Monday, December 12, 2011

စကားလုံးများ ဆွံ့အနေပါသည်

မှတ်ချက်။ ဤ post သည် နောက်ရန် ပြောင်ရန် ရေးခြင်းမဟုတ်ပါ။ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။

ကျနော် မနက်ဖြန် ၂၁နှစ်ပြည့်ပါပြီ။ ဒီလိုအချိန်မျိုး အဖေနှင့် အမေကို အရမ်းတွေ့ချင်မိပါသည်။ ဘော်ဒါ အတော်များများလည်း ဒီမှာ မရှိကြပါ။ မနက်ကတည်းက အလုပ်တွင် ခါတိုင်းလို မဟုတ်၊ စိတ်လက် လေးလံပြီး ငိုချင်စိတ်ချည်း ပေါက်နေမိပါသည်။ အစားစားတော့လည်း လည်ချောင်းထဲ အစိုင်အခဲ ခပ်ကြီးကြီး တစ်ခုခုကို တုတ်တစ်ချောင်းဖြင့် တေ့ထားသလို တစ်နေပြီး မျိုမကျပါ။ ဘာကြောင့်မှန်းလည်း ရေရေရာရာ အဖြေရှာမရပါ။

အိမ်ပြန်ရောက်ပြီးနောက် ခုနလေးတင်မှ သူငယ်ချင်းတစ်ယောက်နှင့် gtalk တွင် စကားပြောမိတော့မှ ကွန်ပျူတာရှေ့ ချုံးပွဲချ ငိုမိပါသည်။ ရှိုက်ငိုတယ်ဆိုတာ ဘာမှန်း ခုမှပဲ နားလည်တော့တယ်။ ငိုရင်းနဲ့ မောပြီး အသက်ရှူ မ၀တော့တာကို ပြောတာ။ တော်တော်နဲ့လည်း ရပ်လို့မရဘူး။ ငိုချင်လျက် လက်တို့ ဆိုသလိုပေါ့။ သူများတကာ ကြားလို့မှ မကောင်း၊ ဒီအရွယ်ကြီးရောက်မှ ကလေးကလား အလကားနေရင်း ငိုရတယ်လို့ ဆိုပြီး ၀ိုင်းလက်တို့ကြမှာ မြင်ယောင်ပါသေးတယ်။ ပြောချင်လည်း ပြောကြပါစေတော့။ ကျနော် တကယ်ကို အောင့်အည်း မထားနိုင်တော့လို့။ မျက်ရည်တစ်ပေါက်ကျ ဒေါ်လာ ၁၀၀ ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အင်း.. အဲ့လိုဆိုရင်တော့ မကျအောင် တင်းထားနိုင်ကောင်းပါတယ်။

ခုတော့ ငိုလို့ဝသွားပါပြီ။ ကျနော်က ဟိုးအရင် မွေးနေ့တွေနဲ့ ပတ်သက်လို့ တစ်ခါမှ စိတ်ထဲ အလေးအနက်ထားခဲ့ဖူးတာ မရှိပါဘူး။ မွေးနေ့ဆို မနက်ပိုင်း ရွှေတိဂုံတော့ ဖူးနေကျ။ ပြီးရင် ပေါင်မုန့် ကိတ်မုန့် နည်းနည်းပါးပါး ၀ယ်ပြီး ဆရာတွေ အိမ် လိုက်ကန်တော့ပါတယ်။ ညကျရင်တော့ မိသားစုနဲ့ တရုတ်တန်းထိပ် မုန့်လျှောက်စားပေါ့။ တခါတလေ သူငယ်ချင်းတွေနဲ့ လျှောက်သွား။ သိပ်ပြီး စိတ်ထဲမစွဲ ခဲ့ပါဘူး။ ခုကျတော့ "၂၁" ဆိုတဲ့ ဂဏန်းက စိတ်ထဲမှာ အတော့်ကို နေရာယူနေပါတယ်။ ဒီ့ထက်ဖြစ်နိုင်တာက ရင်းနှီးတဲ့ ဘော်ဘော် တချို့က ရန်ကုန်ရောက်ပြီး စကားသိပ်မပြောဖြစ်တော့ စိတ်ထဲ အထီးပဲ ကျန်နေသလိုလို၊ အမပဲ ကျန်နေသလိုလို ဖြစ်နိုင်ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုလည်း သေချာ နားမလည်တော့ပါဘူး။ ငိုပြီးတော့ နည်းနည်း နေလို့ကောင်းသွားတာပဲ သိပါတော့တယ်။

