Thursday, December 22, 2011

ယခင်ကဒီဇင်ဘာ

ဒီဇင်ဘာ။ တစ်နှစ်တာလုံး မှာ အကြိုက်ဆုံး လ။ စိတ်ထဲ အေးချမ်းတယ်။ အေးစိမ့်စိမ့် ရာသီဥတုနဲ့ အတူတူပေါ့။ အမှတ်တရ အဖြစ်ဆုံး ဒီဇင်ဘာကတော့ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ဒီဇင်ဘာ ဖြစ်မယ်ထင်တယ်။ ၃၊၄၊၅ နှစ် အရွယ်လောက်တုန်းကပေါ့။ ကျောင်းကြီးမတက်ခင် အရွယ်ပေါ့။ အဖေနဲ့ တူတူ ပဲခူးတိုင်း၊ သုံးဆယ်မြို့ ဆိုတဲ့ ချောင်ကျကျ တောမြို့လေးကို လိုက်သွားတယ်။ ၃နှစ်အရွယ်ထဲက။ ကျောင်းကြီးတက်မှ ရန်ကုန်ကို ပြန်လာရတာ။ ပြောရရင် လုံးဝ မပြန်ချင်ဘူး။ အဲ့မှာပဲ ပျော်တယ်။ ကြီးလာတော့ ဒီဇင်ဘာဆို အဲ့တောမြို့လေးကို သတိရတယ်။ ရန်ကုန် ဆောင်းက နေ့ဘက်ဆို ပူစပ်စပ် ကြီးကိုး။

အဲ့တုန်းကတည်းက နှင်း၊ မြူကို ကြိုက်ခဲ့တာဗျား။ ဒီဇင်ဘာ ဒုတိယ ပတ်လောက်ဆို မြူတွေက အရမ်းသည်းလာပြီ။ ရှေ့ ၁၀ ပေ အကွာလောက်ကို လုံးဝ မမြင်ရတော့ဘူး။ မနက်ဘက် ၁၀နာရီလောက်ထိ မြူ မကွဲသေးဘူး။ နေတော်တော့်ကို အားကောင်းမှ ၁၁နာရီလောက် နေပွင့်တာ။ လက်ဖျားတွေဆို အေးစက်ပြီး ထုံခဲနေတာ။ နာခေါင်း အဖျားတွေဆို ကြွေကျ လောက်တယ်။ စကားပြောရင် ပါးစပ်ထဲကနေ အငွေ့တွေ ထွက်တာလေ။ ကလေးတုန်းကတော့ စကားတွေ တောက်လျှောက်ပြောပြီး ထွက်လာတဲ့ အငွေ့တွေ လိုက်ဖမ်းကြတာ မှတ်မိပါသေးတယ်။ မြန်မာပြည် အထက်ပိုင်း ဒေသတွေလောက် မအေးပေမယ့် အအေးဆုံး အပူချိန်က ၁၀ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်လောက်။ ပဲခူးတိုင်းဆိုတော့ အလယ်ပိုင်း မကျတကျပေါ့။ ရာသီဥတု နည်းနည်း ပြင်းထန်တယ် ပြောရမယ်။ နွေဆိုလည်း ကြွပ်နေအောင် ပူတယ်။ မိုးဆိုလည်း သွပ်မိုးတွေမှာ တဖြန်းဖြန်းနဲ့ကို မြည်တာ အိပ်လို့ကို မရဘူး။ ဆောင်းဆိုလည်း သွားချင်းရိုက်၊ ဂတ်ဂတ်တုန်အောင် ချမ်း။

