Friday, December 30, 2011

ကျွန်မ၏ 2011

မနေ့တနေ့ ကလိုပဲ။ မနှစ်က ဒီလိုအချိန်ပေါ့။ အိမ်မှာ မောင်တော်လေးနဲ့ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်ခဲ့တာ။ တစ်နှစ် ဆိုတဲ့ အချိန်က မယုံကြည်နိုင်လောက်အောင်ကို မြန်ဆန်လွန်းတာပဲ။ မျက်စိတစ်မှိတ်အတွင်း 2012 တဲ့.. ရောက်လာတော့မယ်။

ရန်ကုန်မြို့မှာလည်း နှစ်ကူးခါနီး ဟိုနေရာ မီးလောင်၊ ဒီနေရာ မီးလောင်နဲ့ ဒီက ပြည်ပ ရောက်နေတဲ့ သူတွေလည်း ကြားရတာ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်မ အစ်မ တစ်ဝမ်းကွဲ မိသားစု ဟိုတစ်လောကမှ ရန်ကုန်ပြန်သွားကြတာ၊ သူတို့နေတာက မီးလောင်ပြင်နဲ့ အတော်နီးတယ်။ သတင်းကြားကြားချင်း ဖုန်းဆက်ပြီး သတင်းမေးလိုက်ရတာ စိတ်ကို မောနေတာပဲ။ သူတို့အားလုံးတော့ လုံလုံခြုံခြုံ ရှိကြပါရဲ့။ အသက်ဆုံးပါးသွားရတဲ့ ပြည်သူတွေ သတင်း ကြားရတော့ ရင်ထဲမှာ လှိုက်လာတယ်။ ခုတော့ ညတိုင်း ကျွန်မ ဘုရားရှိခိုးထဲမှာ ဆုံးရှုံးသွားရတဲ့ ပြည်သူတွေ၊ အသက်စတေးခဲ့ရတဲ့ မီးသတ်ရဲဘော်တွေ အားလုံး ကောင်းရာမွန်ရာ ဘုံဘ၀ ရောက်ကြပါစေ၊ မြန်မာပြည်ကြီးရဲ့ ဒုက္ခတွေ ပရိဒေ၀မီးတွေ နှစ်ဟောင်းနဲ့အတူ ကုန်လွန်ပါစေတော့ ဆိုတဲ့ ဆုတောင်းတစ်ခု တိုးလာခဲ့ပါပြီ။

လူလည်း တစ်နှစ်စာ ပိုပြီး ကောင်းအောင် ပြုပြင် နေထိုင်ရဦးမယ်။ ဒီနှစ်မှာ မလုပ်နိုင်ခဲ့တာတွေ၊ လုပ်ဖို့ ပျက်ကွက်ခဲ့တာတွေ၊ အကြွေးတင်ခဲ့တာတွေ (ပိုက်ဆံကြွေး တော့ မဟုတ်ရပါ၊ မေတ္တာကြွေး၊ လှုမှုရေး ကို ပြောတာနော် :)) လာမယ့်နှစ်မှာ အတတ်နိုင်ဆုံး ပြန်လည် ဖြည့်ဆည်းပေးရမှာပေါ့။ သင်ခန်းစာ ယူစရာတွေတော့ တစ်ပုံကြီးပဲ။ "ပွဲမ၀င်ခင် ပြင်က ကျင်းပ" ဆိုတဲ့စကားကို "အခါလွန်မှ နောင်တရ" ဆိုတဲ့စကားနဲ့ တွဲပြီး သဘောပေါက်လိုက်ရတယ်။ တော်သေးတာပေါ့။ ဒူးနဲ့ မျက်ရည်သုတ်ရတော့မယ့် အဖြစ်မျိုး မကြုံခဲ့ရလို့။ ကျေးဇူး အနန္ဒပါ.. အရှင်ဘုရား။ :)

2011 မှာ ကျွန်မ ပျက်ကွက်ခဲ့တာတွေ၊ 2012 မှာ ပြန်ဆပ်ဖို့ မျှော်လင့်တာတွေကို share ပါရစေ။

ကျန်းမာရေးကို အတော် လစ်လျူရှုခဲ့မိတယ်။ အချိန်မှန်မှန် မစား၊ မအိပ်၊ အားကစားလည်း အရင်ကလောက် မလုပ်ခဲ့ဘူး။ အစာအိမ်အောင့်တဲ့ ရောဂါ ပိုဆိုးလာခဲ့တယ်။ ကိုယ်အလေးချိန် မတက်လာပေမယ့် သိသာတာ တစ်ခုက အရင်ကလို စိတ်က လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ မရှိတော့ဘူး၊ တစ်ခါတလေ စကားတစ်ခွန်းမှ မပြောဘဲ ကျောက်ရုပ်လို ထိုင်ပြီး အတွေးကမ္ဘာထဲ မျောနေတတ်တယ်။ အဲ့ဒါ သိပ်မကောင်းဘူး.. အတွေး လွန်သွားတဲ့အခါကျရင် လူက ပုံမှန် မဟုတ်တော့ဘူး။ စိတ်ထိခိုက်စရာ ကြုံရင် အရင်ကထက် ပိုပြီး မျက်ရည်ကျလာတယ်။ ပျော်စရာကြုံရင် ကိုယ့် Limit ကိုယ် တော်တော် ထိန်းယူရတာမျိုး ရှိတတ်တယ်။ ငိုလွယ်၊ ရယ်လွန်လွန်းတာ ကိလေသာ များလို့ပေါ့။ တရားသဘော များများဆင်ခြင်ရဦးမယ်။

စိတ်မြန် လက်မြန် လုပ်လွန်းတဲ့ အကျင့်က ပိုပြီး နက်ရှိုင်းလာတယ်။ အဲ့ဒီ ကျွန်မရဲ့ အကျင့်က လူတစ်ယောက်ရဲ့ နေ့စဉ်ဘ၀ကို လုံးဝ ပြောင်းလဲသွားစေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ထားပါလေ.. တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်တာ Personality ဖြစ်နေတော့ လုံးဝ ဖျောက်လို့ မရပေမယ့် တတ်နိုင်သမျှတော့ လျှော့ရမှာ။ အရာရာ ပိုပြီး ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်နိုင်အောင်၊ ဖြေဖျောက်နိုင်အောင် ကြိုးစားရပါမယ်။ နောက်ပြီး စိတ်မြန်တာ ရှိသလို ပြတ်သားသင့်တာတွေ မပြီးပြတ်ခဲ့တာတွေလည်း ရှိခဲ့တယ်။ စိတ် မတင်မကျနဲ့ လုပ်ခဲ့တာတွေဟာ တကယ်ဆို ယတိပြတ် လုပ်ခဲ့သင့်တာတွေပေါ့လေ။

အသုံးအဖြုန်း ကြီးခဲ့တယ်။ အရင်ကလို စည်းလေး သတ်မှတ်ထားခဲ့ရက်နဲ့ စည်းကို ကျော်ခဲ့မိတယ်။ နောက်ဆုံးရလဒ်က သုံးလေ သုံးလေ၊ ပိုသုံးချင်လေပဲ။ မလိုအပ်တဲ့ နေရာမှာ မသုံးဖို့၊ ငွေကို အကျိုးရှိရှိ သုံးဖို့ မေမေက အမြဲ ဆုံးမခဲ့တယ်။ တကယ်ဆို အကြွေးဝယ်ကဒ်ဆိုတာ ကျွန်မနဲ့ 2011 မှာ ကမ္ဘာမကြေ ရန်သူတွေ ဖြစ်ခဲ့ရမှာ။ 2012 တော့ မမချိုတို့ အပြတ်အသတ် စုဆောင်းမယ့် နှစ်ပဲ။ :) (ပြောတာပဲလေ..)

