အဲ့ဒီမှာ ကိတ် နဲ့ ခရစ်(စ်) ကတော့ အမြဲတမ်း သူတို့ရဲ့ ဓာတ်ပုံအယ်လ်ဘမ် အကြီးကြီးတွေကို သူတို့ ပေါင်ပေါ်မှာ တင်၊ ဓာတ်ပုံတွေ လှန်လှောကြည့်ရင်း ငယ်ငယ်တုန်းက အကြောင်းတွေ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောင်းပြောပြနေတတ်ကြတယ်။ ကိတ်က ကျွန်မကို မကြာခဏဆိုသလို ဟိုးအရင်အချိန်တွေတုန်းက သူတို့ဓာတ်ပုံတွေကို အားရကျေနပ်စွာ ပြတတ်တယ်။ ဓာတ်ပုံတွေထဲမှာတော့ ခရစ်(စ်)က အရပ်မြင့်မြင့်၊ ခပ်ချောချော၊ ရွှေရောင်ဆံပင်နဲ့ ခန့်ခန့်ညားညား လူငယ်လေး။ ကိတ်ကတော့ အနက်ရောင်ကေသာပိုင်ရှင်၊ နှစ်လိုဖွယ်ကောင်းစွာ ပြုံးတတ်သူ မိန်းမချောလေး။ ဓာတ်ပုံတွေထဲက ဒီငယ်ရွယ်တဲ့ ချစ်သူနှစ်ဦးရဲ့ အပြုံးဟာ အချိန်ရာသီတွေ ဘယ်လိုပဲ ပြောင်းသွားသွား ထာဝရစွဲထင်ကျန်နေမယ့် အမှတ်တရပဲပေါ့။
ကြည့်စမ်းပါဦး။ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်သလဲ။ နှစ်ယောက်သား အတူတူထိုင်ပြီး အယ်လ်ဘမ်ထဲက သူတို့ရဲ့ ချိုမြိန်တဲ့အတိတ် အမှတ်တရတွေအကြောင်း ပြန်ပြောင်းသတိရရင်း ရယ်ပြုံးနေလိုက်ကြတာ။ ပြတင်းပေါက်က ထိုးကျနေတဲ့ အလင်းတန်းတွေဟာ သူတို့ရဲ့ ဖွေးဖြူနေတဲ့ ဆံကေသာပေါ်မှာ ထင်ဟပ်နေပြီး အဲ့အလင်းတန်းတွေအောက်မှာမှ အမြဲပြုံးနေတတ်တဲ့ အရေးအကြောင်းတွေ အပြည့်နဲ့ မျက်နှာလေးနှစ်ခု။
ကျွန်မ အမြဲတွေးမိတာ တစ်ခုရှိတယ်။ လူငယ်တွေ အချစ်အကြောင်း ဘယ်လောက်ထိ အပေါ်ယံသာ သိကြသလဲပေါ့။ ဒီလောက် နက်ရှိုင်းတဲ့ အရာတစ်ခုကို သူတို့ ပိုင်ဆိုင်နေပြီဆိုတဲ့ သူတို့ရဲ့ ဆယ်ကျော်သက် အတွေးဟာ ဘယ်လောက်တောင် ရူးမိုက်သလဲပေါ့။ လူကြီးတွေသာ တကယ့်အချစ်စစ်က ဘာလဲဆိုတာကို သိကြပါတယ်။ လူငယ်တွေဆိုတာကတော့ မေတ္တာစစ်ဆိုတာ ဘာလဲဆိုတာကို မှန်းဆရုံလေးပဲ တတ်နိုင်သူတွေပါ။
တစ်ခါတလေ ကျွန်မတို့ ဂေဟာ ၀န်ထမ်းတွေ ညနေစာ စားချိန်ဆို ကိတ်နဲ့ ခရစ်(စ်)က အတူတူ လက်တွဲပြီး ထမင်းစားရုံဘေးကနေ ခပ်ဖြည်းဖြည်း ဖြတ်လျှောက်သွားတတ်တယ်။ အဲ့လိုအချိန်တွေဆို ကျွန်မတို့ရဲ့ စကားဝိုင်းက ဒီချစ်သူနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်အကြောင်း လမ်းကြောင်း ပြောင်းသွားတတ်တယ်။ တကယ်လို့သာ သူတို့ထဲက တစ်ယောက်ယောက် မရှိတော့ရင် ကျန်တဲ့တစ်ယောက် ဘယ်လိုဖြစ်သွားမလဲပေါ့။ ခရစ်(စ်)က သန်မာသူတစ်ယောက်ဖြစ်ပြီး ကိတ်ကတော့ ခရစ်(စ်)အပေါ် အမြဲမှီခိုနေရသူဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။
