Wednesday, October 12, 2011

မေ့ပစ်ချင်သော နေ့တစ်နေ့

ရှက်စိတ်နဲ့ ခံပြင်းစိတ် ပေါင်းပြီး ထွက်လာတဲ့ ခံစားချက်ကို ဘာလို့ခေါ်လဲ? ကျနော် မသိဘူး။ ဒါပေမယ့် အဲ့နှစ်ခုလုံး တစ်ပြိုင်နက် ခံစားလိုက်ရတယ်။

အခြေအနေမှန် တစ်ရပ်ကို နားလည်လိုက်တဲ့ တဒင်္ဂမှာ တွေဝေသွားတယ်။ အို.. ဒါမဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြောနေမိတယ်။ နား၂ဖက်ထဲမှာတော့ ဒါမင်းရဲ့ လုပ်နိုင်စွမ်း အကုန်ပဲ၊ မင်းဒီ့ထက် ပိုပြီး မစွမ်းသာပါဘူးကွာ လို့ ၀မ်းခေါင်းသံကြီးနဲ့ လူတစ်ယောက် အော်ပြောနေတာကို ထပ်ခါထပ်ခါ ကြားနေရတယ်။ မင်းဘာတတ်နိုင်သေးလဲ ငှဲငှဲငှဲ လို့ လှောင်ရယ်သံတွေလည်း ပဲ့တင်ထပ်နေတယ်။ သံသယမျက်လုံးတွေ၊ အထင်သေးတဲ့ အကြည့်တွေကို ကျွန်တော် မခံစားနိုင်ဘူး။

အခုချက်ချင်းပဲ ဒီအခန်းကျဉ်းလေးထဲက ထွက်ပြေးချင်စိတ်တွေ ပေါက်နေမိတယ်။ တတ်နိုင်ရင် ငယ်ငယ်ကလို ဘူးသီးလုံးလောက် ကြီးတဲ့ မျက်ရည်တွေ တစ်လုံးပြီးတစ်လုံး ငိုချလိုက်ချင်တယ်။ တ၀ါးဝါးနဲ့ အာခေါင်ခြစ်ပြီး ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်ချ၊ ပေါင်ကားရားနဲ့ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ အော်ငိုချင်တယ်။ ကလေးတုန်းကလိုတော့ မျက်ရည်တွေနဲ့ မျက်နှာက ဂျီးတွေ၊ နှပ်တွေ၊ ချွေးတွေ ရောပြွန်းပြီး ကြောင်ချီးကုတ် ရုပ်တော့ မပေါက်ချင်ပါဘူးလေ။

ရုတ်တရက် ပတ်ဝန်းကျင်က လူတွေအားလုံး အငွေ့ပျံ ပျောက်ကွယ်သွားသလိုပဲ။ ဘယ်သူ့ကိုမှ မမြင်တော့ဘူး။ ခေါင်းထဲမှာ စောစောက လှောင်ရယ်သံတွေ အထင်အမြင်သေးတဲ့ အကြည့်တွေပဲ မြင်နေ ကြားနေ ရတယ်။ ကျွန်တော် ဘာဖြစ်သွားပြီလဲ။ ကျွန်တော် သေသွားပြီလား။ တတ်နိုင်ရင် သေလိုက်ပါတော့လားဟယ် လို့ ဆုတောင်းလိုက်မိတယ်။ အော်... တကယ်သေဖို့ကျတော့လည်း သတ္တိက မရှိပြန်ဘူး။ အော်... ငါ့နှယ်၊ အခုမှ ဟို အင်္ဂလိပ် စကားပုံထဲကလို ဖြစ်နေပြီ၊ Between the deep blue sea and the Devil တဲ့။ ပင်လယ်ထဲ ခုန်ချသေရမှာလည်း သတ္တိကကြောင်၊ ဒီတိုင်းနေပြန်တော့လည်း ဟိုဘက်မှာက ကိုယ့်ကိုလာသတ်မယ့် နတ်ဆိုးကြီးလေ။ ဘာဆက်လုပ်ရမတုန်း ဝေခွဲမရတဲ့ အဖြစ်ပေါ့။ အဲ့လောက်ထိ ပျော့ညံ့ရကောင်းလား ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်မိတယ်။

အမျိုးသမီး တစ်ယောက်ကတော့ ကျွန်တော့်ကို ပြုံးရယ်ပြီး အားပေးနေပါရဲ့၊ အားတက်လို အားတက်ငြား ပေါ့လေ။ သူမ ပြောနေတဲ့ စကားသံတွေက တိုးသွားလိုက်၊ ကျယ်လာလိုက်နဲ့ ကျွန်တော့်နားထဲမှာ... ဘာမှလည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဟင့်အင်း... ကြားလည်း မကြားချင်ဘူး။ အရာအားလုံး တစ် က ပြန်စရမယ်ဆိုလည်း ကျွန်တော် ပြန်စနိုင်ပါတယ်။ ဒီမျက်လုံးတွေ ရင်မဆိုင်နိုင်တာ တစ်ခုက လွဲရင်ပေါ့။

ဟိုးအရင် ၃နှစ်ကျောက်လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဒီအတိုင်း ကွက်တိ ပြန်ခံစားနေရလို့ ဒီ blog မှာ ပြန် post ပါမယ်။

Alone in the corner ...
Darkness makes my day alter,
Like a fish out of water,
In thirst of a consoler.

Lonely days slide away ...
Laughter fades away,
Mourning is what I have to pay,
What else can I say?

Suddenly, out of solutions ...
Tears running down on cheeks,
As a passer-by,
Ya dare to see those faces?

အဲ့လိုပါပဲ။ ဘ၀က ခါးပါတယ် (ရံဖန်ရံခါပေါ့)။ ကျရှုံးမှု ဆိုတာကို အပြုံးနဲ့ ရင်ဆိုင်လာနိုင်တဲ့ တစ်နေ့တော့ ချို သွားမှာပါ။ အဲ့ဒီ တစ်နေ့ ကလည်း ကျွန်တော်နဲ့ အရမ်း အလှမ်း မဝေးပါစေတော့နဲ့လေ။

ကြယ်ကြွေချိန်

Life from my perspective

Life's not just about study and work. Life's to enjoy. Today, I got a chance to get to know about this truth more.

At some point of time in life, we may most likely follow the path where money leads us to do certain things (for example, jobs that we dislike doing or not comfortable with). I, myself too, had ever dipped my 24 hours a day into doing something that i don't really love to, for one whole year.

There's no wonder for most people to live their lives this way because we all are living in a society which is bounded by socially accepted norms (for example, you must get a degree to get a good job, have good marriage, raise smart kids, live a life which is not inferior than others, etc).

Two years ago, i asked myself what my point of living was. I couldn't manage to get a satisfactory answer from my heart, but an obliged one from my brain. My brain was telling me that i was not living my own life but for others. Oh God, i was living for the sake of other people!

I couldn't find happiness in myself, but in others because of my achievements in this and that, bla bla... After undergoing series of mental breakdown and stress, i decided to start from scratch again, and follow my heart.

No matter what you are right now, think about whether you really enjoy living your life the way you are in currently. It's never too late to mend. All you need is just one step backward wherever you are, and look for solutions to "how-about" questions. How about i quit my current job and try out something new? Who says you won't find your dream job? Miracles do exist!

Remember.. There are still many many things out there for us to go out and explore. Travel more. Take more pictures of Nature. Greet new people. Live your own life, and enjoy it to the fullest. And you will know what i am talking about.

Gandhi once said "Be the change you want to see in the world". I could be the change i want to see in myself. I believe you can, too.

Name me Ms.Extreme if you think i am irrational. I have no comments on that. I m just sharing some thoughts here. I also accept the fact that extremities are not good, and we have to balance certain things in life. Just make sure your self-restrictions don't go beyond your tolerance limit.

Lastly, I just wanna say "You are the one and only author of your life book".