တခါတလေ စကားအပြောအဆို ဘုဂလန့်တိုက်ခဲ့မိတယ်။ စိတ်မကြည်ရင် အရွဲ့တိုက်တတ်တယ်။ လူတစ်ဖက်သား စိတ်ညစ်ရအောင် ဘုတော တော ခဲ့တယ်။ ဒါလည်း ပြင်ရမယ်။ လူတစ်ယောက်ကို အတော် ဒုက္ခပေးခဲ့မိတယ်။ သူ့ဆီမှာ အကြွေးအတော်များနေပါပြီ (again.. လူမှုရေး မေတ္တာကြွေးကို ပြောတာနော်)။ ကျွန်မ အသုံးကြီးခဲ့တယ်ဆိုပေမယ့် ပိုက်ဆံကြွေးတော့ မရှိပါဘူး။ (ရှိခဲ့ရင်လည်း တိုးတိုးတိတ်တိတ် ဖုန်းဆက် တောင်းဗျ။ ဒီမှာတော့ စာတွေ လာရေးပြီး မတောင်းပါနဲ့နော်။)

မေတ္တာရေးကတော့ ဗေဒင်ဟောထားတဲ့ အတိုင်းဆိုရင် နှစ်သစ်မှာ ဖူးစာရှင် အစစ်အမှန် နဲ့ ဆုံရမည်တဲ့။ ပိုင်ဆိုင်ထားရတဲ့ မေတ္တာတစ်ခုဟာ ကိုယ့်အတွက် တကယ် meant to be ဟုတ်မဟုတ်ဆိုတာ အချိန်ကိုသာ မေးကြည့်ပါတော့ တဲ့။ ကျွန်မကတော့ ဒီကိစ္စမှာ တကယ့်ကို numb ဖြစ်နေပါပြီ။ အပြင်းအထန် ခံစားချက်ဆိုတာမျိုး လုံးဝမရှိတာ အမှန်ပါ။ ဗေဒင်က ဘယ်လောက်ပဲ စွံပါတယ် ပြောပြော (ဗေဒင်ဟောတဲ့ အစ်မကတော့ အဲ့လို ပြောတာပဲ၊ ကျွန်မကို လန်ကြုတ်ဟောလိုက်တာလားတော့ မသိဘူး.. :D) နောက်ဆုံး ငှက်ပျောတုံး ဖက်အိပ်ရတော့မယ် နဲ့ တူပါတယ်။ ခုထဲက ကိုယ်နဲ့ သင့်တော်မယ့် ငှက်ပျောတုံး သွားရွေးထားမှနဲ့ တူတယ်.. စရံတွေ ဘာတွေ ပေးပြီးတော့။ :D

ဒါက 2011 မှာ ပျက်ကွက်ခဲ့တာ၊ လုပ်ခဲ့သင့်တာ တွေပေါ့။ ကောင်းတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒါတွေတော့ မပြောနေတော့ပါဘူး။ အမှားထဲက သင်ယူနိုင်ဖို့ ပိုအရေးကြီးလို့ပါ။ တူညီသော အမှားကို နှစ်ခါ မလုပ်မိဖို့ ဆင်ခြင်ရမယ်လေ။ ကောင်းတာတွေထဲက တစ်ခုပဲ ပြောချင်ပါတယ်။ ဒီ blog လေးပါပဲ။ ဒီနှစ်ထဲမှာ အတော်ကို blog မှန်မှန် ရေးဖြစ်တယ်လို့ ပြောရပါမယ်။ lecture seminar ချိန်တိုင်း professor ကို အဖက်မလုပ်ဘဲ စာချည်း တကုတ်ကုတ် ထိုင်ရေးနေလို့ ထင်တယ် :P ။ နောက်တာပါ.. တကယ်တော့ သူငယ်ချင်းတွေ စာဖတ်သူတွေရဲ့ support ကြောင့်ပါ။ အရင်နှစ်တွေကလည်း blog ရေးပါတယ်၊ ပေါ်လိုက် ပျောက်လိုက်နဲ့ပေါ့။ ဒီနှစ်ကတော့ ကြယ်ကြွေချိန် လိပ်စာနဲ့ brand new blog ပေါ့လေ ဟဲဟဲ.. စာမရေးတတ် ရေးတတ်နဲ့ ပေါက်ကရ လေးဆယ် မှန်သမျှ သူငယ်ချင်းကောင်းများက ဖတ်ပေးကြတယ်။ အချိန်ယူပြီး စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ :)

စာဖတ်သူများရဲ့ New-year resolution များကိုလည်း စပ်စုချင်ပါသေးတယ်။ အဆင်ပြေရင် share ခဲ့ဦးနော်။ :)

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။ :)

ကြယ်ကြွေချိန်

Thursday, December 29, 2011

သူမ

ပထမနှစ် (မနှစ်က) SMU မှာ အခင်တွယ်ရဆုံး သူငယ်ချင်းမလေး တစ်ယောက်နှင့် ဆုံမိပါသည်။ သူ့ အမည်ကိုတော့ ပြောမပြတော့ပါ၊ အတော်ခေါ်ရ ခက်လို့ပါ၊ လေးလုံးတောင်ရယ် (ညည်းနောက်တာနော်၊ စိတ်မဆိုးရဘူး ဟရို့ :P)။ လက်တွေ့ကျကျ ပြောရရင်တော့ စားအတူ သွားအတူပေါ့လေ။ ခုတော့ သူရန်ကုန် ခဏ ပြန်သွားပါတယ်။ ပြီးခဲ့တဲ့ May ရန်ကုန်ပြန်သွားကြတုန်းကဆို သူ့မွေးနေ့ပွဲကို တခြားဘယ်ဘော်ဒါမှ မသိအောင် တိတ်တိတ်ပုန်း ကျနော့် တစ်ယောက်ထဲ ချိန်းပြီး California မှာ (လသာလမ်းကဆိုင် ပြောပါတယ်) မုန့်မုန့်တွေ ကျွေးခဲ့တာ မေ့မရပါဘူး။ Hostel lounge ထဲ သူပြောခဲ့တဲ့ Joke တွေ Riddle တွေလည်း ခုထိ မှတ်မိနေတုန်းပါပဲ (How many angels fall from the sky? :P)။ ကျနော်လုပ်တဲ့ ရုပ်ဆိုးဆိုး ခပ်တူးတူး မဲမဲ ကွတ်ကီးချိုချိုတွေကို သည်းခံစားပေးခဲ့တာလည်း သတိရပါတယ်။ ယောင်းမရေ.. မြန်မြန် ပြန်လာပါတော့။

သူ့ blog လေးကိုလည်း လည်လည်သွားကြဦးဗျနော့။ လိပ်စာက www.believeindream13.blogspot.com ပါတဲ့။ ကျနော်အကြိုက်ဆုံး blogger တစ်ယောက်ဆိုလည်း ဟုတ်တယ် (မဟုတ်က ဟုတ်ကတွေ ရေးတတ်လို့)။ ချစ်ဖို့ ကောင်းတဲ့ မျက်လုံးပိုင်ရှင် ချာတိတ်မလေး ဆိုလည်း ဟုတ်တယ် (မျက်ကပ်မှန်တွေ မရိုးအောင် အရောင်ပြောင်းတပ်လွန်းလို့)။ နင် ငါ့ကို မုန့်ကျွေးသင့်ပြီလို့ မထင်ဘူးလားဟင် :D။ ခုနောက်ပိုင်းတော့ သူစာမရေးတော့တာ ကြာပါပြီ။ ယောင်းမရေ.. စာဆက်ရေးပါဗျို့။

သူနဲ့ စခင်တုန်းကပေါ့.. ကျနော့်အကြောင်းဆိုပြီး သူ့ blog မှာ ရေးခဲ့ဖူးပါတယ်။ အဲ့ဒါလေး Share ပါရစေ။ ခေါင်းစဉ်က "သူမ" တဲ့။ ဖတ်ဖြစ်အောင် ဖတ်ကြနော် ဒီမှာ :D။ နင့်အကြောင်းတော့ ငါစိတ်ပေါက်ရင် ရေးမယ်ဟာ နော်။ ခုတော့ မုန့်သွားစားလိုက်ဦးမယ်။ တာ့တာ။ :D

P.s. Blog kyaw nyar win chin ma hote ya par.. Kyay zuu tin bar del khamyar :D

ကြယ်ကြွေချိန်

Wednesday, December 28, 2011

ကျနော့်မေမေ

အမေ့ကို သတိရလို့ ဒီပို့စ် ရေးဖြစ်တာပါ။ ခုနကပဲ အမေနဲ့ ဖုန်းပြောပြီးတာ။ အမေက ကျနော့်ထက် မောင်လေးကို ပိုချစ်တယ်လို့ ကျနော့်စိတ်ထဲ ဟိုးငယ်ငယ်လေးကတည်းက အမြဲ ထင်နေခဲ့တယ်။ ဒါပေမယ့် ဟိုတုန်းက အဖြစ်လေးကို ခုသွားတွေးမိပြီး စိတ်ထဲ မကောင်းဘူး။ ကျနော် မှားခဲ့တာပဲ။

၃တန်းအရွယ်လောက်တုန်းကလေ.. ဘုံကျောင်းမှာ တရုတ် ကျူရှင်သွားတက်ရတယ်။ ကောင်းကောင်း မှတ်မိသေးတယ်.. အဲ့နေ့က မိုးတွေလေတွေကြီးလို့။ အမေဟင်းချက်နေလို့ လိုက်မပို့အားတော့ ဦးလေးကို ကားမောင်းပို့ခိုင်းတယ်။ အဲ့အချိန်က တရုတ်နှစ်သစ်ကူးနား နီးနေပြီလေ။ ကျူရှင်ရောက်တော့ ထုံးစံအတိုင်း လူနည်းနည်းလေးပဲ လာကြတာပေါ့.. နှစ်ကူးခါနီးပြီကိုး။ လူနည်းတော့ ဆရာမက စာသိပ်မသင်ပဲ တရုတ်ပြည်က ကျွမ်းဘားအဖွဲ့တွေ အမျိုးသား ကဇာတ်ရုံမှာ ကပြဖျော်ဖြေပွဲရှိတယ်ဆိုပြီး ပွဲလက်မှတ်တွေ တစ်ယောက်တစ်စောင်စီ ပေးတယ်။ ကျူရှင်စောစော ဆင်းပေးမယ်၊ ကျူရှင်ဆင်းရင် တူတူ သွားကြမယ်၊ သွားချင်တဲ့လူ အောက်မှာ ဆင်းစောင့်နေကြဆိုပြီး မှာထားတယ်။