“တကယ်လို့ ခရစ်(စ်)သာ အရင်သွားရမယ်ဆိုရင် ကိတ်တစ်ယောက် ဘယ်လိုများ ရှေ့ဆက်ရှင်သန်မလဲ?” ကျွန်မတို့ အမြဲပဲ တွေးမိကြပါတယ်။
ဒီချစ်သူနှစ်ဦး အိပ်ရာဝင်ချိန်တိုင်း ပုံမှန်လုပ်နေကျ အရာတစ်ခုရှိပါတယ်။ ညနေခင်း ကျွန်မ ဆေးတိုက်ချိန်တွေဆို ကိတ်က သူမရဲ့ ညအိပ်အင်္ကျီ နဲ့ ခြေညှပ်ဖိနပ်လေးကို ၀တ်ဆင်ပြီး ထိုင်နေကျ ထိုင်ခုံလေးမှာ ကျွန်မကို ထိုင်စောင့်နေတတ်တယ်။ ခရစ်(စ်)နဲ့ ကျွန်မရှေ့မှာပဲ သူမ ဆေးကိုသောက်တယ်။ ပြီးတာနဲ့ ခရစ်(စ်)က သူမကို ဂရုတစိုက်နဲ့ သူမထိုင်ခုံကနေ ခုတင်ပေါ်ကို တွဲထူပေးတယ်။ ပြီးရင် သူမရဲ့ ဖျော့တော့ ချိနဲ့နေတဲ့ ခန္ဓာကိုယ်လေးပေါ်မှာ ဂွမ်းစောင်ကို အသာအယာ ခြုံပေးပါတယ်။
ဒီလောက် ကြင်နာယုယတဲ့ သူတို့အချစ်ကို မြင်တိုင်း ကျွန်မ အကြိမ်တစ်ထောင်မြောက် တွေးမိတယ်။ ဘုရားရေ... ဘာလို့များ ဂေဟာက ဒီလို ချစ်သူစုံတွဲတွေအတွက် နှစ်ယောက်အိပ်ခုတင် မထားပေးရတာလဲလို့ပေါ့။ သူတို့ဘ၀တစ်လျှောက်လုံး အတူတူအိပ်လာခဲ့တာ၊ ဒီဂေဟာရောက်မှ တစ်ယောက်အိပ်ခုတင်နဲ့ အိပ်ကြရတယ်။ သူတို့ရဲ့ ရှေ့ဆက်ဘ၀တစ်လျှောက်လုံး ညတိုင်း ညတိုင်း နွေးထွေးကြည်နူးမှုဆိုတာ မရှိနိုင်တော့ဘူးပေါ့။
ဒီလိုနဲ့ ခရစ်(စ်)တစ်ယောက် ကိတ်ရဲ့ခုတင်ဆီသွားပြီး ခေါင်းရင်းဘက်က မီးခလုတ်ကို ပိတ်လိုက်တယ်။ ဒါကိုကြည့်ရင်း ကျွန်မ ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်တဲ့ ဂေဟာစည်းကမ်းတွေပါလိမ့် လို့ တွေးမိတယ်။ ပြီးတာနဲ့ သူဟာ ကိတ်ကို အကြင်နာ အနမ်းတစ်ပွင့် ငုံ့ပေးလိုက်တယ်။ သူမရဲ့ ပါးပြင်ကို နူးညံ့စွာ ထိတွေ့ရင်း သူတို့နှစ်ယောက်လုံး အပြုံးချင်း ဖလှယ်ကြတယ်။ ဒီ့နောက် သူမရဲ့ ခုတင်ဘေး လက်ရန်းအကာကို ဆွဲတင်ပြီးမှသာ ကျွန်မဘက် လှည့်လာပြီး သူ့ဆေးကို သောက်တယ်။ ကျွန်မ ကော်ရစ်ဒါဘက် ပြန်လျှောက်ထွက်လာချိန်ဆို ခရစ်(စ်)ရဲ့ “ကောင်းသောညပါ ကိတ်” လို့ဆိုသံကို ကြားရတယ်။ အခန်းလေးရဲ့ လေထုဟာ သူတို့ခုတင်နှစ်ခုကို ခြားနားထားပေမယ့် ကိတ်ရဲ့ “ကောင်းသောညပါ ခရစ်(စ်)” လို့ ပြန်ပြောသံလေးကိုလည်း အမြဲကြားရစမြဲ။
