Sunday, September 18, 2011

အမှတ်တရများ ၁

ကျွန်တော် ရန်ကုန်သား အစစ် မဟုတ်ပါဘူး။ ရန်ကုန်မှာ ပေါက် (မွေး) ပေမယ့် နယ်မှာ ကြီးလာတာပါ။ အော်.. ကျွန်တော်ကြီးပြင်းခဲ့တဲ့ သုံးဆယ်မြို့လေးကို တောလို့ခေါ်ရင် စိတ်ဆိုးစရာ ဖြစ်ကုန်မှာစိုးလို့ပါ။ (တောသူမ လို့လည်း အခေါ်မခံနိုင်ပေါင်။)

သုံးဆယ်မြို့ကို သိကြလား။ ပဲခူးတိုင်း၊ သာယာဝတီမြို့နားကလေ။ ပဲခူးမြို့မရောက်ခင်လေးပဲ။ ရန်ကုန်ကထွက်ရင် မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်ဆိုပြီး မြို့လေးတွေ ဆက်တိုက်ရှိတယ်လေ။ အဲ့မှာပေါ့။

ကျွန်တော့်ကို ရန်ကုန်မှာ မွေးပြီး ၁နှစ်မပြည့်ခင်ထဲက အဖေက သုံးဆယ်မြို့ကို တပါတည်း ခေါ်သွားပါတယ်။ အဖေက အဲ့မှာ အရက်ချက်စက်ရုံလုပ်ငန်း လုပ်ပါတယ်။ အမေက အဲ့တုန်းက မောင်လေးကို ဗိုက်ထဲထည့်ထားရတော့ တောကို မလိုက်နိုင်ဘူးလေ။ ဟီးဟီး။ ၄နှစ်ခွဲအရွယ် မူကြိုတက်ရတော့မှ ရန်ကုန်ကို ပြန်သွားရတာပါ။ နောက် ကျောင်းကြီးတက်တော့လည်း နွေရာသီကျောင်း ၃လ ပိတ်တိုင်း သုံးဆယ်ကို ပြန်ရပါတယ်။ အဖေက အင်မတန်ချစ်ရတဲ့ သမီးဆိုတော့လည်း မခွဲနိုင်ဘူးပေါ့လေ။ ဟီး။

ကျွန်တော် နေတဲ့ ပတ်ဝန်းကျင်အကြောင်း နည်းနည်းပြောပြပါရစေ။ "ပန်းဆွဲလမ်း" အထဲဘက် ခပ်ဝင်ဝင် ၂ထပ် အိမ်ဟောင်းကြီးမှာ နေတာပေါ့။ (ပန်းဆွဲလမ်းဟု အမည်တွင်ရခြင်း သမိုင်းကို နောက်ကြုံလျှင် ပြောပြပါ့မည်။) အရင်အိမ်ရှင်က အဖေနဲ့ မိတ်ဆွေတွေဆိုတော့၊ သူတို့လည်း တစ်ရွာ တစ်ကျီပြောင်းရော၊ အဖေက ဒီအိမ်ကို ၀ယ်လိုက်တယ် ဆိုပါတော့။ အိမ်ကလမ်းရဲ့ အထဲအစွန်ဘက် ရောက်တယ်။ နည်းနည်းဆက်လျှောက်လိုက်ရင် ဘုန်းကြီးကျောင်းရောက်တယ်။ ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်ကို ဆက်ကျော်သွားရင် ကျွဲမည်းတောင်ဆိုလား၊ ကျွဲနားတောင်ဆိုလား တောင်ကုန်းလေးရှိတယ်။ အဲ့မှာလည်း စေတီလေးတွေရှိတယ်။ ရာဇ၀င်ကတော့ ကျွဲမည်းမည်းကြီး တစ်ကောင် လျှောက်ပြေးရင်း (ဘာလို့မှန်းလည်းတော့ မမှတ်မိတော့ပါ) ဒီတောင်ပေါ် ရောက်လာတော့ မောလို့ နားရင်းနဲ့ တောင်စောင့်နတ်ရဲ့ကျိန်စာသင့်လို့ ကျောက်ရုပ်ကြီးဖြစ်သွားတယ်တဲ့။ သေချာမမှတ်မိလို့ မှတ်မိသလောက်ပဲ ပြောပြတာ။ အဲ့စေတီမှာတော့ ကျွဲမည်းကြီး ရုပ်တု တကယ်ရှိပါတယ်။ ဓာတ်ပုံတောင် ရိုက်ထားသေး၊ ၄နှစ်အရွယ်လောက်တုန်းက။