ကျနော်တို့ အိမ်ရှေ့ အဖီလေးမှာ အဖေ့ကို ခွင့်တောင်းပြီး ရေမုန့်၊ သာကူ ရောင်းတဲ့ အပျိုကြီး အန်တီ တစ်ယောက် ရှိတယ်။ သူက အသံ ခပ်ကျယ်ကျယ်နဲ့။ တစ်မြို့လုံးက အပျိုကြီး လို့ပဲ ခေါ်ကြတယ်။ အသက် က ၃၅ လောက်ပေါ့။ ခုဆို ၅၀ ကျော်ပြီပေါ့။ ကျနော်ကတော့ မမအပျိုကြီး ခေါ်တယ်။ မနက် ၅နာရီလောက်ဆို ရေမုန့်ဆိုင်လေး ဖွင့်ပြီ။ ကျနော်က အဲ့တုန်းက သေးသေးလေး။ ၄နှစ်လောက်ပေါ့။ မောင်လေးဆို ပိစိကွေးလေး။ ၂နှစ်တောင် မပြည့်သေးဘူး။ မနက်နိုးတိုင်း ကျနော့တာဝန်က ကြက်ဥ ၃လုံးယူပြီး ရေမုန့်ဆိုင်ကို သွားရတယ်။ အဖေ အမေနဲ့ ကျနော့်အတွက် ကြက်ဥ နဲ့ ရေမုန့် ၃ခု အပျိုကြီးကို သွားလုပ်ခိုင်းရတယ်။ ရန်ကုန်မှာလို မနက်ဘက် ထိုင်စရာ မုန့်ဝယ်စရာ လက်ဖက်ရည်ဆိုင်မှ မရှိတာ။ အမေ ကြက်ဥ ပေါင်မုန့် မကြော်အားရင် သူလုပ်တဲ့ ရေမုန့်ပဲ စားစရာရှိတာ။ သုံးဆယ်က ရေမုန့်ဆိုတာ ရန်ကုန်က ရေမုန့်နဲ့တော့ မတူဘူးနော်။ အဲ့လို ပါးပါးရွရွ ကြွပ်ကြွပ် ငန်ငန်လေး မဟုတ်ဘူး။ ပျော့ဖလပ်၊ မုန့်နှစ် ထူလပျစ်နဲ့ ခပ်ချိုချို အရသာ ရှိတဲ့ မုန့်ချပ်ထူထူကို လေးခေါက်ခေါက် ထားတာ။ သူ့ သာကူတော့ မစားရဲပါဘူး။ ယင်ကောင်တွေ နားလို့။ တောမှာက သဲတရှပ်ရှပ် ယင်တ၀ီဝီနဲ့ဗျ။ အသန့်အပြန့် ကြိုက်တဲ့ မြို့သားဆို မသွားနဲ့၊ အခန့်မသင့်ရင် ၀မ်းပျက်မှာနော့။ :D

ကော်ဖီ ဖျော်ဖို့ ရေနွေးကိုတော့ အမေ တည်ပေးတယ်၊ ကျနော်က ရေနွေးအိုး မ,မ နိုင်ဘူးလေ :D (အဲ့ခေတ်တုန်းက စူပါ၊ စူပါဆိုပြီး ရယ်ဒီမိတ် ကော်ဖီထုပ်တွေ ခေတ်စားတာကိုး)။ တစ်မြို့လုံး စူပါ ကော်ဖီထုပ် သောက်နိုင်တဲ့ သူ ဆိုတာ အတော်ရှားတယ်ဗျ။ မယုံမရှိနဲ့ဗျာ အဟုတ်။ တောနယ်လေးကိုး။ ကုန်စုံဆိုင်မှာတောင် စူပါကော်ဖီ တင်ရောင်းလေ့ မရှိကြဘူး။ မနက်စာကို ကော်ဖီနဲ့ ရေမုန့်နဲ့စား။ ကျနော်က ဘယ်တော့မှ ရေမုန့် တစ်ခုလုံး စားမကုန်ဘူး၊ ၃ပုံ၁ပုံပဲ စားနိုင်တယ်။ အမေက အဖေ့ကို သမီးမုန့် ၀ိုင်းစားဆိုပြီး၊ အချိုးကျကျ ခွဲပေးတယ်။ မောင်လေးကတော့ ဟာကျူလီ ငပျော့။ တော်တော်ကြီးတဲ့ထိ အဖတ်မစားနိုင်ဘူး။ စားရင် စားထားတာ ကုန်တဲ့အထိ ၀မ်းလျှောတယ်။ အမေက နို့မထွက်တော့ ပိုဆိုး။ နို့မှုန့်ဘူး ဖျော်တိုက်တော့လည်း လျှောပြန်ရော။ နောက်ဆုံး ထမင်းရည်နဲ့ပဲ တဲ့သွားတယ်။ ဒီကောင်လေးက ထမင်းရည် ဆားခပ်သောက်ပြီး ကြီးလာတာဗျ။ ကြီးလာတော့ ရန်ဖြစ်တိုင်း သူက ကျနော့်ကို အမြဲပြောတယ်။ နင့်ကို အရင်မွေးလို့ မားက နို့မထွက်တာတဲ့၊ နင်အကုန်လုစားသွားတာတဲ့။ ကတ်သီးကတ်သပ် ပြောလည်း ပြောတတ်တယ်။