Thank you for your time. Have a good day and best wishes for you. :)

Kyel kywai chain

Oh btw, i posted this using blogger app for iphone. So, there my be a lot of shortcuts and typos. I am too lazy to sit at my desk after a long and memorable day. Anw in my bed now and Gona sleep. Good night, world! :)

Monday, October 3, 2011

အရင်လိုပဲ

ဟိုတစ်နေ့ကပေါ့.. ကားဂိတ်နားက ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးမှာ သူ့ကို ပြန်တွေ့လိုက်ရတယ်။ လမ်းခွဲပြီးတဲ့နေ့ကစ မျက်နှာလေးတောင် တစ်ချက် မမြင်လိုက်ရဘဲ သူပျောက်ကွယ်သွားခဲ့တာ ခုဆို ၄နှစ်တောင် စွန်းလာခဲ့ပါရောလား။

ရေခြားမြေခြားမှာ အနေကြာလို့နဲ့ တူပါတယ်။ ဟိုတုန်းကထက် အသားဖြူလာတယ်။ အရင်ကလို စကားပြောရင်း ဟက်ဟက်ပက်ပက်ရယ်တုန်းပဲ။ ဘယ်ဘက်ပါးမှာ ပါးချိုင့် နက်နက် တစ်ခုနဲ့ သူ့မျက်နှာဟာ အနည်းငယ် သွယ်သွားသယောင် ထင်မိပါတယ်။ ဟိုမှာ ပင်ပန်းလို့နေမှာပေါ့လေ။ သူအလုပ်အကိုင်ရော အဆင်ပြေရဲ့လားလို့ လွန်ခဲ့တဲ့ ၃နှစ်လောက် တုန်းက သူ့မိတ်ဆွေတွေကို တီးခေါက်ခဲ့ဖူးပေမယ့် အခုတော့ ဘာဆိုဘာမှ သိလိုစိတ် မရှိတော့ပါဘူး။

ရှေ့လထဲ သူလက်ထပ်တော့မယ်တဲ့ ချယ်ရီက ပြောပြတယ်။ မိဘချင်း သဘောတူ အထက်တန်းလွှာ အမျိုးကောင်းသမီး တစ်ယောက်နဲ့ ရွှေလမ်းငွေလမ်း ခင်းတော့မယ်တဲ့။ သြော်.. ကျွန်မ စိတ်ထဲက လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။ သူပျော်ရွှင်ပါစေလို့။

ဒါပါပဲ။ ဟိုးတုန်းက ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာသူ၊ ကျွန်မဟာကျွန်မပါပဲ။ အရာရာဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ ဒါရိုက်တာက "CUT" မအော်လည်း သိနေပြီးသားပဲ။ သူဟာ အရင်အတိုင်း အပြုံးမပျက်သလို ကျွန်မကလည်း မနက်တိုင်း "Good Morning" နှုတ်ဆက်နေနိုင်တုန်းပါပဲ။ အသက်မပါတော့တာ တစ်ခုက လွဲရင်ပေါ့။

ကြယ်ကြွေချိန်

Myanmar Festival Gala 2011 presented by SMUMC

ဒီ Post ကို ရေးမယ် ရေးမယ်နဲ့ အချိန်ဆွဲလာခဲ့တာ အခု စာမေးပွဲတွေ ပြီးမှပဲ ရေးတဲ့ဆီကို ရောက်ပါတယ်။

ဒီပွဲလေးကတော့ ကျနော်တို့ Singapore Management University Myanmar Community Club (SMUMC) က ဦးဆောင်ပြီး ဒုတိယ အကြိမ်မြောက် လုပ်ဖြစ်တဲ့ပွဲလေးပါ။ ကျနော်တို့ SMUMC က နှစ်စဉ် annual production ပုံစံမျိုး လုပ်တာပါ။ September 3 ရက်နေ့က NTUC Auditorium @ One Marina Boulevard မှာ လုပ်သွားပါတယ်။

Festival Gala ရဲ့ အဓိက ရည်ရွယ်ချက်က SMU မြန်မာကျောင်းသားတွေ အနေနဲ့ ဒီမှာရှိတဲ့ နိုင်ငံခြားသားတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ရည်ရွယ်လို့ မြန်မာ့ရိုးရာ နှစ်ဆယ့်လရာသီ ပွဲတော်တွေအကြောင်း ကပြဖျော်ဖြေပါတယ်။ 2010 တုန်းကတော့ Myanmar Cultural Show ဆိုပြီး 1st annual production ကိုလုပ်ခဲ့ပါတယ်။

အချိန်အတိုင်းအတာ ကန့်သတ်ချက်ကြောင့် ပွဲတော် ၁၂ခုလုံးကို ပြသဖို့ရာ ခက်ခဲလို့ အထင်ကရကျတဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ တန်ခူး စတဲ့ လတွေကို ပိုအသားပေး တင်ဆက်ထားပါတယ်။ စံတော်ချိန်အက၊ သင်္ကြန်ယိမ်း၊ သီတင်းကျွတ် musical (mini play)၊ အပျိုတော်ယိမ်း (နတ်အက)၊ ရခိုင်ရိုးရာ ဆီမီးခွက်အက တွေ ပါဝင်ပါတယ်။ အကတွေချည်းပဲ မဟုတ်ပဲ ရယ်ရွှင်ဖွယ်ရာ ကောက်စိုက်မယ်လေးများ တေးသရုပ်ဖော်ကိုလည်း ထည့်သွင်းထားပါသေးတယ် (ကောက်စိုက်မယ်လေးတွေက သူငယ်ချင်းတွေထဲက ယောက်ျားလေးတွေပါ။ တောင်သူ ကောက်စိုက်မယ်တွေလို ၀တ်ပြီး ကကြတာပါ)။ ဒါ့အပြင် မြန်မာ့ရိုးရာ၊ မြန်မာစကားကို စိတ်ဝင်စားတဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေနဲ့လည်း မြန်မာသီချင်း တစ်ပုဒ် သီဆိုဖျော်ဖြေပါသေးတယ်။ သီချင်းက ဆောင်းဦးလှိုင်ရဲ့ "လွမ်းရယ်မပြေ" သီချင်းပါ။ Korean နဲ့ Indian သူငယ်ချင်းနှစ်ယောက်က မြန်မာသူငယ်ချင်း တစ်ယောက်နဲ့ ကူညီတွဲဖက် သီဆိုပေးပါတယ်။ နောက်ဆုံးမှာ ဟိုးတုန်းက ဗေဒါလမ်းဇာတ်ကားကို drama ပုံစံမျိုး ပြန်လည် သက်ဝင်ထားတဲ့ The Way of Bay Dar ပြဇာတ်ကိုလည်း ကပြပါသေးတယ်။ အကျွေးအမွေး အနေနဲ့ မြန်မာဟင်းလျာ Buffet ပုံစံမျိုး ပါဝင်ပါတယ်။

ကျောင်းစာတွေ ပိနေတဲ့ကြားက ကျောင်းသားတွေချည်းပဲ ဦးဆောင်ဦးရွက်ပြုပြီး လုပ်ရတဲ့အတွက် အတော်တော့ ခက်ပါတယ်။ stage decoration တွေ make-up တွေက အစ performer၊ usher တွေက အဆုံး အားလုံး ကိုယ့်လက်ကိုယ့်ခြေ ချည်းပါပဲ။ ကျောင်းမှာ မြန်မာကျောင်းသား အင်အားက အရမ်းကြီး များတယ်လို့ မဆိုလောက်ပါဘူး။ အခက်အခဲတွေ ကြားထဲက ပွဲကြီးတစ်ခုလုံး အထမြောက် အောင်မြင်တာ အားလုံးရဲ့ ကြိုးစားအားထုတ်မှု ကြောင့်ပေါ့။ အားလုံးကို ဦးဆောင်ပြီး စီစဉ်ပေးတဲ့ 3rd Executive Committee (3rd Exco) ကိုလည်း ကျေးဇူးတင်ပါတယ်။

