Wednesday, December 14, 2011

ကျနော်နှင့် အပျင်းရောဂါ

အပျင်းရောဂါတဲ့.. အင်း.. လူတိုင်း အနည်းနဲ့အများတော့ ရှိကြမှာပဲထင်တယ်။ ကျနော်ကတော့ ထိပ်ဆုံးက ပါမယ်လို့ ထင်တာပဲ။ ပျင်းတယ် အတော့်ကို ပျင်းတာ.. ငယ်ငယ်တုန်းက ကျူရှင်သွားဖို့ ကျောင်းသွားဖို့ ပျင်းတာက အစ ကိုယ်စားဖို့ ထမင်းတောင် ထခူးဖို့ ပျင်းတာအဆုံးပေါ့။ အမေက နာမည်ပေးထားတယ် "懒惰虫" တဲ့။ တိုက်ရိုက် ဘာသာပြန်ရင် ပျင်းတဲ့ပိုးကောင် ပေါ့။ အဲ့နာမည်ကိုပဲ အိမ်မှာ စာစကားရော အိမ်စကားနဲ့ပါ ခေါ်တယ်။ အဘိုးနဲ့အဘွားကတော့ တစ်ဦးတည်းသော မြေးမလေးကို အဲ့လို မခေါ်ရက်ပါဘူး။ မြေးမလေး ဆိုပြီး အိမ်စကားနဲ့ ခေါ်တယ်။ စာစကားဆိုတာ Mandarin ကိုပြောတာပါ။ ကျနော်တို့အိမ်စကားကတော့ Hokkien Dialect (福建语) ပေါ့။ Singapore မှာပြောကြတဲ့ Hokkien နဲ့ အတူတူပါပဲ။

အပျင်းရောဂါ အကြောင်း ဆက်ပါမယ်။ လူကြီးတွေ ပြောတာ ကြားဖူးပါတယ်၊ ကိုယ်ပင်ပန်းမယ့် အလုပ်ဆို ခြင်တောင် မရိုက်ဘူး၊ အီးတောင် ကျယ်ကျယ် မပေါက်ဘူးတဲ့ (သည်းခံပါ ခမျာ)။ ကျနော်ပျင်းပုံက အဲ့လိုတော့ မဟုတ်ဘူးဗျ။ ကိုယ်စိတ်ပါလက်ပါ ရှိတဲ့ အလုပ်ဆို တောက်လျှောက် နားရကောင်းမှန်းမသိ လုပ်တာ။ ဇိုးဇိုးဇွက်ဇွက် ဟောဟောဒိုင်းဒိုင်း ဆိုသလိုပေါ့။ စိတ်ကလည်း ကြီးပါ့။ ဇွတ်ကလည်း ဇွတ်သေး။ ကိုယ်မှန်တယ်ထင် တဇွတ်ထိုးကို ဇောက်ချတော့တာ။ တားမရ ဆီးမရ။ ပင်ပင်ပန်းပန်း နဖူးကချွေး ခြေမကျ ရမယ့် အလုပ်မျိုးတော့ ဘယ်သူက ကြိုက်မှာတုန်း။ ဒါပေမယ့် အဲ့လိုလုပ်မှ အမှန်လို့ ကျနော်ထင်ရင် နောက်မဆုတ်တမ်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဇွတ်တိုးမှာပဲ။ အေးလေ.. အဲ့ဒါကြောင့် Singapore ရောက်လာတာပေါ့။ ဇွတ်သာမလုပ်တတ်ရင် အခုချိန် ရန်ကုန် ဆေးတက္ကသိုလ်မှာ ရောင်းရင်းတွေနဲ့ ဆေးထိုးအပ် ကိုင်နေရပြီပေါ့။ Final Part 2 ကြီးများတောင် ရောက်နေကြပြီ။

