Wednesday, December 7, 2011

ချစ်သူ

ဒီနေ့ တစ်နေ့လုံး အိမ်တွင်းပုန်း ခြေချုပ်မိပါတယ်။ ရှားရှားပါးပါး မြန်မာရုပ်ရှင် တစ်ကားလောက် ကြည့်မယ်လို့ စိတ်ကူးမိရော။ facebook ကလည်း တော်တော်ကို ပျင်းစရာကောင်းလာပြီကိုး။ ဖတ်စရာ ဘလော့ဂ်တွေလည်း ကုန်ပြီလေ။ guitar ကျင့်တာလည်း အတော်ကို အညောင်းမိနေပြီ။ သီချင်း အသံသွင်းကြည့်တော့လည်း အဆင်မပြေ၊ ကိုယ့်အသံ ကိုယ်ပြန်ကြားနေရတာတောင် ခဲနဲ့ထုချင်စိတ်တွေ ပေါက်နေလို့။

ပထမဆုံး မြန်မာရုပ်ရှင်ကား တစ်ကားကို စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုက်နှစ်သက် မိခြင်းပါ။ ဇာတ်ကား နာမည်က "ချစ်သူ" တဲ့။ ဖွေးဖွေးနဲ့ ရဲတိုက်တို့ သရုပ်ဆောင်ထားပါတယ်။ ပြောရရင်တော့ အချစ် အဆွေးကားပေါ့။ ဇာတ်လမ်းက လူကို တော်တော် ၀မ်းနည်းစေတယ်။ ရင်ထဲမှာ အတော့်ကို နေလို့ မကောင်းဘူး။ မင်းသမီးက တစ်ခွန်းပြောလိုက် မင်းသားက မျက်ရည်တစ်ပေါက် ကျလိုက်နဲ့ ကျနော့်မှာ စိတ်မခိုင်ပါဘူး ဆိုနေမှ ငိုလိုက်ရတာ တစ်ရှူးတွေ အတော်ပြောင်ပြီ။

မြန်မာဇာတ်ကားတွေထဲမှာ တက်သစ်စ မြန်မာသရုပ်ဆောင်တွေ ဒီလောက် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကို တော်တော် သဘောကျမိတယ်။ ဖွေးဖွေးရော ရဲတိုက်ရော acting အရမ်း ပီပြင်တယ်။ ဇာတ်လမ်း အစမှာတော့ ခပ်ပေါ့ပေါ့ပဲ ဆိုတော့ ပုံမှန်တခြား မြန်မာကားတွေလိုပဲ ပေါ့ရွှတ်ရွှတ်လို့ ထင်တာပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လူက ဇာတ်လမ်းထဲ မျောဝင်သွားတယ်။ ကျနော်ပဲ ပိုလွန်းနေတာလား၊ မင်းသား မင်းသမီးကပဲ အမူအရာကောင်းလွန်းနေသလား မသိပါဘူး။ ခုလက်ရှိ အခြေအနေနဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်နိုင်ပါတယ်လေ။ လူဆိုတာက ကိုယ်နဲ့ တိုက်ဆိုင်နေရင် ပိုနှစ်သက်တတ်တာ သဘာဝပဲကိုး။ ဒီကား ကြည့်ရင်း ကျနော်သာ မင်းသမီးလို leukemia ရှိနေမယ်ဆိုရင်တောင် အဲ့လောက် နွေးထွေးတဲ့ ချစ်သူ ရှိနေရင်တော့လား၊ ငါ သေပျော်မှာပဲလို့ ပေါက်ကရလေးဆယ် တွေးမိတယ်၊ တကယ်။ အဟီး။

ဖွေးဖွေးနဲ့ ရဲတိုက် နှစ်ယောက်လုံးကိုတော့ ကြိုက်ပြီးရင်း ကြိုက်နေမိပါပြီ။ သူတို့နှစ်ယောက်က အရမ်း လိုက်ဖက်တဲ့ သရုပ်ဆောင် အတွဲပါပဲ။ စိတ်ခိုင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်ချင် ကြည့်လို့ရတယ်နော်။ ကြိုက်မကြိုက် အာမ,မခံနိုင်ပေမယ့် ကြိုက်ခဲ့ရင် ကျနော်နဲ့ စိတ်ချင်းညီတယ်လို့ ပြောလို့ရပါတယ်။ တလွဲမထင်ပါနဲ့၊ စိတ်မခိုင်သူချင်း တူတယ်လို့ ပြောတာပါ။ ကြည့်ကြည့်လိုက်ပါ၊ တကယ်ကောင်းပါတယ်။ >:)


"ချစ်သူ" ကားထဲက ဇာတ်ဝင်ခန်း တစ်ခန်းပါ။


သူတို့နှစ်ယောက်တွဲ ပုံတွေပါ။ အတော် အတွဲညီတယ်လို့ ထင်ပါတယ်။ ဓာတ်ပုံတွေအားလုံး Facebook က Phway Phway Fanpage ကနေ ယူထားပါတယ်။

ကျေးဇူးတင်ပါတယ်။

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...