ရေခြားမြေခြားမှာ အနေကြာလို့နဲ့ တူပါတယ်။ ဟိုတုန်းကထက် အသားဖြူလာတယ်။ အရင်ကလို စကားပြောရင်း ဟက်ဟက်ပက်ပက်ရယ်တုန်းပဲ။ ဘယ်ဘက်ပါးမှာ ပါးချိုင့် နက်နက် တစ်ခုနဲ့ သူ့မျက်နှာဟာ အနည်းငယ် သွယ်သွားသယောင် ထင်မိပါတယ်။ ဟိုမှာ ပင်ပန်းလို့နေမှာပေါ့လေ။ သူအလုပ်အကိုင်ရော အဆင်ပြေရဲ့လားလို့ လွန်ခဲ့တဲ့ ၃နှစ်လောက် တုန်းက သူ့မိတ်ဆွေတွေကို တီးခေါက်ခဲ့ဖူးပေမယ့် အခုတော့ ဘာဆိုဘာမှ သိလိုစိတ် မရှိတော့ပါဘူး။
ရှေ့လထဲ သူလက်ထပ်တော့မယ်တဲ့ ချယ်ရီက ပြောပြတယ်။ မိဘချင်း သဘောတူ အထက်တန်းလွှာ အမျိုးကောင်းသမီး တစ်ယောက်နဲ့ ရွှေလမ်းငွေလမ်း ခင်းတော့မယ်တဲ့။ သြော်.. ကျွန်မ စိတ်ထဲက လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။ သူပျော်ရွှင်ပါစေလို့။
ဒါပါပဲ။ ဟိုးတုန်းက ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာသူ၊ ကျွန်မဟာကျွန်မပါပဲ။ အရာရာဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ ဒါရိုက်တာက "CUT" မအော်လည်း သိနေပြီးသားပဲ။ သူဟာ အရင်အတိုင်း အပြုံးမပျက်သလို ကျွန်မကလည်း မနက်တိုင်း "Good Morning" နှုတ်ဆက်နေနိုင်တုန်းပါပဲ။ အသက်မပါတော့တာ တစ်ခုက လွဲရင်ပေါ့။
ကြယ်ကြွေချိန်
No comments:
Post a Comment