အိမ်ပုံစံကတော့ အတော်ညစ်ပြီး စုတ်တယ်။ ရှေးခေတ် မြန်မာ ကနုတ်လက်ရာပုံစံမျိုးတွေကို ၀ရန်တာမှာ တွေ့ရတယ်။ ခြံစည်းရိုးက အတော်ကို ကျယ်တယ်။ ရန်ကုန် ခြံတွေနဲ့တော့ တခြားစီပဲ။ ခြံထဲမှာ သီးပင်၊ စားပင်၊ အလှပင် မျိုးစုံ ရှိတယ်နော်။ ခုထိ အတိအကျကို မှတ်မိသေးတယ်။ အုန်းပင် အမြင့်ကြီး ၂ပင်၊ ခပ်နိမ့်နိမ့် ၁ပင် (အသီးမသီးသေးဘူး)၊ သဘောင်္ပင် ၃ပင် (အမ ၂ပင်၊ အထီး၁ပင်)၊ သြဇာသီးပင်၊ သံပရာသီးပင်၊ နာနတ်သီးပင်၊ ရှောက်ရွက်ပင်၊ ဂမုန်းပင်၊ ကွမ်းညွန့်ကွမ်းပင်တွေ၊ ဘူးစင်၊ ဒန့်ဒလွန်သီးတွေက အဲ့ဘူးစင်နား ကပ်ပေါက်နေကြသေးတယ်။ အစုံပဲနော်။ ရန်ကုန်မှာလို ၁၈လမ်းဈေးထဲ ရွှံ့ဗွက်နင်းပြီး သွားဝယ်စရာမလိုဘူး။ ဟင်းစားလိုရင် ရယ်ဒီ၊ ခူးလိုက်ရုံပဲ။ အလဲ့ ဟန်ကျပါ့။ ဟဲဟဲ။

အိမ်အတွင်းပိုင်းကတော့ အရမ်းကို ဟောင်းတယ်။ (အပြင်ပိုင်းလည်း တူတူပါပဲလေ။) ကြမ်းပြင် ကြမ်းကြားတွေဆို ခြေခပ်ဖွဖွနင်းရင်တောင် တကျွိကျွိ အသံမြည်တယ်ဗျ။ နံရံတွေမှာ ပင့်ကူအိမ်တွေ တန်းလန်းလွင့်လို့။ ဘယ်လိုရှင်းရှင်း ပင့်ကူတွေက ပြန်ရောက်လာတာပဲဗျ။ အိမ်က ဟောင်းတော့ ရှင်းမရတော့ဘူးလေ။ tourist တွေခေါ်လာပြီး ဒါကတော့ ခေတ်အဆက်ဆက်က spider museum ပါလို့ပြောရင်တောင် ယုံလောက်တယ်ဗျ။ အဟုတ် တကယ်။

အောက်ထက်ကတော့ သံမံတလင်းခင်းထားတာပေါ့။ အောက်ထပ်မှာတော့ ပင့်ကူ သိပ်မရှိဘူး။ တစ်ခုပဲ... ကင်းခြေများ၊ ကင်းမြီးကောက်၊ ကင်းမလက်မဲတွေ ဆိုတာများ အို... ပေါလို့ ပေါလို့။ ရိုက်သတ်လို့ မကုန်ဘူး။ အဖေဆို ကင်းမြီးကောက်တွေ အမြီးနဲ့ပေါက်မှာစိုးလို့ မြင်သမျှ ရိုက်ရိုက်သတ်ပြီး အရက် (အဆီ) ပုလင်းထဲ ထည့်စိမ်ထားတာ ကြာတော့ နှစ်ချို့ပြီး ဆေးဖက်ဝင်ကုန်တဲ့ ပုလင်းတွေ ဖာလိုက် ဖာလိုက်ပဲ။ ဟီးဟီး။