Dancer တွေ performer တွေ drama cast တွေ အားလုံးဟာ ကျနော်တို့ SMUMC အဖွဲ့ဝင် ကျောင်းသူကျောင်းသား တွေချည်းပါပဲ။ ကျနော်တို့တွေဟာ အနုပညာကျောင်းဆင်း ၀ါရင့် သဘာရင့် သဘင်ပညာသည်တွေ မဟုတ်ကြပါဘူး။ ကျွမ်းကျင် ၀ါသနာရှင်တွေလည်း မဟုတ်ကြပါဘူး။ စင်ပေါ် ကပြ ဖျော်ဖြေရမှာ ရှက်တတ် ကြောက်တတ်တဲ့ သူတွေလည်း အများကြီးပါပါတယ်။ ကဖို့မပြောနဲ့၊ လက်တောင် ဘယ်လိုချိုး၊ ခါးတောင် ဘယ်လိုယိမ်းရမှန်း မသိတဲ့ ကျနော်တို့ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးတဲ့ ဆရာနဲ့ ဆရာမကိုလည်း တကယ် ကျေးဇူးတင်မိပါတယ်။

ဒီက တခြားကျောင်းကသူငယ်ချင်းတွေက မေးကြပါတယ်။ နင်တို့မှာ စာလုပ်စရာ မရှိဘူးလားတဲ့၊ သူတို့မှာဆို စာပဲလုပ်နေတာတောင် အချိန်က မလောက်ဘူးတဲ့။ ကျနော်တို့က အချိန်တွေ အရမ်းပေါများနေလို့ ဒါကိုလုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့မှာလည်း တက္ကသိုလ် ကျောင်းသား တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေ ၀တ္တရားတွေ၊ ကျောင်းစာတွေ အများကြီးရှိပါတယ်။ ဒီကြားထဲက အကတိုက်ရတာနဲ့၊ organizing committee meeting တွေ သွားရတာနဲ့၊ မအားမလပ်တဲ့ ကြားထဲက နေ့နေ့ညည အိပ်ရေးပျက်ခံ ဘယ်သူက ဘာလိုလဲ မေးမြန်း.. တစ်ယောက်နဲ့ တစ်ယောက် အစစအရာရာ အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ပေးကြပါတယ်။

တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ဒီပွဲအတွက် စိုက်ထုတ်ရတဲ့ လုံ့လ၊ ၀ီရိယတွေ အဖြစ် လုံးဝပြောင်းလဲကုန်တာပါပဲ။ အခက်အခဲတွေ အများကြီး ကြားထဲက မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ ရှေ့ဆက်လျှောက်နိုင်တာ ဘာကြောင့်လဲလို့ တွေးမိပါတယ်။ ဒီ Myanmar Community Club ကိုချစ်တဲ့စိတ်၊ မြန်မာကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ အားလုံးတစ်သွေးတည်း တစ်သားတည်း ပါဝင်နေကြတာပါ။ မိဝေးဖဝေး နိုင်ငံရပ်ခြားမှာ တစ်ဦးတည်း ရပ်တည်နေရသူတွေတိုင်း အတွက် ဒါဟာ ကျနော်တို့ရဲ့ "အိမ်" ပါပဲ။ ဒီစိတ် တစ်ခုတည်းနဲ့ ရှေ့လာမယ့် နှစ်တွေမှာလည်း "မြန်မာ" ဆိုတာ ဘာဆိုတာ ဖော်ထုတ်ပြနိုင်ဖို့ အားလုံးအတတ်နိုင်ဆုံး ကြိုးစားသွားကြမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။

ပွဲမှာ တက်တက်ကြွကြွ အားပေးတဲ့ ပရိသတ်ကိုလည်း ကျနော်တို့ အားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကပြ ဖျော်ဖြေမှုသော်လည်းကောင်း၊ အစားအသောက်နှင့် ပတ်သက်၍သော် လည်းကောင်း တစ်စုံတစ်ရာ စိတ်မကျေနပ်စရာ စိတ်ခုစရာ ရှိခဲ့ရင်ဖြင့် ကျနော်တို့ အားလုံး အနူးအညွတ်တောင်းပန်ပါကြောင်း... လွန်တာရှိရင် ၀န္ဒာမိပါဗျား...။

ကြယ်ကြွေချိန်

Sunday, October 2, 2011

ပေါက်ကရ ၂

နင့်မေးခွန်းတိုင်း ငါဖြေရမလား
နင်ထိုင်ငိုသွားမယ်

သံသယတိုင်း ဖြေရှင်းရမလား
နင်ရူးချင်သွားမယ်

နင်လိုချင်တိုင်း ငါပေးရမလား
မေးပါရစေ
ငါလိုချင်တာကိုရော ဘယ်သူတွေက လာပေးလို့လဲ

နင်အလိုမကျဘူးလား
လူ့အလိုနတ် မလိုက်နိုင်တဲ့
နတ်တောင်မဟုတ်တဲ့ငါက ဘယ်လိုတတ်နိုင်မှာတုန်း

ပြောရဆိုရ ခက်တယ် ဟုတ်လား
မအားဘူး.. တောမှာသွားပြော

ဘာ..?
သည်းမခံနိုင်တော့ဘူး ဟုတ်လား
စိတ်ရှည်သည်းခံနည်း အတတ်သွားသင်လိုက်ဦး
ငါ့အပူတော့ မဟုတ်ဘူး

ဘာရယ်မဟုတ်ဘူး.. စာမေးပွဲ ပြီးလို့ လျှောက်ရေးကြည့်တာ.. ဟီး

ကြယ်ကြွေချိန်

Sunday, September 18, 2011

အမှတ်တရများ ၁

ကျွန်တော် ရန်ကုန်သား အစစ် မဟုတ်ပါဘူး။ ရန်ကုန်မှာ ပေါက် (မွေး) ပေမယ့် နယ်မှာ ကြီးလာတာပါ။ အော်.. ကျွန်တော်ကြီးပြင်းခဲ့တဲ့ သုံးဆယ်မြို့လေးကို တောလို့ခေါ်ရင် စိတ်ဆိုးစရာ ဖြစ်ကုန်မှာစိုးလို့ပါ။ (တောသူမ လို့လည်း အခေါ်မခံနိုင်ပေါင်။)

သုံးဆယ်မြို့ကို သိကြလား။ ပဲခူးတိုင်း၊ သာယာဝတီမြို့နားကလေ။ ပဲခူးမြို့မရောက်ခင်လေးပဲ။ ရန်ကုန်ကထွက်ရင် မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်ဆိုပြီး မြို့လေးတွေ ဆက်တိုက်ရှိတယ်လေ။ အဲ့မှာပေါ့။

ကျွန်တော့်ကို ရန်ကုန်မှာ မွေးပြီး ၁နှစ်မပြည့်ခင်ထဲက အဖေက သုံးဆယ်မြို့ကို တပါတည်း ခေါ်သွားပါတယ်။ အဖေက အဲ့မှာ အရက်ချက်စက်ရုံလုပ်ငန်း လုပ်ပါတယ်။ အမေက အဲ့တုန်းက မောင်လေးကို ဗိုက်ထဲထည့်ထားရတော့ တောကို မလိုက်နိုင်ဘူးလေ။ ဟီးဟီး။ ၄နှစ်ခွဲအရွယ် မူကြိုတက်ရတော့မှ ရန်ကုန်ကို ပြန်သွားရတာပါ။ နောက် ကျောင်းကြီးတက်တော့လည်း နွေရာသီကျောင်း ၃လ ပိတ်တိုင်း သုံးဆယ်ကို ပြန်ရပါတယ်။ အဖေက အင်မတန်ချစ်ရတဲ့ သမီးဆိုတော့လည်း မခွဲနိုင်ဘူးပေါ့လေ။ ဟီး။