ကျနော့်သူငယ်ချင်း ကျူရှင်မလာတော့ ကျနော်လည်း အသက်ကြီးကြီး တခြားကျောင်းသားတွေနဲ့ ဘယ်သွားချင်ပါ့မလဲ။ မလိုက်တော့ဘူးလို့ ဆရာမကို သွားပြောလိုက်တယ်။ အဲ့ဒါနဲ့ ဆရာမနဲ့ သွားမယ့်လူတွေ အဖွဲ့လိုက် ကားငှားသွားကြတာပေါ့။ အပြင်မှာ မိုးတွေ သည်းနေတုန်းဆိုတော့ အမေ လာကြိုလာကို အောက်ဆင်း မစောင့်နေတော့ဘူး။ ပုံမှန် ကျူရှင်ဆင်းချိန်က ၇နာရီဆိုတော့ အချိန်ကလည်း စောသေးတာကိုး။ တန်းလုံးကျွတ် ဆရာမနဲ့ လိုက်သွားကြတယ်။ ကျနော်တစ်ယောက်ထဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ ကျနော် သွားလည်း မသွားချင်ဘူး၊ စိတ်လည်း မ၀င်စားဘူး၊ သင်ပြီးတဲ့ စာတွေပဲ ပြန်ထိုင်ကျက်နေမိတယ်။

ဒါနဲ့ ၇နာရီထိုးတော့ ကျနော် အမေ့ကို အောက်ဆင်းစောင့်တယ်။ မိုးက သည်းနေတုန်းပဲ။ လူက ချမ်းလည်း ချမ်းလာတယ်။ လမ်းမီးလည်း ပျက်နေတော့ မှောင်မဲနေတာပဲ။ လမ်းမတော် ကမ်းနားဖက်က ညဖက်ဆို လူလည်း ပြတ်တယ်လေ။ ကြာလှပြီ။ အမေက လာလည်း မလာသေးဘူး။ ကိုယ့်ဟာကို ထပြန်မလို့ လုပ်တော့ ထီးမပါဘူး။ ပြီးတော့ အမေမှာထားတာ ပြန်သတိရမိတယ် "မာမား လာခေါ်မှ ပြန်ရမယ်၊ သူများတွေနဲ့ လိုက်မသွားရဘူးနော်" တစ်ယောက်တည်း ပြန်ခိုင်းရမှာ စိတ်မချလို့တဲ့။ အဲ့ဒါနဲ့ ဆက်ထိုင်စောင့်တယ်။ မိုးကလည်း မစဲနိုင်တော့ဘူး။

၈နာရီထိုးတော့ ဘုံကျောင်းက အတန်းအကုန် ဆင်းပြီး ကျောင်းစောင့်ဦးလေးကြီး ဘုံကျောင်းတံခါး ပိတ်တယ်။ ဦးလေးကြီး ဆင်းလာတော့ ကျနော့်ကို မေးတယ်၊ မပြန်သေးဘူးလားပေါ့။ အမေ့ကို စောင့်နေတာ.. ဆိုတော့၊ ဦးလေးကြီးက လာ.. ငါလိုက်ပို့ပေးမယ်ဆိုပြီး ထီးနဲ့ အိမ်ပြန်လိုက်ပို့တယ်။ ဦးလေးကြီးနဲ့ ကျနော်တို့ မိသားစုက အသိတွေလေ။ အိမ်ပြန်ရောက်တော့ အဘွားက ဟဲ့၊ နင့်အမေ ဘယ်မှာလဲ၊ အိမ်က ဦးလေးနဲ့ တူတူ နင့်ကို သွားကြိုတာလေ၊ နင်တို့ တူတူ ပြန်မလာဘူးလား ဆိုပြီးမေးတယ်။ ကျနော်က အမေ မလာလို့ ဦးလေးကြီး လိုက်ပို့တာလို့ ပြောတာပေါ့။ အဲ့မှာ အဘိုးနဲ့ အဘွား ခေါင်းတွေ မီးတောက်ကုန်တယ်။ အဲ့တော့မှ အမေနဲ့ လွဲသွားတာ သိလိုက်ရတယ်။ အဲ့ခေတ်တုန်းက လက်ကုန်ဖုန်းတွေ မပေါ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လို့လည်း မရတော့ အိမ်မှာပဲ ထိုင်စောင့်နေလိုက်ရတယ်။ နောက်တော့ ပြန်လာမှာပေါ့ ဆိုပြီး..

ည ၁၀နာရီလောက်မှာ အမေ အမောတကောနဲ့ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျနော့်ကို ဘယ်အချိန် ကတည်းက အိမ်ပြန်ရောက်နေတာလဲလို့ မေးတယ်။ ၈နာရီလောက်ကလို့ ဖြေတော့ အမေ့မျက်လုံးတွေ ငိုချင်ရိပ် သန်းသွားခဲ့တယ်။ အမေက ခါတိုင်း ဆူတတ်ပေမယ့် ခုတော့ ကျနော့်ကို မဆူပါဘူး။ ရင်ထဲက အလုံးကြီး ကျသွားတဲ့ ပုံစံမျိုး... ဘာမှ မပြောပဲ အိမ်ပေါ် ဖြည်းဖြည်း တက်သွားခဲ့တယ်။

အတူတူပါသွားတဲ့ ဦးလေးက ကျနော့်ကို ပြောပြတယ်။ နင့်အမေက နင့်ထက် အရင် ကျူရှင် စောစော ရောက်ပြီး နင့်ကို ခါတိုင်းလို အောက်မှာ မတွေ့တော့ အဲ့နားက ကျောင်းသားတွေကို မေးတာတဲ့။ သူတို့က အဲ့အတန်းက တစ်တန်းလုံး ဆရာမနဲ့ပွဲသွားကြည့်ကြတယ် ဆိုပြီး ဖြေတော့ အမေက ဘယ်ကို သွားကြတာလဲ မေးတယ်တဲ့။ အမျိုးသား ကဇာတ်ရုံ လို့လည်းပြောရော ချက်ချင်းကို လိုက်သွားတာတဲ့။ မိုးထဲလေထဲ ဇောကပ်နေတဲ့ အမေ။ ရုံထဲမှာက မီးအမှောင်ချပြီး ပွဲကနေကြတာကိုး။ အမေက မမောနိုင် မပန်းနိုင် အမှောင်ထဲမှာ ပွဲကြည့် ထိုင်ခုံတွေ တစ်လိုင်းဝင် တစ်လိုင်းထွက် ရှေ့ဆုံးကစ နောက်ဆုံးလိုင်းအထိ တစ်ခုံ မကျန် လိုက်ကြည့်တာတဲ့။ အမေ့မျက်နှာထား အိုစာပြီး နှုတ်ခမ်းတွေတောင် ဖြူဖပ်နေပြီတဲ့။

အဲ့တုန်းက ငယ်သေးတော့ အမေ့ရင်ထဲက အပူမီးကို နားမလည်ခဲ့ဘူး။ ခုနောက်ပိုင်း ငယ်ငယ်က ကျနော်ဆိုးခဲ့တာတွေ၊ ကျနော် ဂျစ်ကန်ကန် အရွဲ့တိုက်ခဲ့လို့ အမေ မျက်ရည်ကျခဲ့တာတွေ ပြန်တွေးမိပြီး စိတ်ထဲ မကောင်းဘူး။ တကယ်တော့ အမေဆိုတာ သားသမီး ဘယ်နှစ်ယောက်ပဲ ရှိရှိ အားလုံးကို သာတူညီမျှ ချစ်ကြတာပဲ၊ ပိုချစ်တယ် လျှော့ချစ်တယ်ဆိုတာ မရှိစတမ်းပါလေ။ သားသမီးဇောဆိုတာ နားလည်ရင် မိခင်မေတ္တာကို နားလည်မှာပါ။ လူကြီးတွေက ပြောကြတယ်။ ကိုယ် တစ်ချိန် မိခင်ဖြစ်ရင် ကိုယ့်အမေ ကိုယ့်ပေါ် ထားတဲ့ မေတ္တာကို အပြည့်အ၀ နားလည်လိမ့်မယ်တဲ့။ ကျနော်တော့ အခု အပြည့်အ၀ မဟုတ်သည့်တိုင် တစ်စိတ်တစ်ဝက်စာတော့ အမေ့ကို နားလည်ခဲ့ပါပြီ။

ကြယ်ကြွေချိန်

Coffee Prince

This is one of my most-favorite K dramas, with a nice plot. My 3rd time watching it :D. The actual name of the drama is "The first shop of coffee prince". I don't know why it attracts me a lot.. 4 years already.. Maybe, because I like tomboy-ish girls.. LOL! :D

The only reason I keep watching this drama is the actress, Yoon Eun Hye.. I can't really get enough of her charms and great personality.. To me, she's the prettiest and cutest K actress (and the handsomest too :D)

Witness the cuteness of Eun Hye here! Go Eun Chan.. Go Eun Chan.. gogogo! :D
The drama's theme song is really nice and sweet, too.. Watch the MV here!