အပျင်းကြီးတယ်။ ဒါပေမယ့် အသန့်ကြိုက်တဲ့ နေရာမှာလည်း ၂ယောက် မရှိဘူး။ ကိုယ့်အခန်း ကြမ်းပြင်ပေါ် ဆံပင်အမျှင်တွေ ကျနေတာ မြင်ရရင် စိတ်ထဲ မသိုးမသန့် ဖြစ်လာရော။ ချက်ချင်း တံမြက်စည်းထလှည်း၊ ကြမ်းထတိုက်နဲ့ လုပ်တော့တာ။ ဇီဇာကြောင်တယ်လို့ မထင်ပါနဲ့၊ ဒါက တခါတလေ ဖြစ်တတ်တာပါ၊ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါကြောင့် လူ့စိတ်က ခန့်မှန်းရခက်တယ်လို့ ပြောတာ၊ ကျနော့စိတ်ကို နတ်မလိုက်နိုင်ဘူး။ ရန်ကုန်မှာ မိသားစုနဲ့ နေတုန်းကတော့ ကိုယ့်ကိုယ်ကို အဲ့လောက် အသန့်ကြိုက်မှန်း မသိခဲ့ဘူးဗျ။ အမေက မနက်တိုင်း အိမ်သန့်ရှင်းရေးလုပ်တာကိုး။ အိမ်က အမြဲသန့်ရှင်းနေတော့ မသိမထားမိဘူးပေါ့။ ပြီးရင် အမေက သန့်ရှင်းရေး ၀ိုင်းကူ လုပ်ခိုင်းရင်လည်း ဘ၀င်မကျဘူး။ အဲ့တုန်းက ၁၆ နှစ်လောက်ပေါ့။ သမီးရေ.. ကြမ်းတိုက်ပေးပါအုန်း ဆိုရင် ဆင်ခြေဆင်လက် ဥာဏ်နီဥာဏ်နက်တွေ ထွက်လာပြီး ရှောင်ပြီ။ အခု ဒီမှာ တစ်ယောက်ထဲ နေရတော့မှ သိလာတယ်။ သန့်ရှင်းမှုဆိုတာ လူတိုင်းအတွက် ကောင်းတဲ့အရာပါ။ ကိုယ့် စာကြည့်စားပွဲလေး သပ်ရပ်နေမှ စိတ်ကြည်လင်မှာ မဟုတ်လား။

နောက်ပြီးတော့.. ကမ္ဘာပေါ်မှာ စိတ်မရှည်ဆုံး အလုပ် - မိတ်ကပ်လိမ်းခြင်း။ ဟုတ်ပ.. အလှပြင်ဖို့ အရမ်းပျင်းတယ်။ သနပ်ခါးတော့ အရမ်းကြိုက်တယ်ဗျ။ ငယ်ငယ်လေးထဲက ဒီမလာခင်အထိ အမြဲ သနပ်ခါး ခပ်ပါးပါးလိမ်းထားလေ့ ရှိတယ်။ မိတ်ကပ်ကတော့.. မဖြစ်မနေ ပြင်ရမယ့် ပွဲမျိုးဆိုမှ ကိုယ့်စိတ်ကို မနည်း ဖျောင်းဖျပြီး ခပ်ပါးပါးတော့ လိမ်းခြယ်ရတယ်။ မနေတတ်ဘူးဗျ.. မိတ်ကပ်နဲ့ဆို မျက်နှာပေါ် နောက်အရေပြား တစ်ထပ် ဖုံးထားသလိုကြီး။ စိတ်ရှိလက်ရှိ လိမ်းခြယ်တယ်ဆိုတာ တစ်နှစ်လုံးမှာ တစ်ရက်လောက်တော့ ရှိနိုင်ကောင်းပါတယ်။ ကျနော့အတန်းဖော်တွေ ရှိတယ်။ ကျောင်းလာရင် နေ့တိုင်း မနက်ဘယ်လောက် စောတဲ့ အတန်းပဲ ဖြစ်ပါစေ၊ မျက်တောင်တွေ ကော့ပျံ၊ မိတ်ကပ်အဖွေးသားနဲ့ ကျောင်းလာတာဗျ။ အနည်းဆုံး နာရီဝက်၊ ၁နာရီလောက် အချိန်ယူ ပြင်ရမယ့် မိတ်ကပ်မျိုး။ အံ့ရော စလုံးမလေးတွေ အံ့ရော.. ကျနော်ဆို မနက် ၈နာရီ အတန်းဆို အိပ်ရာက ကုန်းရုန်းထ၊ shower အောက် ပြေးဝင် ရေချိုးပြီး မျက်နှာပြောင်နဲ့ လစ်ရတော့တာ။ သွားတိုက် မျက်နှာသစ် ရေချိုး အလွန်ဆုံး နာရီဝက်ပဲ အချိန်ပေးနိုင်တာ၊ အိပ်ချိန်က ပိုအရေးကြီးတယ် မဟုတ်ဘူးလား။ မျက်နှာကို ကြည့်ပျော်ရှုပျော်လေး ဖြစ်အောင် မိတ်ကပ် ပြင်တတ်တယ်။ အဓိက,ကတော့ စိတ်မရှည်တာပဲ၊ အချိန်ကုန်လို့။

ဆက်ပြောရမယ်ဆို အများကြီးပဲ။ ပျင်းတဲ့ အရာတွေနဲ့ ခြွင်းချက်တွေပေါ့။ ခုတော့ ပျင်းတဲ့ပိုးကောင် လုပ်လို့မရတော့ဘူးဗျ။ တံမြက်စည်းလှည်းပြီး အ၀တ်လျှော်ရဦးမှာမို့ ဒီမျှနဲ့ပဲ တော်သေးပြီ။ =D


ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...