ကျွန်တော် နေတဲ့ ပတ်ဝန်းကျင်အကြောင်း နည်းနည်းပြောပြပါရစေ။ "ပန်းဆွဲလမ်း" အထဲဘက် ခပ်ဝင်ဝင် ၂ထပ် အိမ်ဟောင်းကြီးမှာ နေတာပေါ့။ (ပန်းဆွဲလမ်းဟု အမည်တွင်ရခြင်း သမိုင်းကို နောက်ကြုံလျှင် ပြောပြပါ့မည်။) အရင်အိမ်ရှင်က အဖေနဲ့ မိတ်ဆွေတွေဆိုတော့၊ သူတို့လည်း တစ်ရွာ တစ်ကျီပြောင်းရော၊ အဖေက ဒီအိမ်ကို ၀ယ်လိုက်တယ် ဆိုပါတော့။ အိမ်ကလမ်းရဲ့ အထဲအစွန်ဘက် ရောက်တယ်။ နည်းနည်းဆက်လျှောက်လိုက်ရင် ဘုန်းကြီးကျောင်းရောက်တယ်။ ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်ကို ဆက်ကျော်သွားရင် ကျွဲမည်းတောင်ဆိုလား၊ ကျွဲနားတောင်ဆိုလား တောင်ကုန်းလေးရှိတယ်။ အဲ့မှာလည်း စေတီလေးတွေရှိတယ်။ ရာဇ၀င်ကတော့ ကျွဲမည်းမည်းကြီး တစ်ကောင် လျှောက်ပြေးရင်း (ဘာလို့မှန်းလည်းတော့ မမှတ်မိတော့ပါ) ဒီတောင်ပေါ် ရောက်လာတော့ မောလို့ နားရင်းနဲ့ တောင်စောင့်နတ်ရဲ့ကျိန်စာသင့်လို့ ကျောက်ရုပ်ကြီးဖြစ်သွားတယ်တဲ့။ သေချာမမှတ်မိလို့ မှတ်မိသလောက်ပဲ ပြောပြတာ။ အဲ့စေတီမှာတော့ ကျွဲမည်းကြီး ရုပ်တု တကယ်ရှိပါတယ်။ ဓာတ်ပုံတောင် ရိုက်ထားသေး၊ ၄နှစ်အရွယ်လောက်တုန်းက။

အိမ်ပုံစံကတော့ အတော်ညစ်ပြီး စုတ်တယ်။ ရှေးခေတ် မြန်မာ ကနုတ်လက်ရာပုံစံမျိုးတွေကို ၀ရန်တာမှာ တွေ့ရတယ်။ ခြံစည်းရိုးက အတော်ကို ကျယ်တယ်။ ရန်ကုန် ခြံတွေနဲ့တော့ တခြားစီပဲ။ ခြံထဲမှာ သီးပင်၊ စားပင်၊ အလှပင် မျိုးစုံ ရှိတယ်နော်။ ခုထိ အတိအကျကို မှတ်မိသေးတယ်။ အုန်းပင် အမြင့်ကြီး ၂ပင်၊ ခပ်နိမ့်နိမ့် ၁ပင် (အသီးမသီးသေးဘူး)၊ သဘောင်္ပင် ၃ပင် (အမ ၂ပင်၊ အထီး၁ပင်)၊ သြဇာသီးပင်၊ သံပရာသီးပင်၊ နာနတ်သီးပင်၊ ရှောက်ရွက်ပင်၊ ဂမုန်းပင်၊ ကွမ်းညွန့်ကွမ်းပင်တွေ၊ ဘူးစင်၊ ဒန့်ဒလွန်သီးတွေက အဲ့ဘူးစင်နား ကပ်ပေါက်နေကြသေးတယ်။ အစုံပဲနော်။ ရန်ကုန်မှာလို ၁၈လမ်းဈေးထဲ ရွှံ့ဗွက်နင်းပြီး သွားဝယ်စရာမလိုဘူး။ ဟင်းစားလိုရင် ရယ်ဒီ၊ ခူးလိုက်ရုံပဲ။ အလဲ့ ဟန်ကျပါ့။ ဟဲဟဲ။

အိမ်အတွင်းပိုင်းကတော့ အရမ်းကို ဟောင်းတယ်။ (အပြင်ပိုင်းလည်း တူတူပါပဲလေ။) ကြမ်းပြင် ကြမ်းကြားတွေဆို ခြေခပ်ဖွဖွနင်းရင်တောင် တကျွိကျွိ အသံမြည်တယ်ဗျ။ နံရံတွေမှာ ပင့်ကူအိမ်တွေ တန်းလန်းလွင့်လို့။ ဘယ်လိုရှင်းရှင်း ပင့်ကူတွေက ပြန်ရောက်လာတာပဲဗျ။ အိမ်က ဟောင်းတော့ ရှင်းမရတော့ဘူးလေ။ tourist တွေခေါ်လာပြီး ဒါကတော့ ခေတ်အဆက်ဆက်က spider museum ပါလို့ပြောရင်တောင် ယုံလောက်တယ်ဗျ။ အဟုတ် တကယ်။

အောက်ထက်ကတော့ သံမံတလင်းခင်းထားတာပေါ့။ အောက်ထပ်မှာတော့ ပင့်ကူ သိပ်မရှိဘူး။ တစ်ခုပဲ... ကင်းခြေများ၊ ကင်းမြီးကောက်၊ ကင်းမလက်မဲတွေ ဆိုတာများ အို... ပေါလို့ ပေါလို့။ ရိုက်သတ်လို့ မကုန်ဘူး။ အဖေဆို ကင်းမြီးကောက်တွေ အမြီးနဲ့ပေါက်မှာစိုးလို့ မြင်သမျှ ရိုက်ရိုက်သတ်ပြီး အရက် (အဆီ) ပုလင်းထဲ ထည့်စိမ်ထားတာ ကြာတော့ နှစ်ချို့ပြီး ဆေးဖက်ဝင်ကုန်တဲ့ ပုလင်းတွေ ဖာလိုက် ဖာလိုက်ပဲ။ ဟီးဟီး။

စက်ရုံက ခြံအနောက်ဘက်မှာလေ။ အရက်ချက်ဖို့ အဆင့်ဆင့် ပေါင်းခံရတဲ့ ၂ထပ်တိုက်လောက်ထိ တိုင်ကီအမြင့်ကြီးတွေ အများကြီးရှိတယ်။ စက်ရုံ အလယ်တည့်တည့်မှာ ရေ၊မီး အပူချိန် Control လုပ်တဲ့ ၈ထပ်အမြင့် tower ကြီးရှိတယ်။ ပြီးတော့ ဟိုးအနောက်ဘက်မှာ စက်ရုံတစ်ခုလုံးရဲ့ စက်တွေလည်ဖို့ လောင်စာစွမ်းအင်တွေ ပေးတဲ့ Boiler အကြီးကြီးရှိတယ်။ အဲ့နားသွားရင် ပူခြစ်နေတာပဲ။ ဆောင်းတွင်းဆို အဲ့နားမှာပဲ ဇယ်သွားသွားခုတ်တာ ဟီး။ ဆောင်းတွင်းက အရိုးထိ ခိုက်အောင် ချမ်းတာကိုးဗျ။ မနေနိုင်ဘူးလေ။ မနက်ဘက်ဆို မြူတွေ အရမ်းထူတာ။ နေ့စဉ် အပူချိန်က ၁၀ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိတယ်။