I'd rate all YEH's dramas this order (best ones first :D)
1) Coffee Prince
2) Goong
3) My Fair Lady
4) Lie To Me

감사합니다.. :D

Kyel Kywai Chain

Friday, December 23, 2011

ရောင့်ရဲတတ်သူ

စားတယ်.. ဆီ၊ဆားနယ်တဲ့ထမင်း
ပြီးတယ်.. ငါးမပါတဲ့ ငပိရည်ကျဲ
လွေးတယ်.. ခပ်ဖန်ဖန် အခါးရည်ကြမ်း
ဝတ်တယ်.. ညစ်စွန်းနေတဲ့ ၀တ်စုံ
နေတယ်.. ပြတင်း မရှိတဲ့အိမ်။

မြို့ပြမှာ ခများတို့ ပြောပြောနေကြတာဘာ.. Ipod တဲ့လား
ကျုပ် Radio ပဲ ကျုပ် ခင်တွယ်တယ်။
ကျုပ်တို့ရဲ့ ရွှေချဉ်ပေါင်ကြော်နဲ့ မျှစ်
မင့် ကြက်ကောင်လုံးကြော် နဲ့တော့ မလဲနိုင်ပါဘူးကွယ်။

ရှိပါတယ်.. ဒီတာရိုးတစ်လျှောက် လယ်ကွင်းကျယ်
တသက်လုံးမှာ တစ်ယောက်တည်းသာ ချစ်ခဲ့ဖူးတဲ့ အမျိုးသမီးနဲ့
သားသားမီးမီး ဆည်းလည်းလေးတွေ စိုပြည်သာယာနေတဲ့အိမ်
ဘာတွေ ဘယ်လောက် ခက်ခက် ဘာကိုမှ မမှုဘူး။

ကျုပ်က လိုတိုင်းတ ရနိုင်တယ်ဗျ
ဒီ "မေတ္တာ" ရှိလို့..

ကြယ်ကြွေချိန်

Thursday, December 22, 2011

ယခင်ကဒီဇင်ဘာ

ဒီဇင်ဘာ။ တစ်နှစ်တာလုံး မှာ အကြိုက်ဆုံး လ။ စိတ်ထဲ အေးချမ်းတယ်။ အေးစိမ့်စိမ့် ရာသီဥတုနဲ့ အတူတူပေါ့။ အမှတ်တရ အဖြစ်ဆုံး ဒီဇင်ဘာကတော့ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ဒီဇင်ဘာ ဖြစ်မယ်ထင်တယ်။ ၃၊၄၊၅ နှစ် အရွယ်လောက်တုန်းကပေါ့။ ကျောင်းကြီးမတက်ခင် အရွယ်ပေါ့။ အဖေနဲ့ တူတူ ပဲခူးတိုင်း၊ သုံးဆယ်မြို့ ဆိုတဲ့ ချောင်ကျကျ တောမြို့လေးကို လိုက်သွားတယ်။ ၃နှစ်အရွယ်ထဲက။ ကျောင်းကြီးတက်မှ ရန်ကုန်ကို ပြန်လာရတာ။ ပြောရရင် လုံးဝ မပြန်ချင်ဘူး။ အဲ့မှာပဲ ပျော်တယ်။ ကြီးလာတော့ ဒီဇင်ဘာဆို အဲ့တောမြို့လေးကို သတိရတယ်။ ရန်ကုန် ဆောင်းက နေ့ဘက်ဆို ပူစပ်စပ် ကြီးကိုး။

အဲ့တုန်းကတည်းက နှင်း၊ မြူကို ကြိုက်ခဲ့တာဗျား။ ဒီဇင်ဘာ ဒုတိယ ပတ်လောက်ဆို မြူတွေက အရမ်းသည်းလာပြီ။ ရှေ့ ၁၀ ပေ အကွာလောက်ကို လုံးဝ မမြင်ရတော့ဘူး။ မနက်ဘက် ၁၀နာရီလောက်ထိ မြူ မကွဲသေးဘူး။ နေတော်တော့်ကို အားကောင်းမှ ၁၁နာရီလောက် နေပွင့်တာ။ လက်ဖျားတွေဆို အေးစက်ပြီး ထုံခဲနေတာ။ နာခေါင်း အဖျားတွေဆို ကြွေကျ လောက်တယ်။ စကားပြောရင် ပါးစပ်ထဲကနေ အငွေ့တွေ ထွက်တာလေ။ ကလေးတုန်းကတော့ စကားတွေ တောက်လျှောက်ပြောပြီး ထွက်လာတဲ့ အငွေ့တွေ လိုက်ဖမ်းကြတာ မှတ်မိပါသေးတယ်။ မြန်မာပြည် အထက်ပိုင်း ဒေသတွေလောက် မအေးပေမယ့် အအေးဆုံး အပူချိန်က ၁၀ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်လောက်။ ပဲခူးတိုင်းဆိုတော့ အလယ်ပိုင်း မကျတကျပေါ့။ ရာသီဥတု နည်းနည်း ပြင်းထန်တယ် ပြောရမယ်။ နွေဆိုလည်း ကြွပ်နေအောင် ပူတယ်။ မိုးဆိုလည်း သွပ်မိုးတွေမှာ တဖြန်းဖြန်းနဲ့ကို မြည်တာ အိပ်လို့ကို မရဘူး။ ဆောင်းဆိုလည်း သွားချင်းရိုက်၊ ဂတ်ဂတ်တုန်အောင် ချမ်း။

ကျနော်တို့ အိမ်ရှေ့ အဖီလေးမှာ အဖေ့ကို ခွင့်တောင်းပြီး ရေမုန့်၊ သာကူ ရောင်းတဲ့ အပျိုကြီး အန်တီ တစ်ယောက် ရှိတယ်။ သူက အသံ ခပ်ကျယ်ကျယ်နဲ့။ တစ်မြို့လုံးက အပျိုကြီး လို့ပဲ ခေါ်ကြတယ်။ အသက် က ၃၅ လောက်ပေါ့။ ခုဆို ၅၀ ကျော်ပြီပေါ့။ ကျနော်ကတော့ မမအပျိုကြီး ခေါ်တယ်။ မနက် ၅နာရီလောက်ဆို ရေမုန့်ဆိုင်လေး ဖွင့်ပြီ။ ကျနော်က အဲ့တုန်းက သေးသေးလေး။ ၄နှစ်လောက်ပေါ့။ မောင်လေးဆို ပိစိကွေးလေး။ ၂နှစ်တောင် မပြည့်သေးဘူး။ မနက်နိုးတိုင်း ကျနော့တာဝန်က ကြက်ဥ ၃လုံးယူပြီး ရေမုန့်ဆိုင်ကို သွားရတယ်။ အဖေ အမေနဲ့ ကျနော့်အတွက် ကြက်ဥ နဲ့ ရေမုန့် ၃ခု အပျိုကြီးကို သွားလုပ်ခိုင်းရတယ်။ ရန်ကုန်မှာလို မနက်ဘက် ထိုင်စရာ မုန့်ဝယ်စရာ လက်ဖက်ရည်ဆိုင်မှ မရှိတာ။ အမေ ကြက်ဥ ပေါင်မုန့် မကြော်အားရင် သူလုပ်တဲ့ ရေမုန့်ပဲ စားစရာရှိတာ။ သုံးဆယ်က ရေမုန့်ဆိုတာ ရန်ကုန်က ရေမုန့်နဲ့တော့ မတူဘူးနော်။ အဲ့လို ပါးပါးရွရွ ကြွပ်ကြွပ် ငန်ငန်လေး မဟုတ်ဘူး။ ပျော့ဖလပ်၊ မုန့်နှစ် ထူလပျစ်နဲ့ ခပ်ချိုချို အရသာ ရှိတဲ့ မုန့်ချပ်ထူထူကို လေးခေါက်ခေါက် ထားတာ။ သူ့ သာကူတော့ မစားရဲပါဘူး။ ယင်ကောင်တွေ နားလို့။ တောမှာက သဲတရှပ်ရှပ် ယင်တ၀ီဝီနဲ့ဗျ။ အသန့်အပြန့် ကြိုက်တဲ့ မြို့သားဆို မသွားနဲ့၊ အခန့်မသင့်ရင် ၀မ်းပျက်မှာနော့။ :D

