဗျ... Tourist guide။ ၁၀တန်းဖြေပြီးတာနဲ့ အမေတို့ အဖေတို့ကို tour guide လုပ်ပါရစေလို့ ခွင့်တောင်းတော့ ခါးခါးသီးသီးကို ငြင်းတယ်ဗျ။ ငါတို့မွေးထားတဲ့ သမီးမိန်းကလေးက tour guide တော့ ဘယ်တော့မှ မလုပ်ရဘူးလို့ အဖေက ရာဇသံထုတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော့်ရဲ့ tour guide ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်လေး လွင့်ပြယ်ခဲ့ရပြန်ပါရော။ တစ်ခုပြောပြမယ်နော်။ အလုပ်တစ်ဖက်နဲ့ ကမ္ဘာအနှံ့ ခရီးသွားချင်တဲ့စိတ်ကူးကိုတော့ ခုထိလက်မလျှော့နိုင်သေးတာ အမှန်ပါ။
(၄) ၂၀နှစ် (တက္ကသိုလ်)
ကျွန်တော် အခု တက္ကသိုလ် ကျောင်းပညာတွေ သင်နေရပေမယ့် ကျွန်တော်တကယ်လုပ်ချင်တာ ဒီပညာတွေနဲ့ ကိုယ်ပိုင်အလုပ် လုပ်ဖို့သက်သက် မဟုတ်ဘူး။ စိတ်ကူးယဉ်ရတာ မွေးရာပါဝါသနာဆိုတော့လည်း တစ်ချိန်လုံး စိတ်ကူးတွေ ရွက်လွှင့်နေမိတာပေါ့လေ။ ဒီကြားထဲ စန္ဒရား ပညာရှင်ကလည်း ဖြစ်လိုက်ချင်သေးတယ်ဗျ။ အဖြစ်ချင်ဆုံးကတော့ စာရေးဆရာ။ အဲ့လောက်ထိ လေထဲတိုက်အိမ်ဆောက်ရတာ ၀ါသနာပါတဲ့ကျွန်တော့်မှာ စိတ်ကူးသေးသေးလေး တစ်ခုတော့ရှိတယ်။ ကျွန်တော့် စိတ်ကူးလေးကဒီလို။
ဒီပညာတွေ သင်ပြီးရင် အကူအညီ လက်ကမ်းဖို့ လိုနေတဲ့ ကမ္ဘာ့နေရာ အနှံ့ကို ကျွန်တော်သွားမယ်။ ကျွန်တော်တို့ ကမ္ဘာက ပြီးပြည့်စုံအောင် လှပနေတဲ့ ကမ္ဘာကြီး မဟုတ်သေးဘူး။ ဥပမာ အာဖရိကမှာဆိုရင် ငတ်မွတ်ခေါင်းပါးမှုတွေ ရင်ဆိုင်နေရတုန်းပဲ။ မသန့်ရှင်းတဲ့ရေကြောင့် နှစ်စဉ် အပြစ်ကင်းတဲ့ ကလေးသူငယ်တွေ သန်းနဲ့ချီ ဆုံးရှုံးနေရတုန်းပဲ။ ကိုယ့် မြန်မာနိုင်ငံမှာလည်း ဘက်ပေါင်းများစွာက အကူအညီလိုနေသူတွေ ဒုနဲ့ဒေး။ ဒါကြောင့် ကျွန်တော်တတ်တဲ့ ဒီပညာအနည်းငယ်နဲ့ သူတို့ကို တတ်နိုင်သလောက် ကူညီချင်တယ်။ ဒီအိပ်မက်လေးကတော့ သိပ်မလိုတော့တဲ့ နောင်တစ်ချိန်မှာ အကောင်အထည်ပေါ်နိုင်တယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချိန်ထဲမှာပဲ ကျွန်တော့်ရဲ့ အလုပ်တာဝန်တစ်ဖက်နဲ့ ခရီးရွက်လွှင့်ချင်တဲ့ အိပ်မက်လေးလည်း ပြည့်နိုင်တာပေါ့လေ။ ဟုတ်ဘူးလား ဟီးဟီး။
အသက် ၂၅၊ ၃၀၊ ၃၅၊ ၄၀ ကျရင်တော့ ဘယ်လိုဖြစ်မလဲ ကျွန်တော် မပြောတတ်သေးပါဘူး။ ဖြစ်နိုင်တာကတော့ အဖွဲ့အစည်းတစ်ခုခုနဲ့ ကျွန်တော် တောင်အာဖရိကမှာ အလုပ်လုပ်နေလောက်မယ် ထင်တာပဲ။ ဟက်ဟက် :D
မှတ်ချက်။ အထက်ပါ အကြောင်းအရာများသည် ကျွန်တော်ဖြစ်ချင်သော ကျွန်တော် လေထဲတိုက်အိမ်ဆောက်ခဲ့သော စိတ်ကူးအိပ်မက်များကို ချရေးထားခြင်း သက်သက်သာ ဖြစ်ပါသည်။ စကားကြီး စကားကျယ် ပြောနေခြင်းလည်း မဟုတ်ပါ။ ကျွန်တော်၏ ပေါက်တတ်ကရ လေးဆယ်ကို အချိန်ကုန်ခံ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း...
ကြယ်ကြွေချိန်
No comments:
Post a Comment