ခြံထဲမှာတော့ မိုးရာသီဆို မြွေအရမ်းပေါတယ်ဗျ။ ခြုံတွေ မြက်တွေတော့ မရှိဘူး၊ အလုပ်သမားတွေ အမြဲရှင်းရတယ်လေ။ လုပ်ရင်းကိုင်ရင်း ပိုးထိကုန်ရင် ဆေးရုံက သာယာဝတီမြို့မှာပဲ ရှိတာကိုး၊ အသက်တောင် မှီမှာမဟုတ်ဘူး။ ခြံထောင့်တွေမှာဆို မြွေအရေခွံ ဖြူဖြူတွေများ အပုံလိုက်ကလေးတွေ။ တစ်ခါတလေ မြွေက အိမ်ထဲ ထုတ်တန်းပေါ်မှာ အခန့်သား တက်အိပ်နေတတ်သေး။ မြွေအများစုကတော့ အဆိပ်မရှိပါဘူး။ မြွေစိမ်း ခပ်သေးသေးလေးတွေ များတယ်။ တခါတလေ စပါးကြီး၊ စပါးအုန်း၊ ငန်းတော်ကျားတွေ ရှိတတ်တယ်။ မြွေဟောက်ကတော့ လယ်ကွင်းတွေထဲမှာ များတယ်။ သူက လယ်ကြွက်ကြိုက်တာကိုး။ တချို့ မြွေအဖြူရောင်လေးတွေဆို (အမည်မသိ၊ အဆိပ်မရှိပါ) ရေကူးချန်ပီယံတွေဗျ။ သူတို့က တခြားမြွေတွေလို ရေအောက်မှာ မကူးဘူး။ ရေပေါ်မှာ ရှပ်ရှပ်ပြီး သွားတာဗျား။ မျက်တောင်တစ်ခတ်ပဲ၊ မြင်ကွင်းထဲက ပျောက်သွားပြီ၊ အဲ့လောက်မြန်တယ်။ မြင်နေကျ ဖြစ်နေတော့ ကျုပ်တို့တောင် မြွေ မြင်တာနဲ့ ဘာမြွေ၊ဘာမြွေ တန်းသိတယ်ဗျ။ (သုံးဆယ်အကြောင်းပြောရင် အလိုလို ကျုပ်လည်း "ကျုပ်" ဖြစ်သွားတယ်ဗျာ။)

တစ်ခါတုန်းကဆို ဘုန်းကြီးကျောင်း ရှင်ပြုအလှူမှာ တရားနာနေတုန်း လုံးပတ်ခပ်တုတ်တုတ် အညိုစင်းခပ်စိတ်စိတ်နဲ့ မြွေတစ်ကောင် ပြတင်းပေါက်ဘောင်ပေါ်မှာ တက်ခွေပြီး ဦးပျဉ်းလေး ငိုက်လို့ တရားနာနေတာတောင် တွေ့ဖူးသေးတယ်။ လူတွေ ဘယ်လောက် ခြောက်ခြောက် သူက မလှုပ်ဘူးဗျာ။ လျှာလေး တစ်လစ် တစ်လစ်နဲ့ အေးဆေးလေး ခွေနေတာ။ ဘုန်းကြီး တရားလဲဆုံး အမျှလည်း ဝေပြီးရော သူ့ဟာသူ ခြုံထဲပြန်ဆင်းတိုးဝင်ပြီး သူ့လမ်းသူ ပြန်ပါလေရော။ လူတွေ ပြောကြတာကတော့ ဘုရားမြွေတဲ့။

အဆိပ်ရှိတဲ့ မြွေဆိုရင်တော့ အဖေက အရှင်မထားဘူး။ လူတွေ ပေါက်မှာ စိုးတာကိုး။ တစ်ခါတုန်းက အိမ်အောက်ထပ်မှာ မြွေဟောက်တစ်ကောင် ၀င်လို့ တီဗွီ (မီးအားမပြည့်၍ ခါနေသော၊ လိုင်းများစွာ ပြေးနေသော၊ မကြည်သော အဖြူအမည်း တီဗွီသေးသေးလေး) ကြည့်နေတုန်း အဖေနဲ့ ဦးဋ္ဌေးဝင်းတို့ ထသတ်ရသေးတယ်။ ဦးဋ္ဌေးဝင်းဆိုတာ ကျုပ်ကို ထန်းလျက်ခဲတွေ အမြဲ ကျွေးတဲ့ အိမ်ဘေး မုန့်ဆိုင်က လူကြီးပေါ့။ သူ့အမျိုးသမီးက မူလတန်းပြ ဆရာမ ချောချောလေး။ ကျုပ်ကို ဆရာမပဲ ကကြီး၊ ခခွေး သင်ပေးခဲ့တာ။ ခုထိ သတိရသေးတယ်။ သုံးဆယ်မှာ စာအုပ် ခဲတံ မရှိလို့၊ ဆရာမသားရဲ့ ကျောက်သင်ပုန်း၊ ကျောက်တံနဲ့ ရေးခဲ့ရတာ။ စာရွက်ပေါ်မှာ ခဲတံနဲ့ရေးတာက ကျောက်တံနဲ့ ရေးရတာလောက် မမိုက်ဘူးဗျ။ ကျောက်တံက အရမ်းသုံးလို့ကောင်းတယ် သိကြလားဗျ။ လက်နဲ့ ဖျက်လည်းပျက်တာကိုး။ စာရွက်ပေါ်မှာဆို ခဲဖျက်လိုသေးတယ်လေ။ မြေဖြူလိုလည်း မညစ်ပတ်ဘူးလေ။

၁၀လ သမီးအရွယ်လောက်ထဲက အရက်ချက်စက်ရုံမှာ ကြီးလာရတဲ့ ကျုပ်က စက်ရုံထဲက ခပ်စူးစူး ဆန်အရက်ဖြူနံ့ကို ယဉ်နေပါပြီ။ ပထမပိုင်းတော့ အနံ့ကစူးသယောင် ထင်ရပေမယ့် ခဏနေရင် မွှေးလာတယ်ဗျ။ တခါတလေ အပြင်မှာ မိုးဖွဲကျတဲ့ နေ့မျိုးဆို အဲ့မွှေးတဲ့အနံ့ကတစ်ဆင့် လျှာပေါ်ခပ်ချိုချို အရသာပါ ကူးစက်သွားသလိုပဲ။ (မှတ်ချက်။ ၁၂နှစ် ၁၃နှစ် လောက်မှ ဒါမျိုး သိတာနော်။ ဟဲဟဲ) အဲ့အနံ့ထွက်တဲ့ အဆင့်က အရက်ချက်ဖို့ ဆန်က Yeast နဲ့ အချဉ်ဖောက်တဲ့ အဆင့်လေ။ အချဉ်ဖောက်ပြီးတဲ့ ဆန်တွေကို အရည်ရအောင် ထုတ်ယူပြီး အဲ့အရည်ကို အပူချိန်အမျိုးမျိုးနဲ့ တိုင်ကီကြီးတွေထဲမှာ အဆင့်ဆင့် ပေါင်းခံရင် အရက် (အဆီ) ရတယ်ပေါ့။ ကျန်ခဲ့တဲ့ ဆန်အချဉ်ပေါက် အဖတ်တွေကို အိမ်နီးနားချင်းတွေက ကြက်၊ ၀က်တွေ ကို အစာအဖြစ် ပြန်ကျွေးကြတယ်လေ။

ကြယ်ကြွေချိန်

(ရှေ့အပတ် ဆက်ပါမည်။)

Saturday, September 17, 2011

ကျနော်နှင့် တစ်နေ့စာစက်ဘီး

ဟုတ်ပါသည်။ ကျွန်တော်နှင့် စက်ဘီးစီးခြင်း အတတ်ပညာ အကြောင်း လက်တို့ရပါဦးမည်။ (မှတ်ချက်။ စက်ဘီးစီးခြင်းကို ပြောင်မြောက်သော အတတ်ပညာဟု ကျွန်တော် ယူဆပါသည်။)

ပြီးခဲ့သောလ(ဇွန်လ) အထိ ကျွန်တော်သည် စက်ဘီးစီးခြင်း အတတ်ပညာ ကို အတော်လွယ်ကူသော အရေးကိစ္စတစ်ခုဟု တွေးထင်ထားခဲ့မိပါသည်။ (အမှန်မှန်မှာ ကျွန်တော် စက်ဘီး လုံးဝ မစီးတတ်ပါ။) လူ့သဘာဝ ထိုသို့ အပေါ်ယံ တွေးထင်တတ်ခြင်းကို အမှန်ပြင်ဆင်ပေးသူမှာ "ကိုယ်တွေ့လုပ်ဆောင်ရခြင်း" ဟူသော ဇာတ်ကောင်ပင် မဟုတ်ပါလား။ ဟုတ်ပါသည်။ ကျွန်တော်၏ ထိုပြိန်း (ပိန်း) လွန်းသော၊ အပေါ်ယံရှပ်လွန်းသော ထိုအတွေးကို စက်ဘီးထိုင်ခုံပေါ် ကိုယ်တိုင်တက်ထိုင်ပြီး၊ ခြေနင်းကို လည်အောင်၊ စက်ဘီးရွေ့အောင် "ကိုယ်တိုင်တက်နင်းရခြင်း" ဟူသော ဇာတ်လိုက် က ပြင်ဆင်ပေးခဲ့ပါသည်။