ကော်ဖီ ဖျော်ဖို့ ရေနွေးကိုတော့ အမေ တည်ပေးတယ်၊ ကျနော်က ရေနွေးအိုး မ,မ နိုင်ဘူးလေ :D (အဲ့ခေတ်တုန်းက စူပါ၊ စူပါဆိုပြီး ရယ်ဒီမိတ် ကော်ဖီထုပ်တွေ ခေတ်စားတာကိုး)။ တစ်မြို့လုံး စူပါ ကော်ဖီထုပ် သောက်နိုင်တဲ့ သူ ဆိုတာ အတော်ရှားတယ်ဗျ။ မယုံမရှိနဲ့ဗျာ အဟုတ်။ တောနယ်လေးကိုး။ ကုန်စုံဆိုင်မှာတောင် စူပါကော်ဖီ တင်ရောင်းလေ့ မရှိကြဘူး။ မနက်စာကို ကော်ဖီနဲ့ ရေမုန့်နဲ့စား။ ကျနော်က ဘယ်တော့မှ ရေမုန့် တစ်ခုလုံး စားမကုန်ဘူး၊ ၃ပုံ၁ပုံပဲ စားနိုင်တယ်။ အမေက အဖေ့ကို သမီးမုန့် ၀ိုင်းစားဆိုပြီး၊ အချိုးကျကျ ခွဲပေးတယ်။ မောင်လေးကတော့ ဟာကျူလီ ငပျော့။ တော်တော်ကြီးတဲ့ထိ အဖတ်မစားနိုင်ဘူး။ စားရင် စားထားတာ ကုန်တဲ့အထိ ၀မ်းလျှောတယ်။ အမေက နို့မထွက်တော့ ပိုဆိုး။ နို့မှုန့်ဘူး ဖျော်တိုက်တော့လည်း လျှောပြန်ရော။ နောက်ဆုံး ထမင်းရည်နဲ့ပဲ တဲ့သွားတယ်။ ဒီကောင်လေးက ထမင်းရည် ဆားခပ်သောက်ပြီး ကြီးလာတာဗျ။ ကြီးလာတော့ ရန်ဖြစ်တိုင်း သူက ကျနော့်ကို အမြဲပြောတယ်။ နင့်ကို အရင်မွေးလို့ မားက နို့မထွက်တာတဲ့၊ နင်အကုန်လုစားသွားတာတဲ့။ ကတ်သီးကတ်သပ် ပြောလည်း ပြောတတ်တယ်။

နေ့လယ်ဖက်ဆို နေ့တိုင်း လုပ်ရတဲ့ တာဝန် တစ်ခု ရှိတယ်။ အိမ်ရှေ့မှာ မုန့်လက်ဆောင်းသည် ထွက်စောင့်ရတာ။ အဲ့ အစ်မကြီး ၂ယောက်က နေ့လယ် ၁နာရီလောက်ဆို အမြဲ တောင်း ၂လုံး ရွက်လာပြီး "မုန့်လက်ဆောင်း အေးအေးလေး ရမယ်" ဆို အော်ပြီး ပန်းဆွဲလမ်း (ကျနော်တို့လမ်း) ထဲ ၀င်လာကြပြီ။ အဲ.. သူတို့ ၂ယောက် လာရင် သိပ်ပျော်တာ။ သူတို့ လုပ်တဲ့ မုန့်လက်ဆောင်းကို ကြိုက်လို့။ တစ်မိသားစုလုံး ကြိုက်ကြတယ်ဗျ။ အမေက ချစ်သမီးကို အိမ်ရှေ့ထွက်ပြီး မုန့်သည်စောင့်နေ ဆိုပြီး တာဝန်ပေးထားတာ။ ဖြတ်သွားဖြတ်လာ နွားလှည်းတွေ ထိုင်ငေး၊ မောင်တော်လေးနဲ့ တူတူ ဇယ်ခုတ်ရင်း စောင့်ကြတယ်ပေါ့။ အဲ့လို..

တောက ဆောင်းတွင်းက အေးလွန်းတော့ ရေကို ဒီတိုင်း မချိုးနိုင်ဘူး။ အမေက မီးသွေးမီးဖိုမှာ ရေနွေးအိုးနဲ့ ရေနွေးကျိုပေးရတယ်။ တောက လူတွေကတော့ အေးဆေးပဲ။ သီချင်းလေး တကျော်ကျော်နဲ့ ရေကို ခြေဆုံးခေါင်းဆုံး လောင်းချိုးနေကြတာ။ သူတို့တွေက လူသန် လူမာတွေဗျ။ ကျုပ်နဲ့ မောင်လေးကတော့ ပိစိလေး.. အမေက ရေနွေးနဲ့ ရေအေး စပ်ပြီးပြီဆိုရင် ရေချိုးဖို့လိုက်ခေါ်ရပြီ။ ရေမချိုးချင်လို့ ၂ယောက်သား ခြံထဲ ပတ်ပုန်းနေကြတာ အမှတ်ရပါသေးတယ်။ ညစ်ပတ်ပေတူးလို့.. ကြောင်ချီးကုတ်တွေ။

ညနေဘက်ဆို ဘေးအိမ်က ကိုကြီး ထက်ထက်က သူ့စက်ဘီးနဲ့ စာအုပ် အငှားဆိုင် လိုက်ပို့တယ်။ အဲ့တုန်းက ကိုကြီး ထက်ထက်မှ ကိုကြီးထက်ထက်။ ကာတွန်းစာအုပ် ဖတ်ချင်တယ် ဆိုလည်း သူပဲ၊ အရုပ်လိုချင်တယ် ဆိုလည်း သူပဲ၊ စက်ဘီးတစ်စီးနဲ့ မြို့ထဲ ခေါ်ခေါ်သွားပေးရတာ။ ခိုင်းကောင်း.. ဟီး။ ခုတော့လည်း ဘာသတင်း အစအနမှ မကြားရတော့ပါဘူးလေ။ အဲ့အိမ်မှ မပြန်ဖြစ်တော့တာ။ အိမ်ထောင်ကျပြီး ကလေးတောင် တော်တော် ကြီးလောက်ပြီ ထင်တယ်။

အဖေ့ စက်ရုံ အနောက်ဘက်မှာ ချောင်းကြီး ရှိတယ်။ ညနေဘက် စက်ရုံပိတ်ချိန်ဆို အဖေက ကျနော်တို့ ၂ယောက်ကို ချီပြီး ချောင်းဘက် လမ်းလျှောက်နေကျ။ ချောင်းထဲမှာ အမြဲ ကလေးတွေ ရေချိုး ရေဆော့ နေကြတယ်။ ကျနော်တော့ တစ်ခါမှ မဆင်းဖူးဘူး။ အဖေနဲ့ အမေက လူကြီး မပါရင် ဘယ်မှ ပေးမသွားဘူးကိုး။ တောမှာဆိုတော့ မြွေပါး ကင်းပါး အန္တရာယ်လည်း ရှိတယ် မှတ်လား။ ခြံထဲမှာဆို မြက် ရှိရှိ မရှိရှိ မြွေ၊ ကင်းကတော့ အမြဲရှိတယ်။ ကျုပ်တို့တော့ မြင်ရတာ ရိုးနေပြီ။ အဖေက မြွေဆို အရက်ပုလင်းထဲ ထည့်ထည့်စိမ်ထားတာ။ ဆေးဖက်ဝင်တယ်တဲ့။ ခုဆို နှစ်ချို့နေပြီ။

ချောင်းနဲ့ မနီးမဝေးမှာ လယ်ကွင်းတွေ ရှိတယ်။ ချောင်းထဲက ရေနဲ့ လယ်စိုက်ကြတာတဲ့။ နွေစပါးအချိန်ဆို စက်တွေနဲ့ စုပ်ထုတ်နေတာ မြင်ဖူးတယ်။ အဲ့လယ်ကွင်းထဲမှာလေ စားဖား အကြီးကြီးတွေ အများကြီးပဲ။ ညဖက်ဆို လယ်သမားတွေ ဖားရိုက်ထွက်ကြတာ မြင်ဖူးတယ်။ ဖားသားကြော်က တကယ် စားလို့ကောင်းတယ်ဗျ။ ကြက်သား အကြွပ်ကြော် ရှုံးတယ်၊ တကယ်ပြောတာ။ အမေနဲ့ ကျနော် မစားရဲမှန်း သိတော့ အဖေက ကြက်သားဆိုပြီး အမြဲ ညာကျွေးတယ်။ တောမှာ ကြီးလာတော့ ရန်ကုန် ၁၈လမ်း ဈေးတို့ city mart တို့မှာ မရနိုင်တာတွေ စားဖူးတာပေါ့။ ဖားသား၊ ယုန်သား၊ မြွေသား၊ ခွေးသား၊ ခိုသား၊ စာကလေးသား စုံမှစုံ။ တကယ့်ကို တောသူမ ပါပဲ။