စက်ရုံက ခြံအနောက်ဘက်မှာလေ။ အရက်ချက်ဖို့ အဆင့်ဆင့် ပေါင်းခံရတဲ့ ၂ထပ်တိုက်လောက်ထိ တိုင်ကီအမြင့်ကြီးတွေ အများကြီးရှိတယ်။ စက်ရုံ အလယ်တည့်တည့်မှာ ရေ၊မီး အပူချိန် Control လုပ်တဲ့ ၈ထပ်အမြင့် tower ကြီးရှိတယ်။ ပြီးတော့ ဟိုးအနောက်ဘက်မှာ စက်ရုံတစ်ခုလုံးရဲ့ စက်တွေလည်ဖို့ လောင်စာစွမ်းအင်တွေ ပေးတဲ့ Boiler အကြီးကြီးရှိတယ်။ အဲ့နားသွားရင် ပူခြစ်နေတာပဲ။ ဆောင်းတွင်းဆို အဲ့နားမှာပဲ ဇယ်သွားသွားခုတ်တာ ဟီး။ ဆောင်းတွင်းက အရိုးထိ ခိုက်အောင် ချမ်းတာကိုးဗျ။ မနေနိုင်ဘူးလေ။ မနက်ဘက်ဆို မြူတွေ အရမ်းထူတာ။ နေ့စဉ် အပူချိန်က ၁၀ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိတယ်။

ခြံထဲမှာတော့ မိုးရာသီဆို မြွေအရမ်းပေါတယ်ဗျ။ ခြုံတွေ မြက်တွေတော့ မရှိဘူး၊ အလုပ်သမားတွေ အမြဲရှင်းရတယ်လေ။ လုပ်ရင်းကိုင်ရင်း ပိုးထိကုန်ရင် ဆေးရုံက သာယာဝတီမြို့မှာပဲ ရှိတာကိုး၊ အသက်တောင် မှီမှာမဟုတ်ဘူး။ ခြံထောင့်တွေမှာဆို မြွေအရေခွံ ဖြူဖြူတွေများ အပုံလိုက်ကလေးတွေ။ တစ်ခါတလေ မြွေက အိမ်ထဲ ထုတ်တန်းပေါ်မှာ အခန့်သား တက်အိပ်နေတတ်သေး။ မြွေအများစုကတော့ အဆိပ်မရှိပါဘူး။ မြွေစိမ်း ခပ်သေးသေးလေးတွေ များတယ်။ တခါတလေ စပါးကြီး၊ စပါးအုန်း၊ ငန်းတော်ကျားတွေ ရှိတတ်တယ်။ မြွေဟောက်ကတော့ လယ်ကွင်းတွေထဲမှာ များတယ်။ သူက လယ်ကြွက်ကြိုက်တာကိုး။ တချို့ မြွေအဖြူရောင်လေးတွေဆို (အမည်မသိ၊ အဆိပ်မရှိပါ) ရေကူးချန်ပီယံတွေဗျ။ သူတို့က တခြားမြွေတွေလို ရေအောက်မှာ မကူးဘူး။ ရေပေါ်မှာ ရှပ်ရှပ်ပြီး သွားတာဗျား။ မျက်တောင်တစ်ခတ်ပဲ၊ မြင်ကွင်းထဲက ပျောက်သွားပြီ၊ အဲ့လောက်မြန်တယ်။ မြင်နေကျ ဖြစ်နေတော့ ကျုပ်တို့တောင် မြွေ မြင်တာနဲ့ ဘာမြွေ၊ဘာမြွေ တန်းသိတယ်ဗျ။ (သုံးဆယ်အကြောင်းပြောရင် အလိုလို ကျုပ်လည်း "ကျုပ်" ဖြစ်သွားတယ်ဗျာ။)

တစ်ခါတုန်းကဆို ဘုန်းကြီးကျောင်း ရှင်ပြုအလှူမှာ တရားနာနေတုန်း လုံးပတ်ခပ်တုတ်တုတ် အညိုစင်းခပ်စိတ်စိတ်နဲ့ မြွေတစ်ကောင် ပြတင်းပေါက်ဘောင်ပေါ်မှာ တက်ခွေပြီး ဦးပျဉ်းလေး ငိုက်လို့ တရားနာနေတာတောင် တွေ့ဖူးသေးတယ်။ လူတွေ ဘယ်လောက် ခြောက်ခြောက် သူက မလှုပ်ဘူးဗျာ။ လျှာလေး တစ်လစ် တစ်လစ်နဲ့ အေးဆေးလေး ခွေနေတာ။ ဘုန်းကြီး တရားလဲဆုံး အမျှလည်း ဝေပြီးရော သူ့ဟာသူ ခြုံထဲပြန်ဆင်းတိုးဝင်ပြီး သူ့လမ်းသူ ပြန်ပါလေရော။ လူတွေ ပြောကြတာကတော့ ဘုရားမြွေတဲ့။