ဇာတ်လမ်းမှာ ရန်ကုန်ပြန်ရောက်နေသည့် ဇွန်လအတွင်း ပါပါး ၏ စက်ရုံ ဂိုဒေါင်ရှိ Accountant အစ်မကြီး မငုဝါ က စက်ဘီးစီးသင်ပေးမည်ဟု ခေါ်ရာမှ စခဲ့ပါသည်။ ရွှေပြည်သာ စက်မှုဇုန်ရှိ ဂိုဒေါင်သို့ တစ်ကိုယ်တည်း ချီတက်ရမည် ဖြစ်သောကြောင့် မနက် စောစောစီးစီး ၇နာရီ အိပ်ရာမှ ထရသည်။ “ကျွန်တော်တို့ ကမ်းနားထိပ်ရှိ ဘတ်စ်ကားဂိတ်က ၈နာရီ ၁၅ ကျော်လျှင် ရွှေပြည်သာတိုက်ရိုက်ရောက်သည့် ဘတ်စ်ကားက မလာတော့၊ တောက်လျှောက် ၉နာရီကျော်မှ နောက်တစ်စီးလာသည်၊ ထို့ကြောင့် ၀ီရိယနှင့် စောစောထပါ” ဟု ပါပါကြီးက မှာထားသောကြောင့် ၇နာရီအတိ Alarm မြည်ချိန်တွင် ကြိုးစားပမ်းစား ကုန်းကောက်ထရပါသည်။

၈နာရီလောက် အိမ်မှထွက်ရသည်။ ကျွန်တော်သည် တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိသူ ဖြစ်သည်။ ဘယ်သွားသွား ဘယ်လာလာ တစ်ယောက်တည်း သွားရလာရသည်ကို ပိုသဘောကျသည်။ ကျွန်တော် တစ်နေရာရာ သွားမည့်လာမည့်အရေး တစ်ယောက်ယောက်က အချိန်ယူ လိုက်ပို့လိုက်ကြိုပေးရသည်ကို လုံးဝမကြိုက်။ သို့ဖြင့် တစ်ကိုယ်တည်း လစ်ထွက်လာခဲ့သည်။ ရွှေပြည်သာထိ အဝေးကြီးတော့ ဘယ်တုန်းကမှ ဘတ်စ်ကားဖြင့် မသွားဖူး၍ ဘယ်ဂိတ်ဆင်းရမှန်းမသိ ယောင်ဝါးဝါး ဖြစ်နေသည်။ ကျွန်တော့်တွင် ကြောက်ရွံ့မှု တစ်ခု ရှိသည်။ ဘတ်စ်ကားဂိတ်ကျော်မည်ကို အလွန်ကြောက်ပါသည်။

အိမ်မှ မထွက်မီ ပါပါးက ဖုန်းထဲမှာ ဘတ်စ်ကားဂိတ်နာမည်တော့ ပြောလိုက်သည်။ သို့သော် ဘယ်နေရာလည်း အတိအကျ မသိ။ စပယ်ယာကို မေးဖို့ကျတော့လည်း ဂိတ်နာမည် အတိအကျ မမှတ်မိ။ မီးရထားလမ်းပြီး ဒုတိယဂိတ် တော့ မှတ်မိသည်။ ပါပါးက ရောက်မည့်အချိန်ကို မှန်းပြီး ဂိတ်တွင် လာကြိုမည်တဲ့။ သို့နှင့် ယောင်ဝါးဝါး ဟိုကြည့်ဒီကြည့်နှင့် မှန်းပြီးဆင်းလိုက်တော့ ဟော ကွက်တိဗျာ၊ ပါပါးကြီးကို တန်းတွေ့လိုက်ရတော့မှ “ဟူး၊ တော်ပါသေးရဲ့” ပေါ့။

ပထမဆုံး အတွေ့အကြုံအဖြစ် ဘတ်စ်ကားဂိတ်မှ စက်ရုံသို့ ကျနော့ကို
China Made ဆိုင်ကယ်လေးနှင့် ခေါ်သွားသည်။ စက်ရုံက ဟိုးအထဲက ကွင်းပြင်တွေထဲမှာ ဆိုတော့ ဝေးသည်ကိုး။ တစ်ခါမှ ရန်ကုန်မြို့ကြီးတွင် ဆိုင်ကယ် မစီးဖူး၍ ကိုယ့်ကိုယ်ကို James Bond ကားထဲမှ မင်းသမီးလိုလို၊ Tomb Raider ကားထဲမှ မင်းသမီး Angelina Jolie လိုလိုပင် ထင်ယောင်ထင်မှားတွေ ဖြစ်လို့။ အော်.. နောက်တာပါဗျာ။ ပြောတော့ပြောရတာ မဟုတ်ဘူးဗျ။ ဆိုင်ကယ် ရှေ့က မောင်းတဲ့ ပါပါးတော့မသိဘူး။ နောက်ကထိုင်လိုက်တဲ့ ကျနော်တော့ အသည်းကို အေးလို့။ အသက်ရှူလို့လည်းကောင်းတယ်။ ဇိမ်ပဲ။ မျက်နှာကို လေအေးတွေ တိုးတဲ့ feeling က အတော် မိုက်ပါတယ်ဗျာ။ ဒီခေတ်ကြီးမှာ ရန်ကုန်လမ်းမတွေထက် ဆိုင်ကယ်စီးဖို့ဆိုတာ မလွယ်တော့တဲ့ ကိစ္စလေ။ ပုလိပ်က ဖမ်းလိုက်၊ ဘဲဥ (မော်တော်ပီကယ်) က ဖမ်းလိုက်နဲ့။ မိပြန်ရင်လည်း ဆိုင်ကယ်သိမ်းသွားလို့၊ လိုင်စင်သိမ်းသွားလို့ ပြန်လိုက်ရွေးရတဲ့ အခ နဲ့ သူတို့တောင်းတဲ့ လက်ဖက်ရည်ဖိုး ပေါင်းလိုက်ရင် ဆိုင်ကယ် နောက် အသစ်တစ်စီးတောင် ထပ်ဝယ်လို့ရနေပါရောလား။ စက်ဘီး၊ ဆိုက်ကား (အနှေးယာဉ်)၊ ဆိုင်ကယ်ဆိုတာ မြို့ထဲမှာ အတော့်ကို ရှားပါးမျိုးစိတ် စာရင်းဝင်နေပါပြီလေ။

ဟောဗျာ.. စကားတွေ လမ်းကြောင်းမှားကုန်ပြီ။ စက်ဘီးအကြောင်းပြောမှာလေ။ ဟုတ်ပ ဟုတ်ပ.. အဲ့ဒါနဲ့ စက်ရုံရောက်၊ ဂိုဒေါင်မှာ မငုဝါ၏ တစ်နေ့အပြတ် စက်ဘီးစီး အတတ်သင်တန်း စပါတော့သည်လေ။ ဟုတ်တယ်ဗျ.. တစ်နေ့အပြတ်။ တစ်နေ့နဲ့မှ အပြတ် မတတ်ရင် နောက်နေ့ကျနော် ထပ်လာသင်နိုင်မှာ မဟုတ်တော့ဘူးလေ။ နောက်ရက် ဒီပြန်လာရတော့မည်ကိုး။

