၃တန်းအရွယ်လောက်တုန်းကလေ.. ဘုံကျောင်းမှာ တရုတ် ကျူရှင်သွားတက်ရတယ်။ ကောင်းကောင်း မှတ်မိသေးတယ်.. အဲ့နေ့က မိုးတွေလေတွေကြီးလို့။ အမေဟင်းချက်နေလို့ လိုက်မပို့အားတော့ ဦးလေးကို ကားမောင်းပို့ခိုင်းတယ်။ အဲ့အချိန်က တရုတ်နှစ်သစ်ကူးနား နီးနေပြီလေ။ ကျူရှင်ရောက်တော့ ထုံးစံအတိုင်း လူနည်းနည်းလေးပဲ လာကြတာပေါ့.. နှစ်ကူးခါနီးပြီကိုး။ လူနည်းတော့ ဆရာမက စာသိပ်မသင်ပဲ တရုတ်ပြည်က ကျွမ်းဘားအဖွဲ့တွေ အမျိုးသား ကဇာတ်ရုံမှာ ကပြဖျော်ဖြေပွဲရှိတယ်ဆိုပြီး ပွဲလက်မှတ်တွေ တစ်ယောက်တစ်စောင်စီ ပေးတယ်။ ကျူရှင်စောစော ဆင်းပေးမယ်၊ ကျူရှင်ဆင်းရင် တူတူ သွားကြမယ်၊ သွားချင်တဲ့လူ အောက်မှာ ဆင်းစောင့်နေကြဆိုပြီး မှာထားတယ်။
ကျနော့်သူငယ်ချင်း ကျူရှင်မလာတော့ ကျနော်လည်း အသက်ကြီးကြီး တခြားကျောင်းသားတွေနဲ့ ဘယ်သွားချင်ပါ့မလဲ။ မလိုက်တော့ဘူးလို့ ဆရာမကို သွားပြောလိုက်တယ်။ အဲ့ဒါနဲ့ ဆရာမနဲ့ သွားမယ့်လူတွေ အဖွဲ့လိုက် ကားငှားသွားကြတာပေါ့။ အပြင်မှာ မိုးတွေ သည်းနေတုန်းဆိုတော့ အမေ လာကြိုလာကို အောက်ဆင်း မစောင့်နေတော့ဘူး။ ပုံမှန် ကျူရှင်ဆင်းချိန်က ၇နာရီဆိုတော့ အချိန်ကလည်း စောသေးတာကိုး။ တန်းလုံးကျွတ် ဆရာမနဲ့ လိုက်သွားကြတယ်။ ကျနော်တစ်ယောက်ထဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ ကျနော် သွားလည်း မသွားချင်ဘူး၊ စိတ်လည်း မ၀င်စားဘူး၊ သင်ပြီးတဲ့ စာတွေပဲ ပြန်ထိုင်ကျက်နေမိတယ်။
ဒါနဲ့ ၇နာရီထိုးတော့ ကျနော် အမေ့ကို အောက်ဆင်းစောင့်တယ်။ မိုးက သည်းနေတုန်းပဲ။ လူက ချမ်းလည်း ချမ်းလာတယ်။ လမ်းမီးလည်း ပျက်နေတော့ မှောင်မဲနေတာပဲ။ လမ်းမတော် ကမ်းနားဖက်က ညဖက်ဆို လူလည်း ပြတ်တယ်လေ။ ကြာလှပြီ။ အမေက လာလည်း မလာသေးဘူး။ ကိုယ့်ဟာကို ထပြန်မလို့ လုပ်တော့ ထီးမပါဘူး။ ပြီးတော့ အမေမှာထားတာ ပြန်သတိရမိတယ် "မာမား လာခေါ်မှ ပြန်ရမယ်၊ သူများတွေနဲ့ လိုက်မသွားရဘူးနော်" တစ်ယောက်တည်း ပြန်ခိုင်းရမှာ စိတ်မချလို့တဲ့။ အဲ့ဒါနဲ့ ဆက်ထိုင်စောင့်တယ်။ မိုးကလည်း မစဲနိုင်တော့ဘူး။
၈နာရီထိုးတော့ ဘုံကျောင်းက အတန်းအကုန် ဆင်းပြီး ကျောင်းစောင့်ဦးလေးကြီး ဘုံကျောင်းတံခါး ပိတ်တယ်။ ဦးလေးကြီး ဆင်းလာတော့ ကျနော့်ကို မေးတယ်၊ မပြန်သေးဘူးလားပေါ့။ အမေ့ကို စောင့်နေတာ.. ဆိုတော့၊ ဦးလေးကြီးက လာ.. ငါလိုက်ပို့ပေးမယ်ဆိုပြီး ထီးနဲ့ အိမ်ပြန်လိုက်ပို့တယ်။ ဦးလေးကြီးနဲ့ ကျနော်တို့ မိသားစုက အသိတွေလေ။ အိမ်ပြန်ရောက်တော့ အဘွားက ဟဲ့၊ နင့်အမေ ဘယ်မှာလဲ၊ အိမ်က ဦးလေးနဲ့ တူတူ နင့်ကို သွားကြိုတာလေ၊ နင်တို့ တူတူ ပြန်မလာဘူးလား ဆိုပြီးမေးတယ်။ ကျနော်က အမေ မလာလို့ ဦးလေးကြီး လိုက်ပို့တာလို့ ပြောတာပေါ့။ အဲ့မှာ အဘိုးနဲ့ အဘွား ခေါင်းတွေ မီးတောက်ကုန်တယ်။ အဲ့တော့မှ အမေနဲ့ လွဲသွားတာ သိလိုက်ရတယ်။ အဲ့ခေတ်တုန်းက လက်ကုန်ဖုန်းတွေ မပေါ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လို့လည်း မရတော့ အိမ်မှာပဲ ထိုင်စောင့်နေလိုက်ရတယ်။ နောက်တော့ ပြန်လာမှာပေါ့ ဆိုပြီး..