ညဘက်ဆို မီးလာရင် အပျော်ဆုံး ကမ္ဘာပေါ့။ ကာတွန်းကား ကြည့်မယ်.. သို့မဟုတ် ဂိမ်းဆော့မယ်။ အဲ့ခေတ်က တီဗီကသေးသေးလေးဗျ။ Color TV တောင် သိပ်ခေတ်မစားသေးဘူး။ မီးလာလည်း မီးအားက မပြည့်ရင် တီဗီထဲက အရုပ်တွေက အမဲလိုင်းတွေ တက်လာပြီး ခါနေရော။ မီးမှောင်နေရင် ခြင်ကြီး တွေကလည်း အားကြီးကိုက်တယ်ဗျ။ ဘယ်လောက် ရိုက်ရိုက် မကုန်နိုင်တဲ့ ခြင်ကြီးတွေ။ သွေးစုတ်ထားတာ ဗိုက်ကြီးတွေ ဖောင်းကားပြီး မပျံနိုင်တော့ဘူး။ အဲ့မှာ ပွဲကြီးပွဲကောင်း၊ ကျနော်တို့နဲ့ ခြင်ကြီးတွေနဲ့ စစ်တိုက်ကြတာ အသေအကြေပဲ။ ခြင်တွေ သွေး တဖြန်းဖြန်းနဲ့ အတုံးအရုံး ကျဆုံးကုန်တာ၊ နည်းသေး.. ဟီး။ ခြင်ကိုက်လို့ တီဗီကောင်းကောင်း ကြည့်မရရင် ကျုပ်တို့ ၂ယောက်က ခြံထဲ ပတ်ပြေးဆော့နေတော့ အဖေက ကားထဲက ဘက်ထရီကိုထုတ်ပြီး မီးထွန်း၊ အင်ဗာတာနဲ့ သွယ်ပြီး တီဗီ ပြရတယ်။ အဲ့ဒါမှ ၂ယောက်သား ငြိမ်တာ။ တီဗီဂိမ်း ဆော့တဲ့အချိန်ဆို ရုံအပြည့်ပဲ။ ဘေးအိမ်က ကလေးတွေပါ ရောက်လာပြီး ၀ိုင်းကြည့်ကြပြီ။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ် အော်ဟစ်၊ အိမ်ထဲမှာ ဆူညံ ပွက်လောရိုက်နေပြီ။ တခါတလေ ကလေးချင်း ရန်ဖြစ်ရင် အမေ့မှာ ခေါင်းမီးတောက်ပြီး ကလေးတွေကို ၀င်ဆွဲပြီး အတင်း ကိုယ့်အိမ်ကိုယ် ပြန်ခိုင်းရတဲ့အဖြစ်။

ဒီဇင်ဘာ ညတွေရဲ့ အိပ်ချိန်ကတော့ ကျနော် အကြောက်ဆုံး အချိန်တွေပဲ။ ဘာကြောက်တာလဲဆိုတော့.. ဟုတ်ပါ့.. သရဲကြောက်တာ။ အိမ်က အကျယ်ကြီး၊ ခြံကြီးကလည်း အကြီးကြီး။ အိပ်ချိန်ကျ မီးမှောင်ချလိုက်ရင် လုံးဝ မှောင်မဲပြီး ပိန်းပိတ်နေရော။ မြို့မှာလို လမ်းမီးတွေမှ မရှိတာကိုး။ အေးလွန်းချမ်းလွန်းလို့ အိပ်မပျော်ရတဲ့ အထဲ သရဲက ကြောက်တော့ ပိုပြီး အိပ်မပျော်ဘူး။ ညဘက် အပေါ့သွားချင်ရင်တောင် အောင့်ခံတယ်၊ မသွားရဲလို့။ အမေ့ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီး စောင် ခေါင်းမြီးခြုံနေတာ။ ဘယ်တော့မှလည်း အစွန်ဆုံးမှာ မအိပ်ရဲဘူး။ ငါ့ဘေးနား သရဲကြီး ၀င်လှဲအိပ်နေရင် ဘယ်လိုလုပ်မလဲ ဆိုပြီး တွေးကြောက်တာ.. ဟီး။

ရန်ကုန်က ဒီဇင်ဘာကတော့ သိတောင် မသိလိုက်ဘူး၊ လှစ်ခနဲဆို ၃၊၄ ရက်လောက် အေးစိမ့်စိမ့်လေး ပြီးရင် ပျောက်သွားရော။ မမိုက်ပါဘူးဗျာ။ ဒီ စင်္ကာပူ မှာ ပိုတောင် ဆိုးသေးတယ်။ ရာသီဥတုရယ်လို့ မရှိဘူး။ တစ်နှစ်ပတ်လုံး ပူလိုက်တာမှ နေ့စဉ်အပူချိန်က ၃၄'C ။ ညနေဘက် ၃၊၄ နာရီလောက်ဆို နေ့တိုင်း မိုးရွာတယ်။ ဒီတလော ပိုတောင် ဆိုးသေး.. ရွာလိုက်တဲ့မိုးဆိုတာ ဇော်ဝင်းထွဋ်ရဲ့ "စနေမှာ ရွာတဲ့မိုး" သီချင်းတောင် ရှုံးမယ်။ တိတ်ကို မတိတ်တော့ဘူး။ ဒီဇင်ဘာ ပါဆိုနေမှ အိပ်မက်ထဲတောင် နှင်းပွင့်ဖွေးဖွေးလေးတွေ မြင်ယောင်နေတဲ့ဟာ သူက နေ့တိုင်း မိုးချည်း ရွာနေတယ်။ တကယ်ပါပဲ.. ဟွန်း။ နှင်းဆို ice skating က နှင်းအတုပဲ မြင်ဖူး ကိုင်ဖူးတယ်။ နှင်းအစစ်ကတော့ တစ်ချိန်ချိန်ပေါ့.. :D


ကြယ်ကြွေချိန်

Tuesday, December 20, 2011

ကျုပ်မှာလည်း ကြောက်တတ်တဲ့ နှလုံးသား တစ်စုံနဲ့ပါ
သူ့ အာဏာအောက်မှာ လေးဖက်ကြီးထောက်လို့ပေါ့
သူပျော်ရင် ကျုပ်လည်း ပျော်တယ်။

ဒီကောင်မလေး တစ်ယောက်အတွက်
ဘာမဆို စတေး ၀ံ့တယ်
ဘာကြောင့်လဲ သိလား...
မြတ်နိုးလွန်းလို့။

သူစေရင် ကျုပ်ဖြည့်ဆည်းပေးဖို့ အချိန်မရွေးပဲ
ဒါပေမယ့် ကျုပ် သိပါတယ်ဗျာ
မျက်ရည်တွေပဲ ပေးဆပ်နေရမယ်ဆိုတာလေ..

ခေါင်းမာလွန်းတဲ့ ကျုပ်ကိုကျုပ်
မချစ်နဲ့လို့ ဇွတ်တားဖို့လည်း မတတ်နိုင်ခဲ့၊
နှလုံးသား ငယ်ငယ် တစ်စုံက အမြဲ ငိုကြွေးတောင့်တနေခဲ့တာ
သူ့ကို ကျုပ် မဆုံးရှုံးနိုင်ဘူးတဲ့။

အော် ငါလည်း ချစ်တတ်ပါသေးလား...

ကြယ်ကြွေချိန်

Horoscope

မြန်မာလိုတော့ ရာသီခွင် လို့ ခေါ်တာပေါ့။ မွေးနေ့ နေ့ လ အချိန် အပိုင်းအခြားအလိုက် လူတစ်ယောက်နဲ့ တစ်ယောက် personality, behavior, character အစရှိသဖြင့် ကွဲကြသတဲ့။ လွန်ခဲ့တဲ့ ၄ ရက်လောက်ထိ အဲ့အချက်ကို အယုံအကြည် မရှိခဲ့ဘူး။ အဲ့နေ့ကမှ သိလိုက်ရတာ.. အော် အော်၊ အဲ့လိုလားပေါ့နော်၊ ဒီလူ တစ်ယောက် ဘာကြောင့် ဒီလို ပြုမူတတ်တယ်၊ ပြောဆိုတတ်တယ်၊ စိတ်ထားတတ်တယ် ဆိုတာ သူ့ရာသီခွင်နဲ့ ဆိုင်ပါလားပေါ့နော်။ ခုမှပဲ သိတော့တယ်.. အရင်ကတော့ ဘာသိဘာသာ ပါပဲ။ လုံးဝကြီး တရားသေ ယုံကြည်တယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ရေးထားတာတွေက အများကြီး ဆိုတော့ ဟုတ်တာရော လွဲတာရော ပါမှာပေါ့။ ဟုတ်တော့ ဟုတ်သားဗျ၊ google မှာ ကိုယ့်ပတ်ဝန်းကျင်က ရင်းနှီးသူတွေရဲ့ မွေးနေ့ မွေးလ နဲ့ တိုက်ပြီး horoscope ကို research လုပ်ကြည့်တော့မှ လားလား.. အတော့်ကို မှန်တာပဲ။ ကိုယ် ကိုယ်တိုင် တောင် ဒီလောက် မှန်တယ်ဆိုပြီး ပြူးသွားတာ.. မျက်လုံးတွေ။ အရင်းနှီးဆုံး လူတွေထဲမှာတော့ Libra, Virgo, Gemini, Saggie ပါတယ်။ သူတို့ အကြောင်းတော့ ကောင်းကောင်းသိတာပေါ့။ ကျန်တဲ့ ရာသီခွင်တွေတော့ ရေးထားတာ၊ ဟောထားတာတွေ မှန်မမှန်တော့ မသိဘူး။ zodiac-world.blogspot.com မှာ တိုက်ကြည့်ကြပေါ့။ လောလောဆယ်တော့ Libra နဲ့ Virgo နှိပ်စက်တာကို ခံနေရတယ်။ ဟွန်း... >_<