သူငယ်ချင်းတွေက ကျနော့မွေးနေ့ မမှတ်မိလို့ ၀မ်းနည်းတာ၊ ဘာညာ.. ဒါတွေက ကလေးဘ၀မှာတုန်းက ကျန်ခဲ့ပါပြီ။ စိတ်ထဲက မပါဘဲ အပေါ်ယံ ပြောတဲ့ Happy Birthday တွေတော့ မပါပါဘူး။ Facebook မှာတောင် Date of Birth ကို မထည့်ထားတာ.. ခုတော့ blog မှန်မှန်လာဖတ်တဲ့ သူငယ်ချင်းတွေဆိုရင်တော့ သိပြီပေါ့။ message ပို့ပြီး wish လုပ်မယ်ဆိုရင်တော့ ကျေးဇူးကမ္ဘာပါလို့။ ခုအရွယ်က "ဟဲ့ နင်သိလား၊ မနက်ဖြန် ငါ့မွေးနေ့ဟဲ့၊ နင်ငါ့ကို လက်ဆောင် အကြီးကြီး ပေးရမယ်နော်" ဆိုတာမျိုး အခုအချိန်မှာ ပါးစပ်က ထုတ်ပြောလို့မှ မဖြစ်နိုင်တော့တာ။ ဒါပေမယ့် ကျနော်လည်း လူထဲက လူပါပဲ။ လူမှန်ရင် တဏှာ ရမက် လိုချင်တပ်မက်မှုတော့ အနည်းနဲ့ အများ ရှိကြတာပဲ။ ကျနော် ချစ်တဲ့ သူတွေဆီက "ဟဲ့ cho၊ ဒါ နင့်အတွက် မွေးနေ့ အမှတ်တရ လက်ဆောင်၊ ငါ မနည်းရှာလာရတာဟဲ့ သိလား.. ဖတ်ဖတ်ကို မောနေတာပဲ" ဆိုပြီး ကြားလိုက်ရရင်တော့ တော်တော့်ကို ပျော်စရာကောင်းမှာပေါ့။ ကျနော်ချစ်တဲ့၊ တန်ဖိုးထားတဲ့သူတွေက ကျနော့်ကို တူညီတဲ့ မေတ္တာနဲ့ တန်ဖိုးထားတယ်ဆိုတာ သိရရင် ဘယ်လောက် ပီတိဖြစ်စရာကောင်းလဲ။ မဟုတ်ဘူးလား။ ပစ္စည်း ဥစ္စာ ဆိုတာ အကြီးအသေး ပမာဏဆိုတာ အဓိက မဟုတ်ပါဘူး။ ဒါလေးရဲ့ နောက်ကွယ်က စိတ်ကလေး တစ်ခုကသာ ပဓာန ပါ။

ဆရာတော် ဦးဇောတိက ရေးတဲ့ "တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ မှတ်မိသလောက် ကျနော် နားလည်သလို ပြန်ပြောပြခွင့်ပြုပါ။ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ တစ်ပါးသူ ကိုယ့်ဘေးနားမှာ ရှိသည်၊ မရှိသည်ပေါ်မှာ မမူတည်ပါဘူးတဲ့။ သူ့အကြောင်း တွေးမိရုံနဲ့တင် ကိုယ့်စိတ်ထဲ စိတ်ချမ်းသာရာ တစ်ခုခု ရတယ်ဆိုရင် ဒါဟာ ကိုယ့်ရဲ့ ပျော်ရွှင်မှု အစစ်အမှန် ပါပဲတဲ့။ သူ့အကြောင်း တွေးမိတိုင်း ပျော်နေတယ်ဆိုရင် ဒါဟာ မင်္ဂလာပါပဲတဲ့။ ကိုယ့်ဘေးနား ကိုယ်ချစ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ မရှိတော့တာနဲ့ စိတ်ထဲ ဟာတာတာဖြစ်သွားတယ်၊ ၀မ်းနည်းသွားတယ်လို့ ကျနော် ၀န်ခံရမယ်ဆိုရင် ဒါ ကျနော် ရင့်ကျက်ဖို့ အများကြီး လိုနေသေးတယ်ဆိုတာ ထင်ရှားနေပါပြီ။

မနက်ဖြန် မွေးနေ့မှာ အလုပ်ဆင်းရပါမယ်။ ထုံးစံအတိုင်း စင်္ကာပူ တစ်ပတ် ပတ်ပြီး စာကြည့်တိုက်တွေ လျှောက်သွားရပါဦးမယ်။ ဒီအလုပ်က အတော်တော့ပင်ပန်းပါတယ်။ ဒါပေမယ့် လျှောက်သွားနေရတာ ကြိုက်တဲ့ ကျနော့အဖို့တော့ ပျော်စရာကောင်းပါတယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုသလိုပေါ့။ အလုပ်ဆင်းရင် အေးချမ်းတဲ့ တရားရိပ်မှာ ခိုလှုံဖို့ရာ မြန်မာဘုန်းကြီးကျောင်း သွားပါဦးမယ်။