နေ့လယ်ဖက်ဆို နေ့တိုင်း လုပ်ရတဲ့ တာဝန် တစ်ခု ရှိတယ်။ အိမ်ရှေ့မှာ မုန့်လက်ဆောင်းသည် ထွက်စောင့်ရတာ။ အဲ့ အစ်မကြီး ၂ယောက်က နေ့လယ် ၁နာရီလောက်ဆို အမြဲ တောင်း ၂လုံး ရွက်လာပြီး "မုန့်လက်ဆောင်း အေးအေးလေး ရမယ်" ဆို အော်ပြီး ပန်းဆွဲလမ်း (ကျနော်တို့လမ်း) ထဲ ၀င်လာကြပြီ။ အဲ.. သူတို့ ၂ယောက် လာရင် သိပ်ပျော်တာ။ သူတို့ လုပ်တဲ့ မုန့်လက်ဆောင်းကို ကြိုက်လို့။ တစ်မိသားစုလုံး ကြိုက်ကြတယ်ဗျ။ အမေက ချစ်သမီးကို အိမ်ရှေ့ထွက်ပြီး မုန့်သည်စောင့်နေ ဆိုပြီး တာဝန်ပေးထားတာ။ ဖြတ်သွားဖြတ်လာ နွားလှည်းတွေ ထိုင်ငေး၊ မောင်တော်လေးနဲ့ တူတူ ဇယ်ခုတ်ရင်း စောင့်ကြတယ်ပေါ့။ အဲ့လို..

တောက ဆောင်းတွင်းက အေးလွန်းတော့ ရေကို ဒီတိုင်း မချိုးနိုင်ဘူး။ အမေက မီးသွေးမီးဖိုမှာ ရေနွေးအိုးနဲ့ ရေနွေးကျိုပေးရတယ်။ တောက လူတွေကတော့ အေးဆေးပဲ။ သီချင်းလေး တကျော်ကျော်နဲ့ ရေကို ခြေဆုံးခေါင်းဆုံး လောင်းချိုးနေကြတာ။ သူတို့တွေက လူသန် လူမာတွေဗျ။ ကျုပ်နဲ့ မောင်လေးကတော့ ပိစိလေး.. အမေက ရေနွေးနဲ့ ရေအေး စပ်ပြီးပြီဆိုရင် ရေချိုးဖို့လိုက်ခေါ်ရပြီ။ ရေမချိုးချင်လို့ ၂ယောက်သား ခြံထဲ ပတ်ပုန်းနေကြတာ အမှတ်ရပါသေးတယ်။ ညစ်ပတ်ပေတူးလို့.. ကြောင်ချီးကုတ်တွေ။

ညနေဘက်ဆို ဘေးအိမ်က ကိုကြီး ထက်ထက်က သူ့စက်ဘီးနဲ့ စာအုပ် အငှားဆိုင် လိုက်ပို့တယ်။ အဲ့တုန်းက ကိုကြီး ထက်ထက်မှ ကိုကြီးထက်ထက်။ ကာတွန်းစာအုပ် ဖတ်ချင်တယ် ဆိုလည်း သူပဲ၊ အရုပ်လိုချင်တယ် ဆိုလည်း သူပဲ၊ စက်ဘီးတစ်စီးနဲ့ မြို့ထဲ ခေါ်ခေါ်သွားပေးရတာ။ ခိုင်းကောင်း.. ဟီး။ ခုတော့လည်း ဘာသတင်း အစအနမှ မကြားရတော့ပါဘူးလေ။ အဲ့အိမ်မှ မပြန်ဖြစ်တော့တာ။ အိမ်ထောင်ကျပြီး ကလေးတောင် တော်တော် ကြီးလောက်ပြီ ထင်တယ်။