ကြယ်ကြွေချိန်

Saturday, December 17, 2011

那些年,我们一起追的女孩 (You Are The Apply Of My Eye)

This is a Taiwanese movie, on theater last month. I don't know where to watch it online, yet I got the downloaded movie file from a friend LOL! Ya can get the movie from me if you missed it out on theater (w/o subs) :D

It can be said to be one of my favorite films.. Nice plot.. Handsome actor and pretty cute actress.. :D It did make me feel rejuvenated and back to high school life again. Reliving my memories.. suddenly miss my school, teachers and best-est friends. This is the song, kept being replayed on my ipod... You will love it, too. :)


(Video from Youtube)

Kyel Kywai Chain

Friday, December 16, 2011

ယောကျာ်းဆန်သော မိန်းကလေးများ

ယောက်ျားဆန်သော မိန်းကလေးများသည် အနည်းနှင့်အများ သဘာဝနှင့် ဆန့်ကျင်သည်ဟု လူအတော်များများက လက်ခံထားကြသည်။ လူတိုင်းလိုလိုက ထိုမိန်းကလေးများကို မိန်းမများ တပ်အပ်သော ပညာရပ်များ မတတ်အံ့ဟု ထင်ကြသည်။ ဘာကြောင့်များ အပေါ်ယံ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီး တစ်ဖတ်သတ် ကောက်ချက်ချရသလဲ မိတ်ဆွေ? ကျနော် နားမလည်ပါ။

ကျနော်သည် ယောကျာ်းဆန်သော ကျားကျားလျားလျား မိန်းကလေးများ ရှိသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့သည်ဟု ဆိုလျှင် မှားမည်မထင်။ အကြောင်းမူကား ကျနော်သည် အ.ထ.က ၂ လသာ (မိန်းကလေးများ) ကျောင်းထွက် ဖြစ်သောကြောင့်ပင်တည်း။ သူငယ်တန်းကစ ဆယ်တန်းအဆုံး ၁၁နှစ်တာ ကာလပတ်လုံး "မ" ချည်းသာ ရှိသည့် ကျောင်းတော်ကြီးတွင် ကျက်စားခဲ့သည်။ "ကျား" ဆိုလို့ အနီးကပ်ဆုံး ဖေဖေရယ် မောင်လေးရယ်ပဲ သိသည်။ ဆယ်တန်းထိ ပေါင်းသင်းသော သူငယ်ချင်းများထဲတွင် ယောက်ျားလေး တစ်ယောက်မှ မပါ။ ဘာကြောင့်လဲ ကျနော်လည်း မသိ။ သူ့ဟာသူကို ဖြစ်သွားတာ။ မိန်းကလေး အဖော်ကိုသာ ခုံမင်သည်။ အဲ့ဒါကြောင့်ပြောတာပေါ့.. ကျနော့တစ်သက် ယောကျာ်းစစ်သော ယောကျာ်းများ အကြောင်း ကောင်းကောင်း နားလည်လိမ့်မည် မထင်တော့။
ဗေဒင် လက္ခဏာ ကြည့်တတ်သော ကျနော့် မမ တစ်ယောက်က ပြောသည်။ အပျိုကြီး ဖြစ်မည်တဲ့၊ ဒီတသက် ယောကျာ်းမရ နိုင်တဲ့။ ဒါလည်း ကောင်းတာပဲ.. အပူအပင် ကင်းတာပေါ့အေ။ :D

ကျနော့်ပတ်ဝန်းကျင်က မိန်းကလေးများ အကြောင်း ဆက်ပါမည်။ မိန်းကလေးကျောင်းထွက်ဟု ပြောရန်မလို၊ ကျနော့ သူငယ်ချင်းများထဲမှ ၈၀% သည်
ဆံပင် တိုတို ဖြတ်ပြီး ယောက်ျားလေးဆန်ဆန် ပေါ့ပေါ့ပါးပါး ၀တ်တတ်စားတတ်ကြသည်။ ခေတ်မှီလွန်၊ ခေတ်နောက်ကျလွန်းသည့် အုပ်စုထဲ တစ်ယောက်မှမပါ။ ဂျင်းဘောင်းဘီ နှင့် တီရှပ်ကို ကြည့်ကောင်းအောင် ၀တ်ကြသည်။ ပုံမှန် ထသွားထလာ စကတ်ဝတ်တတ်သော သူငယ်ချင်း အတော်နည်းသည်။ ကျနော်ကတော့ ဘင်ခရာ အဖွဲ့ဝင်ပြီး ဆံပင်ရှည်ကို ဖြတ်လိုက်ရကတည်းက ဆံပင်နှင့် ပတ်သက်သော နှောင်ကြိုးများ တိခနဲ ပြတ်သွားခဲ့ပြီ။ ခုထိ ဆံပင်ရှည် ထား၍ မရတော့။ အထက်တန်းတွင် အတွဲဖြစ်ဆုံး သူငယ်ချင်းထဲမှ မိန်းကလေး အတော်ဆန်သူ ၃၊၄ ယောက်သာ ရှိမည်။ အားလုံးကတော့ ချောချောလေးတွေချည်းပါပဲ။

လသာ ၂ တွင် မိန်းကလေးကျောင်း ပီပီ culture တစ်ခုရှိသည်။ အချစ်တော် ထားကြသည်။ ခပ်ရှင်းရှင်း ပြောရရင်တော့ မိန်းကလေးချင်းချင်း သမီးရည်းစားပေါ့။ ပတ်ဝန်းကျင်မှာ ယောက်ျားတစ်ယောက်မှ မရှိလို့ မိန်းကလေးချင်း ချစ်ကြတာလား ဆိုတော့လည်း မဟုတ်ပါ။ လသာ ၂ ၏ အိမ်နီးချင်းကျောင်းမှာ လသာ၁ (ယောကျာ်းလေးကျောင်း) ဖြစ်ပါသည်။ ဤ၂ကျောင်းလုံးသည် တစ်ချိန်ကျောင်းများ ဖြစ်ပါသည်။ ကျောင်းဆင်းချိန် တူသည်ပေါ့။ ကျောင်းဆင်းပြီဆိုလျှင် ထိုကျောင်းမှ ကျောင်းသားများသည် လသာ၂ မိန်းဂိတ်ဝရှေ့တွင် ကျနော်တို့၏ ကျောင်းသူ ချောချောလေးများကို လာကြောင်ကြသည်။ သူတို့ နှစ်သက်သော မိန်းကလေးများကို လာပိုးကြသည်ပေါ့။ မှတ်မိပါသေးသည်။ ကျနော်၏ အချစ်ဆုံး သူငယ်ချင်းကို ကျောင်းကားပေါ်ထိ နာမည်လိုက်မေး၍ ကျောင်းကားဦးလေးကြီးမှ ထိုသကောင့်သားကို ၀င်ဟောက်ခဲ့ရသည့် အဖြစ်။

ထို "ကျား" များ ဘယ်လောက်ပင် ကြိုးစား ကြိုးစား ၉၉% သော လသာ၂ ကျောင်းသူများမှာ စိတ်ယိမ်းယိုင်ခြင်း မရှိ (ကျနော့်ဘော်ဒါတွေ ပြောပါတယ်)။ ကျောင်းထဲမှာ၊ အတန်းထဲမှာသာ အချစ်တော် ထားချင်ထားကြမည်၊ ကျောင်းပြင်ပမှာတော့ နိုးနိုး.. ဆီးပြားသာ စားချင်စားမည်၊ ရည်းစားတော့ မထား ရေးချ မထားကြ။ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အုန်းမြင့်၏ အပတ်စဉ် မနက်ခင်း Assembly တိုင်း ဆုံးမ သြ၀ါဒကို နှလုံးသွင်း ကြရောထင့်။ အားလုံး "ကျား" ကင်းရှင်းကြသည်။ လသာ ၁ ဟူသည် လသာ ၂ ၏ အကြီးမားဆုံး ရန်သူ ဟု ဆို၍ရပါသည်။ ဆရာမကြီးကလည်း အင်မတန် မှန်တဲ့ Concept တွေ သွင်းထားတာကိုး၊ သူမ ပြောနေကျ စကားတစ်ခွန်း ခုထိ မှတ်မိပါသေးသည်၊ "ဒီအရွယ် သမီးတို့ကို လာပိုးတယ်ဆိုတာ သူတို့လာအာချောင်သလို ချစ်လို့ မဟုတ်ဘူး။ ခိုင်းစားဖို့။ သူတို့အိမ်မှာ အိမ်ဖော်လိုလို့" တဲ့။ ရယ်လည်း ရယ်ရပါပေ့။ :D