ကျွန်မ ဒီနှစ်ရက် ဂျူတီနားရပါတယ်။ အလုပ်ပြန်လာတဲ့ရက်၊ ဂေဟာတံခါးဝရောက်တာနဲ့ ကျွန်မ ပထမဆုံး ကြားရတဲ့ သတင်းက “ခရစ်(စ်) ဆုံးသွားပြီ။ မနေ့က မနက်ပိုင်းပဲ”။
“ဘာ... ဘယ်လိုဆုံးသွားတာလဲ။”
“ရုတ်တရက် နှလုံးရပ်သွားတာ။ အရမ်းကို မြန်ဆန်လွန်းသွားတယ်လေ။”
“ကိတ်အခြေအနေရော?”။
“သိပ်မကောင်းလှဘူး”။
ကျွန်မ ကိတ်အခန်းလေးထဲ ရောက်သွားချိန်မှာတော့ သူမက သူမထိုင်နေကျ ထိုင်ခုံလေးမှာ မလှုပ်မယှက်၊ လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ယှက်တင်ပြီး၊ တစ်ခုခုကို စိုက်ငေးကြည့်နေတယ်။ သူမ လက်ဖ၀ါးကို ဆုပ်ကိုင်ရင်း ကျွန်မပြောလိုက်တယ်။ “ကိတ်... ကျွန်မ ဖစ်လစ်(စ်)လေ...။” သူမရဲ့ မျက်လုံးသေတွေက မလှုပ်မယှက် ငေးနေတုန်းပဲ။ ကျွန်မ သူမ မေးစေ့ကို ဖြည်းညင်းစွာ ဆွဲကိုင်ပြီး သူမကို ကျွန်မဘက် လှည့်လိုက်စေရင်း ထပ်ပြောတယ်။ “ကိတ်... ကျွန်မ ခရစ်(စ်) အကြောင်း အခုပဲ ကြားလိုက်ရတယ်။ ကျွန်မ တကယ်စိတ်မကောင်းပါဘူး။”
“ခရစ်(စ်)” ဆိုတဲ့ စကားလုံးလေးကို အကြားမှာတော့ သူမ မျက်လုံးတွေ အသက်ပြန်ဝင်လာတယ်။ ကျွန်မကို ပဟေဋိဆန်စွာ စိုက်ကြည့်နေရင်း ကျွန်မ ဒီအခန်းထဲ ဘယ်လိုများ ရုတ်တရက်ကြီး ရောက်လာသလဲလို့ အဖြေထုတ်နေပုံ ပေါ်ပါတယ်။ ကျွန်မ ထပ်ပြောလိုက်တယ်။ “ကိတ်... ကျွန်မ ဖစ်လစ်(စ်)လေ... ကျွန်မ ခရစ်(စ်)အကြောင်းကြားရတာ တကယ်ကို စိတ်မကောင်းပါဘူး...”။
သတိ၊ အသိ နဲ့ အမှတ်တရတွေ သူမ မျက်နှာပေါ် လွှမ်းမိုးသွားတယ်။ မျက်ရည်တွေ ရုတ်တရက် ၀ဲတက်လာပြီး သူမရဲ့အရေးအကြောင်းတွေကနေတစ်ဆင့် အောက်ကိုလျှောဆင်းသွားကြတယ်။ သူမ ခပ်တိုးတိုးလေး ပြောတယ်။ “ခရစ်(စ်) မရှိတော့ဘူး...”။
“ကျွန်မသိပါတယ်။ ကိတ်ရယ်... ကျွန်မသိပါတယ်။”