အဖေ့ စက်ရုံ အနောက်ဘက်မှာ ချောင်းကြီး ရှိတယ်။ ညနေဘက် စက်ရုံပိတ်ချိန်ဆို အဖေက ကျနော်တို့ ၂ယောက်ကို ချီပြီး ချောင်းဘက် လမ်းလျှောက်နေကျ။ ချောင်းထဲမှာ အမြဲ ကလေးတွေ ရေချိုး ရေဆော့ နေကြတယ်။ ကျနော်တော့ တစ်ခါမှ မဆင်းဖူးဘူး။ အဖေနဲ့ အမေက လူကြီး မပါရင် ဘယ်မှ ပေးမသွားဘူးကိုး။ တောမှာဆိုတော့ မြွေပါး ကင်းပါး အန္တရာယ်လည်း ရှိတယ် မှတ်လား။ ခြံထဲမှာဆို မြက် ရှိရှိ မရှိရှိ မြွေ၊ ကင်းကတော့ အမြဲရှိတယ်။ ကျုပ်တို့တော့ မြင်ရတာ ရိုးနေပြီ။ အဖေက မြွေဆို အရက်ပုလင်းထဲ ထည့်ထည့်စိမ်ထားတာ။ ဆေးဖက်ဝင်တယ်တဲ့။ ခုဆို နှစ်ချို့နေပြီ။

ချောင်းနဲ့ မနီးမဝေးမှာ လယ်ကွင်းတွေ ရှိတယ်။ ချောင်းထဲက ရေနဲ့ လယ်စိုက်ကြတာတဲ့။ နွေစပါးအချိန်ဆို စက်တွေနဲ့ စုပ်ထုတ်နေတာ မြင်ဖူးတယ်။ အဲ့လယ်ကွင်းထဲမှာလေ စားဖား အကြီးကြီးတွေ အများကြီးပဲ။ ညဖက်ဆို လယ်သမားတွေ ဖားရိုက်ထွက်ကြတာ မြင်ဖူးတယ်။ ဖားသားကြော်က တကယ် စားလို့ကောင်းတယ်ဗျ။ ကြက်သား အကြွပ်ကြော် ရှုံးတယ်၊ တကယ်ပြောတာ။ အမေနဲ့ ကျနော် မစားရဲမှန်း သိတော့ အဖေက ကြက်သားဆိုပြီး အမြဲ ညာကျွေးတယ်။ တောမှာ ကြီးလာတော့ ရန်ကုန် ၁၈လမ်း ဈေးတို့ city mart တို့မှာ မရနိုင်တာတွေ စားဖူးတာပေါ့။ ဖားသား၊ ယုန်သား၊ မြွေသား၊ ခွေးသား၊ ခိုသား၊ စာကလေးသား စုံမှစုံ။ တကယ့်ကို တောသူမ ပါပဲ။

ညဘက်ဆို မီးလာရင် အပျော်ဆုံး ကမ္ဘာပေါ့။ ကာတွန်းကား ကြည့်မယ်.. သို့မဟုတ် ဂိမ်းဆော့မယ်။ အဲ့ခေတ်က တီဗီကသေးသေးလေးဗျ။ Color TV တောင် သိပ်ခေတ်မစားသေးဘူး။ မီးလာလည်း မီးအားက မပြည့်ရင် တီဗီထဲက အရုပ်တွေက အမဲလိုင်းတွေ တက်လာပြီး ခါနေရော။ မီးမှောင်နေရင် ခြင်ကြီး တွေကလည်း အားကြီးကိုက်တယ်ဗျ။ ဘယ်လောက် ရိုက်ရိုက် မကုန်နိုင်တဲ့ ခြင်ကြီးတွေ။ သွေးစုတ်ထားတာ ဗိုက်ကြီးတွေ ဖောင်းကားပြီး မပျံနိုင်တော့ဘူး။ အဲ့မှာ ပွဲကြီးပွဲကောင်း၊ ကျနော်တို့နဲ့ ခြင်ကြီးတွေနဲ့ စစ်တိုက်ကြတာ အသေအကြေပဲ။ ခြင်တွေ သွေး တဖြန်းဖြန်းနဲ့ အတုံးအရုံး ကျဆုံးကုန်တာ၊ နည်းသေး.. ဟီး။ ခြင်ကိုက်လို့ တီဗီကောင်းကောင်း ကြည့်မရရင် ကျုပ်တို့ ၂ယောက်က ခြံထဲ ပတ်ပြေးဆော့နေတော့ အဖေက ကားထဲက ဘက်ထရီကိုထုတ်ပြီး မီးထွန်း၊ အင်ဗာတာနဲ့ သွယ်ပြီး တီဗီ ပြရတယ်။ အဲ့ဒါမှ ၂ယောက်သား ငြိမ်တာ။ တီဗီဂိမ်း ဆော့တဲ့အချိန်ဆို ရုံအပြည့်ပဲ။ ဘေးအိမ်က ကလေးတွေပါ ရောက်လာပြီး ၀ိုင်းကြည့်ကြပြီ။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ် အော်ဟစ်၊ အိမ်ထဲမှာ ဆူညံ ပွက်လောရိုက်နေပြီ။ တခါတလေ ကလေးချင်း ရန်ဖြစ်ရင် အမေ့မှာ ခေါင်းမီးတောက်ပြီး ကလေးတွေကို ၀င်ဆွဲပြီး အတင်း ကိုယ့်အိမ်ကိုယ် ပြန်ခိုင်းရတဲ့အဖြစ်။