စက်ဘီးပေါ် တက်ထိုင်ပြီး ခြေနင်းကို စနင်းသည်နှင့် ဇာတ်လမ်းက စပြီ။ ကိုယ့် ခန္ဓာကိုယ်အလေးချိန် ကိုယ် မထိန်းနိုင်ဘဲ စက်ဘီးက ယိမ်းထိုးနေတာ။ မငုဝါက အစပိုင်းဘေးက လိုက်ပြေးပြီး ထိန်းပေးသည်ပေါ့။ ကျနော် ဖြစ်နေပုံက ဘေးကလိုက်ထိန်းပေးသူတောင် ကြောက်ရတယ်ဗျာ။ လက်ကိုင်ကို အားနှင့် ဇွတ်လှည့်ပစ်တာ။ ဟောဟောဟော.. ငါ့စက်ဘီးကြီး ဘယ်ဘက်ပြုတ်ကျတော့မဟဲ့ ဆိုပြီး အတွေးဝင်လာတာနဲ့ လက်ကိုင်ကို ညာဘက်ဆွဲလှည့်ပစ်တာ၊ ဗုန်းခနဲ မမှောက်ခင် ခြေထောက်တော်က အရင်ဦးအောင် သံမံတလင်းကို ထောက်ထားလိုက်ရတယ်၊ ဒူးပြဲမှာ ကြောက်တာကိုးဗျ နော့။ မျက်လုံးပြူး မျက်ဆံပြူး၊ ချွေးသီးချွေးပေါက်တွေနဲ့၊ ပါးစပ်ကလည်း တအိုးအိုး၊ တအားအား၊ မာမားရေ အန်းကုံးရေ စုံနေတာပဲ အော်တာ။ ဂိုဒေါင်မှူးကြီးဆို ရယ်တာမှ ဗိုက်တောင်နှိပ်ယူနေရတယ်၊ ဗရုတ်ကျလိုက်ပုံများ။

လေး ငါး ဆယ်ခါ နင်းလိုက်ရပ်လိုက် ဖြစ်ပြီးနောက်ပိုင်း ကျနော်ကိုယ့်ကိုယ်ကို သိလာတယ်။ အစ်မဘေးက လိုက်နေရင်တော့ တစ်သက်လုံး တတ်မှာ မဟုတ်တော့ဘူး လို့။ အဲ့ဒါနဲ့ အစ်မရေ မလိုက်နဲ့၊ ကိုယ့်ဟာကိုယ် လျှောက်တိုက်ပစ်မယ် .. အဲ .. လျှောက်နင်းတော့မယ် ပြောပြီး ကိုယ့်ဟာကိုယ် အားတင်း ကြိုးစားကြည့်ရတာပေါ့။ ဂိုဒေါင်ထဲမှာက ဆန်အိတ်တွေ၊ ဆန်စက်တွေ၊ ဆန်ပုံးတွေ၊ ဆန်တိုင်ကီတွေ၊ စက်လည်နေတဲ့ အလုပ်သမားတွေ အများကြီးပဲဗျ။ အဲ့တစ်နေ့ထဲမှာ ကျနော် ၀င်တိုက်လို့ မှောက်ကုန်တဲ့ ဆန်ပုံးတွေထဲ ဆန်တွေ ပြန်ကျုံးထည့်ယူရတာများ မြင်မကောင်းဘူး။ ဟီး။

အခြေအနေက တော်တော်ကောင်းလာပြီဗျ။ စက်ဘီးအရှိန်လေး နည်းနည်း ရလာပြီဆို ကိုယ့်ကိုယ်ကို ထိန်းတတ်သွားပြီ။ ဒါပေမယ့် ပြဿနာက ကွေ့ရင် အရှိန်လျှော့ပြီး မကွေ့တတ်ဘူး။ အဲ့တော့ ကွေ့ခါနီးဆို ကြောက်ပြီး ရပ်ရပ်သွားတယ်။ ဆန်အိတ်တွေ ၀င်တိုက်မိမှာကြောက်လို့။ အဲ့ဒါနဲ့ မဖြစ်သေးပါဘူးလေ.. ကြိုးစားပြီး ကွေ့ကြည့်ဦးမှပါပဲပေါ့လို့ အားတင်းလိုက်သည့် သကာလ မှောက်ပါလေရော။ ဆန်အိတ်ပုံကို ၀င်တိုက်မိပြီး စက်ဘီးက အိခနဲ ထိုးရပ်သွားတဲ့အချိန် ဘယ်ခြေထောက်က သံမံတလင်းကို အထောက်၊ နည်းနည်းလေး နောက်ကျသွားတာ၊ ဘယ်ခြေခုံက အောင့်ခနဲပဲ။ နာချက်က ၉လောက်ရှိတယ်ဗျား၊ အီစလံဝေသွားတာပဲ။ ခြေခေါက်ပြီး အကြောနည်နည်း ညပ်သွားတယ်ထင်တာပေါ့ဗျာ။

အိမ်အပြန် ချစ်စရာ ပါပါးကြီးက ခြေထောက်နာနေတာတောင်မှ တက္ကစီနဲ့ ပေးမပြန်ဘူးဗျာ။ မထသ အထူးယာဉ်လိုင်းကို မရမက စောင့်စီးပါတယ်။ မိနစ်၄၀လောက် စောင့်လိုက်ရမှ ကိုရွှေ ပါရမီ ရောက်လာပါတယ်ဗျာ။ မလှုပ်ချင်လှုပ်ချင် တအိအိနဲ့ ကိုရွှေပါရမီက အင်းစိန်၊ ရွာမ ဘက်အရောက်မှာ တကျွိကျွိနဲ့ ထိုးရပ်သွားပါလေရော။ အင်ဂျင်ပူသွားလို့ နာရီဝက်နားရမယ်တဲ့ဗျာ။ ဗိုက်ထဲက တကျုတ်ကျုတ်နဲ့ ဆာနေတာ အစာအိမ်တောင် ကျွမ်းလောင်နေပြီဗျ၊ ည ၇နာရီတောင် ရှိပြီကို။ ဘယ်ခြေကလည်း လုံးဝ လှုပ်လို့မရဘူး၊ ခြေခုံက ဖောင်းအစ်ပြီး ယောင်နေတာ၊ တဆစ်ဆစ်နဲ့ ကိုက်နေတယ်ရော်။

အဲ့ဒါနဲ့ နောက်ပါရမီတစ်စီး ပြောင်းစီး၊ ကားဂိတ်ကနေ အိမ်ကိုကျတော့ လမ်းမလျှောက်နိုင်လို့ ကားငှားပေးပြန်တယ်။ ၁၅လမ်းကနေ လမ်း၂၀ဗျ။ ဒီလောက် နီးနီးလေးကျ... ငါနော်။ စိတ်ပိန်စရာ။ ဒါနဲ့ အကြောပြင်ဆရာဆီ ည ၁၀နာရီလောက်ကြီး ပြေးရတယ် ဆိုပါတော့။ တကယ်ကြီး မပြေး နိုင်တော့လည်း စီးတော်ယာဉ် ဖွတ်ချက်နဲ့ပေါ့။

ဟိုရောက်တော့ ဆရာပထမဆုံး ပြောတဲ့စကားကြောင့် “ထိ” သွားပါတယ်။ ဆရာက ခြေခုံကို ငုံ့ပြီးစမ်းနေရင်းက ပြောပါတယ်၊ “အရိုးက ခြေခုံမှာ ၂နေရာ အက်သွားတာကိုး” တဲ့။ ခြေခုံမှာ အက်သွားတဲ့ အရိုးတွေက နေရာမမှန်ဘဲ တစ်ခုနဲ့ တစ်ခု ထပ်နေတယ် လို့ ပြောပါတယ်။ နောက် ကျနော့်ကို လှည့်မေးတယ်၊ “ready ပဲလားတဲ့။” ကျနော်က ဘာမှန်း ညာမှန်း မသိဘဲ “ဗျာ၊ ဟုတ်ကဲ့” လို့လည်း ဖြေလိုက်ရော၊ ချက်ချင်းပဲ ခြေခုံမှာ နေရာလွဲနေတဲ့ အရိုးတွေကို ခြေချောင်းတွေကနေတစ်ဆင့် အားကုန်သုံးပြီး ဆွဲပါတယ်။ အဲ့မှာ ကျနော့် အသည်းတွေ အစိတ်စိတ် အမွှာမွှာ ကွဲကြေကုန်ပါတယ်။ မျက်ရည်တွေလည်း စိမ့်ထွက်လာပါတယ်။ အား ခနဲ အော်ချင်ပေမယ့် မအော်ဘဲ တင်းခံရပါတယ်။ မိန်းကလေးတွေ ပျော့ညံ့သည်လို့တော့ လုံးဝအထင်မခံနိုင်ပါ။ အတော့်ကို အရိုးခိုက်စရာပါပဲ။ ဆရာက သူ့ယောက်ျားအားကြီးနဲ့ "ရိစ်" ခနဲ အဆွဲ၊ ကျွန်တော်က ပေါက်ကနဲ မျက်ရည်က အကျနဲ့ ဟုတ်တော့ဟုတ်နေတာပါပဲ။ ၃မိနစ်လေးက ၃ကမ္ဘာလောက် ကြာသလား ထင်ရပါတယ်။ ရှိရှိသမျှ အားအင်တွေ အစုပ်ထုတ်ခံနိုင်ရသလောက် နာပါတယ်။ ခြေချောင်းတွေပါ ရှည်ထွက်လာသလား ထင်ရပါတယ်။ နောက်ဆုံး အပြီးမှာ ဆရာက တရုတ်ဆေးစပ်ပြီး ပတ်တီးနဲ့ ဆေးစည်းပေးပါတယ်။