ည ၁၀နာရီလောက်မှာ အမေ အမောတကောနဲ့ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျနော့်ကို ဘယ်အချိန် ကတည်းက အိမ်ပြန်ရောက်နေတာလဲလို့ မေးတယ်။ ၈နာရီလောက်ကလို့ ဖြေတော့ အမေ့မျက်လုံးတွေ ငိုချင်ရိပ် သန်းသွားခဲ့တယ်။ အမေက ခါတိုင်း ဆူတတ်ပေမယ့် ခုတော့ ကျနော့်ကို မဆူပါဘူး။ ရင်ထဲက အလုံးကြီး ကျသွားတဲ့ ပုံစံမျိုး... ဘာမှ မပြောပဲ အိမ်ပေါ် ဖြည်းဖြည်း တက်သွားခဲ့တယ်။
အတူတူပါသွားတဲ့ ဦးလေးက ကျနော့်ကို ပြောပြတယ်။ နင့်အမေက နင့်ထက် အရင် ကျူရှင် စောစော ရောက်ပြီး နင့်ကို ခါတိုင်းလို အောက်မှာ မတွေ့တော့ အဲ့နားက ကျောင်းသားတွေကို မေးတာတဲ့။ သူတို့က အဲ့အတန်းက တစ်တန်းလုံး ဆရာမနဲ့ပွဲသွားကြည့်ကြတယ် ဆိုပြီး ဖြေတော့ အမေက ဘယ်ကို သွားကြတာလဲ မေးတယ်တဲ့။ အမျိုးသား ကဇာတ်ရုံ လို့လည်းပြောရော ချက်ချင်းကို လိုက်သွားတာတဲ့။ မိုးထဲလေထဲ ဇောကပ်နေတဲ့ အမေ။ ရုံထဲမှာက မီးအမှောင်ချပြီး ပွဲကနေကြတာကိုး။ အမေက မမောနိုင် မပန်းနိုင် အမှောင်ထဲမှာ ပွဲကြည့် ထိုင်ခုံတွေ တစ်လိုင်းဝင် တစ်လိုင်းထွက် ရှေ့ဆုံးကစ နောက်ဆုံးလိုင်းအထိ တစ်ခုံ မကျန် လိုက်ကြည့်တာတဲ့။ အမေ့မျက်နှာထား အိုစာပြီး နှုတ်ခမ်းတွေတောင် ဖြူဖပ်နေပြီတဲ့။
အဲ့တုန်းက ငယ်သေးတော့ အမေ့ရင်ထဲက အပူမီးကို နားမလည်ခဲ့ဘူး။ ခုနောက်ပိုင်း ငယ်ငယ်က ကျနော်ဆိုးခဲ့တာတွေ၊ ကျနော် ဂျစ်ကန်ကန် အရွဲ့တိုက်ခဲ့လို့ အမေ မျက်ရည်ကျခဲ့တာတွေ ပြန်တွေးမိပြီး စိတ်ထဲ မကောင်းဘူး။ တကယ်တော့ အမေဆိုတာ သားသမီး ဘယ်နှစ်ယောက်ပဲ ရှိရှိ အားလုံးကို သာတူညီမျှ ချစ်ကြတာပဲ၊ ပိုချစ်တယ် လျှော့ချစ်တယ်ဆိုတာ မရှိစတမ်းပါလေ။ သားသမီးဇောဆိုတာ နားလည်ရင် မိခင်မေတ္တာကို နားလည်မှာပါ။ လူကြီးတွေက ပြောကြတယ်။ ကိုယ် တစ်ချိန် မိခင်ဖြစ်ရင် ကိုယ့်အမေ ကိုယ့်ပေါ် ထားတဲ့ မေတ္တာကို အပြည့်အ၀ နားလည်လိမ့်မယ်တဲ့။ ကျနော်တော့ အခု အပြည့်အ၀ မဟုတ်သည့်တိုင် တစ်စိတ်တစ်ဝက်စာတော့ အမေ့ကို နားလည်ခဲ့ပါပြီ။
ကြယ်ကြွေချိန်
:(
ReplyDeleteအမလည်းအမအမေက မောင်လေးကိုပိုချစ်တယ်လို့ခုထိထင်တုန်းပဲ ခုထိ တကျက်ကျက်ပြသနာဖြစ်တုန်းပဲ ဒါပေမယ့်အမေ့ကိုချစ်တယ် အမေဟာအမေပါပဲ
ReplyDelete