အဲ့နောက်ပိုင်း ကျွန်မတို့ အားလုံး ကိတ်ကိုသေသေချာချာ ဂရုစိုက်ခဲ့ကြတယ်။ သူမကို သူမအခန်းထဲမှာပဲ ထမင်းစားစေတယ်။ သူမကို အရင်ကထက် အများကြီး ပို ပြုစုခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းရက်တွေမှာတော့ တဖြည်းဖြည်းနဲ့ သူမကို ယခင်ပုံမှန် ဂေဟာ စည်းကမ်းတွေအတိုင်း ပြန်နေစေခဲ့ရပါတယ်။
မကြာခဏဆိုသလို ကျွန်မ ဖြတ်သွားတိုင်း ကိတ်တစ်ယောက် ထိုင်နေကျထိုင်ခုံလေးမှာ ထိုင်ရင်း ပေါင်ပေါ်မှာ အယ်လ်ဘမ်လေးကိုတင်လို့၊ ခရစ်(စ်)ရဲ့ ဓာတ်ပုံတွေကို ၀မ်းနည်းကြေကွဲစွာ ငေးကြည့်နေတာကိုပဲ တွေ့ရဆဲပါ။
အိပ်ရာဝင်ချိန်ဟာ သူမအတွက် တစ်နေ့တာ အခက်ခဲဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ သူမ တောင်းဆိုချက်အရ ခရစ်(စ်)ရဲ့ အိပ်ရာမှာ ပြောင်းအိပ်ခွင့်ရခဲ့တယ်။ ၀န်ထမ်းတွေကလည်း သူမအိပ်ခါနီး ဂွမ်းစောင်ကို ခြုံပေးရင်း သူမ ပျော်ရွှင်အောင် စကားစမြည်ပြော၊ ရယ်မောနေခဲ့ကြပေမယ့် ကိတ်ကတော့ စကားတစ်ခွန်းမှ မဟဘဲ ဆိတ်ဆိတ်နေကာ အထီးကျန်နေဆဲပါပဲ။ သူမကို သိပ်ခဲ့ပြီး တစ်နာရီအကြာ ကျွန်မ အခန်းလေးရှေ့က ဖြတ်သွားချိန်ထိတိုင် သူမ နိုးနေတုန်းပဲ။ မျက်လုံးတွေကြောင်နေပြီး မျက်နှာကျက်ကိုသာ ငေးကြည့်နေဆဲ။
ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပေမယ့် ကိတ်ရဲ့ အိပ်ရာဝင်ချိန်ကတော့ နည်းနည်းမှ ထူးခြားမလာခဲ့ပါဘူး။ သူမကိုကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘဲ တစ်ခုခုကို ကြောက်ရွံ့ပြီး ဂဏာမငြိမ်ဖြစ်နေတယ်။ သူမကိုယ်သူမ လုံခြုံမှု ကင်းမဲ့တယ်လို့ ခံစားနေရပုံပါပဲ။ ဘာကြောင့်ပါလိမ့် လို့ ကျွန်မ တွေးမိတယ်။ သူမအတွက် ဒီအိပ်ရာဝင်ချိန်က တခြား နေ့ဘက်အချိန်တွေထက် ဘာကြောင့်များ ပိုခက်ခဲ ရှည်လျားနေရသလဲပေါ့။
ဒီလိုနဲ့ တစ်ည ကျွန်မ သူမအခန်းထဲ ရောက်သွားခဲ့ချိန်မှာလည်း အရင်ညတွေလိုပဲ မျက်လုံးကြောင်ပြီး လုံးဝ နိုးနေတဲ့ ကိတ်ကို တွေ့ရတယ်။ “ကိတ်... မင်းရဲ့ အိပ်ရာဝင် အနမ်းကိုများ သတိရနေတာလား...?” ကျွန်မ ဘာမှမတွေးမိဘဲ ရုတ်တရက် မေးလိုက်မိတယ်။ ဒီ့နောက် ကျွန်မ သူမရဲ့ အရေးအကြောင်းတွေနဲ့ ပါးပြင်ကို ငုံ့နမ်းလိုက်မိတယ်။