နောက် ၂ပတ်လောက် ခြေထောက်က လုံးဝထောက်လို့မရပါဘူး။ အနာသက်သာဆေး မသောက်ရင် အရိုးက ပြန်ကိုက်လာပါတယ်။ ခြေခုံမှာ အညို အမည်းတွေလည်း ထွက်လာရော၊ ဘယ်ခြေခုံနဲ့ ညာခြေခုံ အရောင်မတူပုံက ရယ်ရပါတယ်။ ကျောင်းကလည်း ဖွင့်တော့မယ်ဆိုတော့ ဒီကို ထော့နဲ့ထော့နဲ့ ပြန်လာရပါတယ်။ ဒီရောက်တော့လည်း ဒုက္ခနည်းနည်းတော့ များပါတယ်။ လမ်းလျှောက်ရင် နားနားပြီး လျှောက်ရပါတယ်။ ငါ့နှယ်... အသက်၈၀ကျော် အန်းမ ကျနေတာပဲတော်။

ကဲပါလေ... ခုတော့
(အကျွမ်းကြီးတော့ မဟုတ်သည့်တိုင်)စက်ဘီး စီးတတ်သွားပြီဆိုပါတော့ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နှင့် တစ်နေ့တာစက်ဘီးကတော့ ခြေထောက်အရိုးအက်သည့်တိုင် စတေးလိုက်ရပေမယ့် တန်တယ်ကွ လို့ တကယ်ထင်မိပါတယ်။ ဒီကနေ ရတဲ့ သင်ခန်းစာက ဘယ်လောက်ပဲ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာပဲ ဖြစ်နေပါစေ၊ သတ္တိသာရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာမျိုးပေါ့။ (အဟမ်း.. ဘာရယ်ဟုတ်ဘူး.. ရွှီးကြည့်တာ ဟဲဟဲ)

အော၊ အတော်တောင် လေရှည်သွားပြီ။ လေပေါရတာလည်း မောသွားပြီ။ ပျင်းကြောလေးဘာလေး သွားဆန့်လိုက်ဦးမယ် ခဏ။ :)

ကြယ်ကြွေချိန်

Thursday, September 1, 2011

31 August 2011

Have you ever carefully observed the people around you?
Today, I did.

They are roaming.
They are rushing.
They are facebook-ing.
They are talking.
They are laughing.
They are chatting.
Figuratively speaking, they are just like a soul-less doll: no life.

And not to be surprised, I am one of them.
Question: Was I born or made to be this way?

Sometimes, a silly thought runs in mind.
I wish I had no computer, no phone, and no email account.
I am sick of everything.

Dear diary,
I cried.
I am unhappy.
I wore a frown today.
=(

Kyel Kywai Chain

Sunday, August 14, 2011

အဟင့် =P

ငါဟာ မင်းအပေါ် ၃နှစ်ခွဲကျော် ၄နှစ်နီးနီး ကာလပတ်လုံး မင်းအလိုကျ အရာရာ ဖြည့်ဆည်းပေးခဲ့ရတဲ့ Ever Ready ကောင်ကြီးပါ။

မင်းလိုချင်တယ်ဆိုတဲ့ နောက်ဆုံးပေါ်မှန်သမျှ မင်းရှေ့မှောက် ရောက်စေရမယ် အသင့်၊

မင်းတောင်းဆိုသမျှ မရမကလိုက်ရှာ၊ ဟိုလူ့ဆီကတောင်း ဒီလူ့ဆီကညှစ်၊ မရရင် ရတဲ့နည်းနဲ့ယူငင်ပြီး ဆက်သရပုံများ။

မင်းဂျီကျပြီဆို ငါ့မှာ ရင်တွေဘာတွေတုန်၊ မင်းလေးဖျားပြီ နာပြီဆို ငါ့မှာ မျက်ကလဲဆန်ပြာနဲ့ ဖွတ်ဖွတ်ကို လူးလို့။

တစ်ခါတလေများ ညဥ့်နက်တဲ့ထိ အတူရှိမိလို့ အနားမပေးရကောင်းလား ဆိုပြီး မင်းဆူဆဲရင်းပေးတဲ့ ဖောင်းတွေကိုလည်း ယနေ့တိုင် လည်စင်းခံနေရဆဲပါ ချစ်သူ။ (ဟီးဟီး)

ခုတော့ ပေးဆပ်ခဲ့ရသမျှ ခွန်အား၊ အချိန်တွေကိုမှ မထောက်၊ မင်းတစ်ယောက်ကလွဲလို့ (၄နှစ်နီးပါး) မျက်နှာများခွင့်တောင် မရှိခဲ့တဲ့ ငါ့ဘ၀ကို လှည့်မကြည့်တော့ဘူးလားကွာ။

အသစ်ရှာဖို့ မဖြစ်နိုင်တော့တဲ့ (မဖြစ်နိုင်သေးတဲ့) ငါ့အခြေအနေကို ငဲ့ကြည့်ရက်တယ်ဆိုရင် မထားသွားပါနဲ့၊ အောင်လသီချင်း ညည်းရင်းနဲ့ ငါမှားတာရှိရင် တောင်းပန်ပါရစေ ချစ်သူ။ အဟင့်အစ်အစ် အဟင့်ဟင့်။

အထက်ပါ ကျနော့ချစ်သူ ဘယ်သူလဲ သိချင်လား။ အိုဟောင်းနေပြီဖြစ်သော ကျနော်၏ Compaq Presario ပါပဲခများ။ ခဏခဏ Error တွေတက်၊ Physical dumping တွေဖြစ်နေလို့၊ သူသာ ကျနော့်ကို ထားခဲ့ရင်တော့ ငိုမှာပဲ ငိုမှာပဲ ကျဥ ကျဥ ကျဥ။ မျက်နှာများပြီး နောက်တစ်ယောက် အသစ်လဲစရာ ပိုက်ပိုက်မှ မရှိတာကိုလို့။ ဟွန်း ... သူတော်တော်ဆိုး။ =P


ကြယ်ကြွေချိန်

Saturday, August 6, 2011

ပုထုဇဉ်

လူးလွန့် လှုပ်ရှား၊ လူသားသိန်းသန်း
အပူများ ငြိမ်းအံ့ဟု အံခဲသော်လည်း
ကမ်းဘယ်မှာလဲ မသိရ။

သက်စွန့်ဆံဖျား၊ စွန့်ရစားရ
တစ်ခါတစ်ရံများ၊ ချွေးသိပ်ဆေးကျ
ဘယ်ဆီနေမှန်း မသိရ။

မရဏဘုံလယ်၊ နိဗ္ဗာန်ကမ်းခပ်
မောရပန်းရ၊ ဒီဘဝ
ချိန်ခါနိဂုံး ကြိုမသိရ။

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...