ဒီဇင်ဘာ ညတွေရဲ့ အိပ်ချိန်ကတော့ ကျနော် အကြောက်ဆုံး အချိန်တွေပဲ။ ဘာကြောက်တာလဲဆိုတော့.. ဟုတ်ပါ့.. သရဲကြောက်တာ။ အိမ်က အကျယ်ကြီး၊ ခြံကြီးကလည်း အကြီးကြီး။ အိပ်ချိန်ကျ မီးမှောင်ချလိုက်ရင် လုံးဝ မှောင်မဲပြီး ပိန်းပိတ်နေရော။ မြို့မှာလို လမ်းမီးတွေမှ မရှိတာကိုး။ အေးလွန်းချမ်းလွန်းလို့ အိပ်မပျော်ရတဲ့ အထဲ သရဲက ကြောက်တော့ ပိုပြီး အိပ်မပျော်ဘူး။ ညဘက် အပေါ့သွားချင်ရင်တောင် အောင့်ခံတယ်၊ မသွားရဲလို့။ အမေ့ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီး စောင် ခေါင်းမြီးခြုံနေတာ။ ဘယ်တော့မှလည်း အစွန်ဆုံးမှာ မအိပ်ရဲဘူး။ ငါ့ဘေးနား သရဲကြီး ၀င်လှဲအိပ်နေရင် ဘယ်လိုလုပ်မလဲ ဆိုပြီး တွေးကြောက်တာ.. ဟီး။

ရန်ကုန်က ဒီဇင်ဘာကတော့ သိတောင် မသိလိုက်ဘူး၊ လှစ်ခနဲဆို ၃၊၄ ရက်လောက် အေးစိမ့်စိမ့်လေး ပြီးရင် ပျောက်သွားရော။ မမိုက်ပါဘူးဗျာ။ ဒီ စင်္ကာပူ မှာ ပိုတောင် ဆိုးသေးတယ်။ ရာသီဥတုရယ်လို့ မရှိဘူး။ တစ်နှစ်ပတ်လုံး ပူလိုက်တာမှ နေ့စဉ်အပူချိန်က ၃၄'C ။ ညနေဘက် ၃၊၄ နာရီလောက်ဆို နေ့တိုင်း မိုးရွာတယ်။ ဒီတလော ပိုတောင် ဆိုးသေး.. ရွာလိုက်တဲ့မိုးဆိုတာ ဇော်ဝင်းထွဋ်ရဲ့ "စနေမှာ ရွာတဲ့မိုး" သီချင်းတောင် ရှုံးမယ်။ တိတ်ကို မတိတ်တော့ဘူး။ ဒီဇင်ဘာ ပါဆိုနေမှ အိပ်မက်ထဲတောင် နှင်းပွင့်ဖွေးဖွေးလေးတွေ မြင်ယောင်နေတဲ့ဟာ သူက နေ့တိုင်း မိုးချည်း ရွာနေတယ်။ တကယ်ပါပဲ.. ဟွန်း။ နှင်းဆို ice skating က နှင်းအတုပဲ မြင်ဖူး ကိုင်ဖူးတယ်။ နှင်းအစစ်ကတော့ တစ်ချိန်ချိန်ပေါ့.. :D


ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...