မနှစ်က ဒီလိုအချိန် (အသက် ၂၀ ပြည့်ချိန်ပေါ့) အဖေက ၂ယောက်ထဲ အပေါ်ဆုံးထပ် ၀ရန်တာမှာ စကားပြောရအောင် ဆိုပြီး ခေါ်တာ သတိရပါသေးတယ်။ အဲ့နေ့ညက လရောင်အောက် အဖေနှင့် စကားပြောခဲ့ရတာ စိတ်ထဲ အပေါ့ပါးဆုံး ညလေးပါပဲ။ အဖေနဲ့ နောက်ရင်း ပြောင်ရင်းကနေ တခါတရံ ရှေ့ဆက် ဘ၀ခရီးအကြောင်း အတည်ပေါက်ကြီးတွေ ပါလာရော။ ကျနော်သည် အမေ့ကို ချစ်သလောက် အဖေ့ကိုလည်း အလွန်တွယ်တာပါသည်။ အဖေက ကျနော့်အတွက်တော့ တစ်ဦးတည်းသော ချစ်စရာအကောင်းဆုံး သူငယ်ချင်းကြီး တစ်ယောက်ပါပဲ။

တကယ်တော့ အဲ့နေ့ညက အသက် ၂၀ ပြည့်ပြီး နောက်တစ်ရက်ပါ။ တကယ့် ၂၀နှစ်ပြည့် မွေးနေ့က ကျောင်းက Community Project နဲ့ ထောက်ကြံ့ဘက်က မေတ္တာနန္ဒ မိဘမဲ့ ကလေးများ စာသင်ကျောင်း မှာ စာသွားသင်ပေးနေခဲ့တာပါ။ အဲ့နေ့က အလုပ်တွေရှုပ်နေပြီး မွေးနေ့ဆိုတာလည်း သိပ်သတိမရမိဘူး။ တစ်နေကုန် စာသင်ပြီးတော့မှ သူငယ်ချင်းတွေက Happy Birthday သီချင်းထဆိုပြီး သူတို့ ကိုယ်တိုင် လုပ်ထားတဲ့ စပါယ်ရှယ် မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်လေး တစ်တိုင်ထွန်းလို့ ရောက်လာကြတယ်။ နယ်ရောက်နေတော့ မွေးနေ့ကိတ် ဆိုတာမှ မရှိတာ။ တော်တော့ကို အံ့သြခဲ့ရတာ။ အဲ... စပါယ်ရှယ်ကိတ်ကိုတော့ အောက်က ပုံ မှာ ကြည့်လိုက်နော်။ အော်.. ဒါလေးကတော့ တကယ့်ကို အမှတ်တရလေးပါပဲ။


၂၀နှစ်ပြည့် မွေးနေ့ကိတ် (ချော့ကလက်ယို ၃ထပ်ကပ် biscuits နဲ့ အပေါ်မှာ Milo မှုန့်တွေ အများကြီး ဖြူးထားတာ.. ကျနော် ပေးထားတဲ့ ကိတ်နာမည်က Milo Dinosaur in the Dark Forest.. မိုက်တယ်ဟုတ်? :D)

၂၁နှစ် ဆိုတာ နိုင်ငံ တော်တော်များများမှာ Officially Adult လို့ အသိအမှတ်ပြုတဲ့ ကာလ အပိုင်းအခြားပါပဲ။ ဒါပေမယ့် ကျနော့်အတွက်တော့ Personally Adult လို့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုနိုင်ဖို့ ပိုပြီး အရေးကြီးပါတယ်။ Officially Adult ဖြစ်ဖို့တော့ ၁နာရီခွဲ လောက်ပဲ လိုပါတော့တယ်။ Personally Adult ဖြစ်ဖို့လည်း သိပ်မကြာလောက်တော့ဘူးလို့ မျှော်လင့်ရတာပဲ။ ခုလောလောဆယ်တော့ စကားသိပ်များများပြောချင်စိတ် မရှိပါဘူး။ အော်.. စကားမပြောချင်လို့ပဲနော်၊ ရေးလိုက်တဲ့ ပို့စ်ကြီးက နည်းတာကြီး ဟုတ်ဘူး၊ အရှည်ကြီးပဲ။ တကယ်ပါ.. ဒီနေ့ တစ်နေ့လုံး ပြောခဲ့တဲ့ စကားက အလုံးရေ ရေတွက်လို့ရပါတယ်။ မြန်မာစကားတောင် တစ်လုံးမှ မပါသေးပါဘူး။ ကဲပါလေ.. အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ =)

Papa nae' mama ko kyay zoo myarr g tin bar di.. For raising me well.. I promise i will be a better me coming years.. Thank Q.. :'D

မွေးနေ့လက်ဆောင် ပို့ပေးမယ်ဆိုရင်လည်း စိတ်မဆိုးဘူးနော်။ :D

အခုတော့ 祝我生日快乐 နားထောင်ပြီး :'( ..
我真的不想要哭。。但忍不住。。泪水都一直在跑下来。。觉得好孤单。。好寂寞。。

ကြယ်ကြွေချိန်

1 comment:

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...