အဆိပ်ရှိတဲ့ မြွေဆိုရင်တော့ အဖေက အရှင်မထားဘူး။ လူတွေ ပေါက်မှာ စိုးတာကိုး။ တစ်ခါတုန်းက အိမ်အောက်ထပ်မှာ မြွေဟောက်တစ်ကောင် ၀င်လို့ တီဗွီ (မီးအားမပြည့်၍ ခါနေသော၊ လိုင်းများစွာ ပြေးနေသော၊ မကြည်သော အဖြူအမည်း တီဗွီသေးသေးလေး) ကြည့်နေတုန်း အဖေနဲ့ ဦးဋ္ဌေးဝင်းတို့ ထသတ်ရသေးတယ်။ ဦးဋ္ဌေးဝင်းဆိုတာ ကျုပ်ကို ထန်းလျက်ခဲတွေ အမြဲ ကျွေးတဲ့ အိမ်ဘေး မုန့်ဆိုင်က လူကြီးပေါ့။ သူ့အမျိုးသမီးက မူလတန်းပြ ဆရာမ ချောချောလေး။ ကျုပ်ကို ဆရာမပဲ ကကြီး၊ ခခွေး သင်ပေးခဲ့တာ။ ခုထိ သတိရသေးတယ်။ သုံးဆယ်မှာ စာအုပ် ခဲတံ မရှိလို့၊ ဆရာမသားရဲ့ ကျောက်သင်ပုန်း၊ ကျောက်တံနဲ့ ရေးခဲ့ရတာ။ စာရွက်ပေါ်မှာ ခဲတံနဲ့ရေးတာက ကျောက်တံနဲ့ ရေးရတာလောက် မမိုက်ဘူးဗျ။ ကျောက်တံက အရမ်းသုံးလို့ကောင်းတယ် သိကြလားဗျ။ လက်နဲ့ ဖျက်လည်းပျက်တာကိုး။ စာရွက်ပေါ်မှာဆို ခဲဖျက်လိုသေးတယ်လေ။ မြေဖြူလိုလည်း မညစ်ပတ်ဘူးလေ။

၁၀လ သမီးအရွယ်လောက်ထဲက အရက်ချက်စက်ရုံမှာ ကြီးလာရတဲ့ ကျုပ်က စက်ရုံထဲက ခပ်စူးစူး ဆန်အရက်ဖြူနံ့ကို ယဉ်နေပါပြီ။ ပထမပိုင်းတော့ အနံ့ကစူးသယောင် ထင်ရပေမယ့် ခဏနေရင် မွှေးလာတယ်ဗျ။ တခါတလေ အပြင်မှာ မိုးဖွဲကျတဲ့ နေ့မျိုးဆို အဲ့မွှေးတဲ့အနံ့ကတစ်ဆင့် လျှာပေါ်ခပ်ချိုချို အရသာပါ ကူးစက်သွားသလိုပဲ။ (မှတ်ချက်။ ၁၂နှစ် ၁၃နှစ် လောက်မှ ဒါမျိုး သိတာနော်။ ဟဲဟဲ) အဲ့အနံ့ထွက်တဲ့ အဆင့်က အရက်ချက်ဖို့ ဆန်က Yeast နဲ့ အချဉ်ဖောက်တဲ့ အဆင့်လေ။ အချဉ်ဖောက်ပြီးတဲ့ ဆန်တွေကို အရည်ရအောင် ထုတ်ယူပြီး အဲ့အရည်ကို အပူချိန်အမျိုးမျိုးနဲ့ တိုင်ကီကြီးတွေထဲမှာ အဆင့်ဆင့် ပေါင်းခံရင် အရက် (အဆီ) ရတယ်ပေါ့။ ကျန်ခဲ့တဲ့ ဆန်အချဉ်ပေါက် အဖတ်တွေကို အိမ်နီးနားချင်းတွေက ကြက်၊ ၀က်တွေ ကို အစာအဖြစ် ပြန်ကျွေးကြတယ်လေ။

ကြယ်ကြွေချိန်

(ရှေ့အပတ် ဆက်ပါမည်။)

1 comment:

  1. ညီမလေးရယ် အကောင်တွေများလိုက်တာနော်... အမကြောက်တဲ့အကောင်ချည်းပဲး(

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...