ကျွန်မ ရေကာတာတံခါးကို ဖွင့်ပေးလိုက်မိသလိုပဲ။ မျက်ရည်ပေါက်တွေ သူမပါးပြင်ပေါ် တရကြမ်း ပြေးဆင်းလာကြတယ်။ သူမလက်တွေကလည်း ကျွန်မ လက်တွေကို တင်းရင်းစွာ ဆုပ်ကိုင်ထားလို့ပေါ့။ “ခရစ်(စ်)က ငါ့ကို အမြဲ အိပ်ရာဝင် အနမ်း ပေးနေကျ...” သူမ ပြောရင်း ရှိုက်ငိုတယ်။
“ကျွန်မသိပါတယ် ကိတ်ရယ်...” ကျွန်မ ခပ်တိုးတိုးပဲ ပြောမိတယ်။
“ငါသူ့ကို အရမ်းသတိရတယ်။ ငါ့ကို ဒီနှစ်တွေ တောက်လျှောက် သူ အိပ်ရာဝင် အနမ်းတွေ ပေးခဲ့တာလေ...”။ ကျွန်မ သူမ မျက်ရည်တွေကို သုတ်ပေးနေစဉ် သူမ စကားလုံးတွေခဏရပ်ပြီး ပင့်သက်ရှိုက်လိုက်တယ်။ “ငါလေ... သူ့အနမ်းတွေ မရှိဘဲနဲ့ အိပ်မပျော်နိုင်ဘူးထင်တယ်...”။
သူမ ကျေးဇူးတင်တဲ့ မျက်လုံးအစုံနဲ့ ကျွန်မကို မော့ကြည့်ရင်းပြောတယ်။ “အိုး... မင်းရဲ့ အနမ်းအတွက် ကျေးဇူးတင်ပါတယ်။”
သေးငယ်တဲ့ အပြုံးလေး တစ်ပွင့်ကို ကိတ်ရဲ့ နှုတ်ခမ်းထောင့်လေးမှာ ကျွန်မ တွေ့လိုက်ရတယ်။ “မင်းသိလား...” သူမက လျှို့ဝှက်စွာ ပြောတယ်။ “ခရစ်(စ်)က ငါ့ကို သီချင်းလေးတစ်ပုဒ် အမြဲ ဆိုပြလေ့ရှိတယ်။”
“အိုး... ဟုတ်လား။”
“ဟုတ်တယ်” သူမ ခေါင်းကို ငြှိမ့်ရင်းပြောတယ်။ “ငါ ညတိုင်း သူ့ရဲ့ ဒီခုတင်ပေါ်မှာ လှဲရင်း အဲ့ဒီ သီချင်းလေးအကြောင်းကို တွေးမိတယ်လေ။”
“ဘယ်လို သီချင်းလေးများလဲ... ကိတ်။”
ကိတ်က ပြုံးပြီး ကျွန်မလက်ကို ဆုပ်ကိုင်လို့ သူမ လည်ချောင်းကို ရှင်းလိုက်တယ်။ ပြီးတော့ သူမရဲ့ ဇရာကြောင့် တိုးညင်းနေပေမယ့် သံစဉ်အပြည့်ရှိနေဆဲ အသံလေးက ဒီသီချင်းလေးထဲမှာ ဖြည်းညင်းစွာ လိုက်ပါလွင့်မျောလာတယ်လေ။
“ချစ်သူရဲ့ အနမ်းတစ်ပွင့် အဆုံးမှာမှ ငါတို့ကို ခွဲခွာခွင့်ပေးပါ။
ငါ အလွန်အိုမင်းပြီး အိပ်မက်ညတွေ ဆက်မမက်နိုင်တော့သည့်တိုင်
အဲ့ဒီ အနမ်းတစ်ပွင့်က ငါ့နှလုံးသားထဲမှာ အမြဲထာဝရ ထင်ကျန်နေမှာပါ။”
Phyllis Volkens ရဲ့ Chicken Soup for the Woman's Soul ထဲက A Goodnight kiss ကို ဘာသာပြန်ပြီး share ပါတယ်။ ပထမဆုံးအကြိမ် ဘာသာပြန်ရေးတာမို့ စကားလုံးအသုံးအနှုန်းများ မှားယွင်းလွဲချော်နေခဲ့လျှင် တောင်းပန်ပါကြောင်း...
ကြယ်ကြွေချိန်
No comments:
Post a Comment