ယခု ပြန်တွေးကြည့်ရင်း ရယ်ပြုံးစရာ အဖြစ်အပျက်လေး များစွာကို ပြန်ပြောင်းတမ်းတမိပါသည်။ ၈တန်းနှစ်ကပေါ့။ ကျနော့် သူငယ်ချင်း ချောချောလေးကို အထက်တန်း မမ တစ်ယောက်က သူ့ကို ချစ်ပါသည်၊ အမကို ပြန်ချစ်ပါနော် ဆိုပြီး အတင်းအကြပ် စကားတွေလာပြော၍ ကျနော့် သူငယ်ချင်း ငိုခဲ့ရသည်။ ကိုယ့် သူငယ်ချင်း ငိုနေတာ မြင်ရတော့ ဆတ်ဆတ်ထိမခံနိုင်။ ဒေါကြီးမောကြီးနှင့် ကျနော်တို့ အုပ်စု ၉တန်း ၁၀တန်း ကျောင်းခန်းများ တစ်ခန်းဝင် တစ်ခန်းထွက် ပိုက်စိပ်တိုက်ကာ ထိုလက်သည် မမ ကို လိုက်ရှာခဲ့ဖူးသည်။

မေမေက အလယ်တန်း အထက်တန်းတွင် အမြဲဆုံးမသည်။ ကျောင်းမှာ စာပဲ အာရုံစိုက်နော်၊ တခြားကိစ္စတွေ လျှောက်မလုပ်ရဘူးနော်၊ သူများတွေက စာမတော်ချင်လို့ အဲ့ဒါတွေ လုပ်နေကြတာ တဲ့။ တကယ်တော့ မေမေလည်း စိန်မေရီ (ပန်းဘဲတန်း မိန်းကလေးကျောင်း) ထွက်ပါပဲ၊ သူတို့ခေတ်ကလည်း ဒီလို case တွေ ရှိတယ်တဲ့၊ သမီး ကြီးလာရင် ပြန်တွေးကြည့်ရင်း ရယ်ချင်လိမ့်မယ်တဲ့။ ဟုတ်ပါသည်။ ထိုနှစ်များက အင်မတန် ချစ်ခဲ့ရသော (အချစ်တော်လိုလား ဘာလားတော့ မသိတော့ပါဘူး) အတန်းဖော်လေးသည် ယခုအခါ ကျနော့်အား အနွံတာခံသော အချစ်တကာ့ အချစ်ဆုံး သူငယ်ချင်းဖြစ်နေပါပြီ။ ယခုအချိန် ကျနော်နှင့် တူတူ ဒီမှာ ကျောင်းမတက်ပေမယ့် သူမသည် နောင်နှစ်ဆို အင်မတန် ကျက်သရေရှိသော ဆရာဝန်မလေး တစ်ယောက် ဖြစ်တော့မည်။ ကျနော် ရန်ကုန် အိမ်ပြန်ရောက်တိုင်း ပထမဆုံး ပြေးကာ သွားတွေ့ရသည်မှာ သူမ သာ ဖြစ်သည်။ သူမကား ကျနော်၏ စိတ်အလိုကို နားလည်သော၊ ကျနော် ရင်ဖွင့် ညည်းတွားသမျှ သည်းခံ နားထောင်ပေးသော၊ (ဖေဖေကလွဲလျှင်) တစ်ဦးတည်းသော သူငယ်ချင်းကောင်းလေး ဖြစ်ပါသည်။ ထိုနှစ်များက စိတ်ကောက်ခဲ့ကြပုံ၊ စနောက်ခဲ့ကြပုံ၊ ဗရုတ်ကျခဲ့ကြပုံများကို ပြန်မြင်ယောင်ရင်း သူမကို အလွန် သတိရမိပါသည်။ 老婆。。想你哦。。
:D

ကျနော်မှလွဲ၍ ကျနော့်သူငယ်ချင်းများအားလုံး ထမင်းဟင်း ကောင်းကောင်း ချက်ပြုတ်တတ်ကြသည်။ ကျနော့ ၀ါသနာက ထမင်းဟင်း ချက်ပြုတ်ခြင်းတွင် မရှိ၊ ပေါင်မုန့် ကိတ်မုန့် ဖုတ်ခြင်းတွင် သာ ရှိသည်။ ဘာပဲပြောပြော ယောက်ျားဆန်သော မိန်းကလေးများ အိမ်မှု ကိစ္စ မနိုင်နင်း၊ အချက်အပြုတ် မတတ် ဟူသော အဆိုကို ဆန့်ကျင်ရပါမည်။ ထိုမိန်းကလေးများသည် အခြေအနေနှင့် အချိန်အခါ မှန်ပါက မိန်းကလေးဆန်သော မိန်းကလေးများထက် ပို၍ပင် နူးညံ့ ကြင်နာတတ်ကာ အိမ်မှုရေးရာ ကျွမ်းကျင်သည်ဟု ပြောချင်ပါသည် (ကျနော့် ကိုယ်တွေ့ ပတ်ဝန်းကျင်မှ မိန်းကလေးများကို လေ့လာရသလောက်ပေါ့)။


၂တန်းတုံးက အတန်းပိုင် နဲ့ ဘာသာရပ်ဆိုင်ရာ ဆရာမတွေနဲ့ တစ်တန်းလုံး စုရိုက်ထားတဲ့ပုံပါ။ အလယ်တည့်တည့်က ဆရာမက အတန်းပိုင် တီချယ် ဒေါ်ခင်မိမိကြီးပါ။ ဆရာမက အိမ်စာ မပြီးရင် အရမ်းဆူ အရမ်းရိုက်တယ်ဗျ။ :D ဘယ်ဘက်ထောင့်ဆုံးကတော့ ကျနော့်ကို အချစ်ဆုံး၊ သူငယ်တန်းထဲက စာသင်ပေးခဲ့တဲ့ တီချယ် ဒေါ်နွဲ့နွဲ့ဝေ ပေါ့။


လသာ၂ ဘင်ခရာ ပြိုင်ပွဲတုန်းက စစ်ရေးပြ သရုပ်ဖော်ကွက်ပါ။ ဒါက ရှေ့နှစ်ကပုံ။ ကျနော်တို့ နှစ်က ပုံကတော့ ရှာလို့မတွေ့တော့ဘူး :(

မည်သို့ပင် ဆိုစေကာမူ လသာ ၂ ကို ကျနော် အလွန် ချစ်ပါသည်။ အပြစ်ကင်းသော၊ ချစ်စရာကောင်းသော သူငယ်ချင်းများနှင့် တွေ့ခဲ့သည်။ သူငယ်တန်းထဲက ယခု တက္ကသိုလ် ဒုတိယနှစ်ထိ တောက်လျှောက် ကျောင်းတူ၊ အတန်းတူခဲ့သော ငယ်ပေါင်း သူငယ်ချင်း တစ်ယောက်နှင့် ယခုချိန်ထိ တွဲမြဲ။ မိန်းကလေး ဘင်ခရာ အဖွဲ့ ဖြစ်သော်ငြား ဆရာများ အသားကုန် train သောကြောင့် (ဆရာများ အခေါ်) သံမဏိစိတ်ဓာတ် ဆိုသည်ကို ရခဲ့သည်။ အလွန် ပျော်စရာကောင်းသော လသာ၂ ကျောင်းသူဘ၀သည် ဘယ်လိုမှ ဖျောက်ဖျက်၍ မရနိုင်သည့် အမှတ်တရလေး များစွာကို မွေးဖွားပေးခဲ့ခြင်းပါပေ.. ကျနော့် တစ်သက် လသာ၂ လောက် တွယ်တာစရာကောင်းသော ကျောင်း ဘယ်သောအခါမှ ပြန်၍မရနိုင်တော့။ ထိုကျောင်းတွင်ပဲ သူငယ်ချင်းကောင်း ဆိုသည်ထက် ညီအစ်မရင်းချာသဖွယ် ပို၍ခင်တွယ်ရသော မိန်းကလေးများနှင့် ဆုံခဲ့သည်။ ထိုကျောင်းတော်ကြီးကပဲ ကျနော်တို့တွေကို ယောက်ျားဆန်သော မိန်းကလေးများ ဖြစ်အောင် သွန်သင်ပေးခဲ့သည် မဟုတ်ပါလား။


အထက်ပါ အချက်အလက်များသည် ကျနော်၏ အထင်နှင့် အမြင်များသာ ဖြစ်ပါသည်။ အကြောင်း တိုက်ဆိုင်ခဲ့ပါက ခွင့်လွှတ် ဖြည့်စွက် ဖတ်ရှုပေးပါရန်။ လွန်တာရှိက ၀န္ဒာမိ ပါဗျား။ :D

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...