ပြီးခဲ့သောလ(ဇွန်လ) အထိ ကျွန်တော်သည် စက်ဘီးစီးခြင်း အတတ်ပညာ ကို အတော်လွယ်ကူသော အရေးကိစ္စတစ်ခုဟု တွေးထင်ထားခဲ့မိပါသည်။ (အမှန်မှန်မှာ ကျွန်တော် စက်ဘီး လုံးဝ မစီးတတ်ပါ။) လူ့သဘာဝ ထိုသို့ အပေါ်ယံ တွေးထင်တတ်ခြင်းကို အမှန်ပြင်ဆင်ပေးသူမှာ "ကိုယ်တွေ့လုပ်ဆောင်ရခြင်း" ဟူသော ဇာတ်ကောင်ပင် မဟုတ်ပါလား။ ဟုတ်ပါသည်။ ကျွန်တော်၏ ထိုပြိန်း (ပိန်း) လွန်းသော၊ အပေါ်ယံရှပ်လွန်းသော ထိုအတွေးကို စက်ဘီးထိုင်ခုံပေါ် ကိုယ်တိုင်တက်ထိုင်ပြီး၊ ခြေနင်းကို လည်အောင်၊ စက်ဘီးရွေ့အောင် "ကိုယ်တိုင်တက်နင်းရခြင်း" ဟူသော ဇာတ်လိုက် က ပြင်ဆင်ပေးခဲ့ပါသည်။
ဇာတ်လမ်းမှာ ရန်ကုန်ပြန်ရောက်နေသည့် ဇွန်လအတွင်း ပါပါး ၏ စက်ရုံ ဂိုဒေါင်ရှိ Accountant အစ်မကြီး မငုဝါ က စက်ဘီးစီးသင်ပေးမည်ဟု ခေါ်ရာမှ စခဲ့ပါသည်။ ရွှေပြည်သာ စက်မှုဇုန်ရှိ ဂိုဒေါင်သို့ တစ်ကိုယ်တည်း ချီတက်ရမည် ဖြစ်သောကြောင့် မနက် စောစောစီးစီး ၇နာရီ အိပ်ရာမှ ထရသည်။ “ကျွန်တော်တို့ ကမ်းနားထိပ်ရှိ ဘတ်စ်ကားဂိတ်က ၈နာရီ ၁၅ ကျော်လျှင် ရွှေပြည်သာတိုက်ရိုက်ရောက်သည့် ဘတ်စ်ကားက မလာတော့၊ တောက်လျှောက် ၉နာရီကျော်မှ နောက်တစ်စီးလာသည်၊ ထို့ကြောင့် ၀ီရိယနှင့် စောစောထပါ” ဟု ပါပါကြီးက မှာထားသောကြောင့် ၇နာရီအတိ Alarm မြည်ချိန်တွင် ကြိုးစားပမ်းစား ကုန်းကောက်ထရပါသည်။
၈နာရီလောက် အိမ်မှထွက်ရသည်။ ကျွန်တော်သည် တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိသူ ဖြစ်သည်။ ဘယ်သွားသွား ဘယ်လာလာ တစ်ယောက်တည်း သွားရလာရသည်ကို ပိုသဘောကျသည်။ ကျွန်တော် တစ်နေရာရာ သွားမည့်လာမည့်အရေး တစ်ယောက်ယောက်က အချိန်ယူ လိုက်ပို့လိုက်ကြိုပေးရသည်ကို လုံးဝမကြိုက်။ သို့ဖြင့် တစ်ကိုယ်တည်း လစ်ထွက်လာခဲ့သည်။ ရွှေပြည်သာထိ အဝေးကြီးတော့ ဘယ်တုန်းကမှ ဘတ်စ်ကားဖြင့် မသွားဖူး၍ ဘယ်ဂိတ်ဆင်းရမှန်းမသိ ယောင်ဝါးဝါး ဖြစ်နေသည်။ ကျွန်တော့်တွင် ကြောက်ရွံ့မှု တစ်ခု ရှိသည်။ ဘတ်စ်ကားဂိတ်ကျော်မည်ကို အလွန်ကြောက်ပါသည်။
အိမ်မှ မထွက်မီ ပါပါးက ဖုန်းထဲမှာ ဘတ်စ်ကားဂိတ်နာမည်တော့ ပြောလိုက်သည်။ သို့သော် ဘယ်နေရာလည်း အတိအကျ မသိ။ စပယ်ယာကို မေးဖို့ကျတော့လည်း ဂိတ်နာမည် အတိအကျ မမှတ်မိ။ မီးရထားလမ်းပြီး ဒုတိယဂိတ် တော့ မှတ်မိသည်။ ပါပါးက ရောက်မည့်အချိန်ကို မှန်းပြီး ဂိတ်တွင် လာကြိုမည်တဲ့။ သို့နှင့် ယောင်ဝါးဝါး ဟိုကြည့်ဒီကြည့်နှင့် မှန်းပြီးဆင်းလိုက်တော့ ဟော ကွက်တိဗျာ၊ ပါပါးကြီးကို တန်းတွေ့လိုက်ရတော့မှ “ဟူး၊ တော်ပါသေးရဲ့” ပေါ့။
ပထမဆုံး အတွေ့အကြုံအဖြစ် ဘတ်စ်ကားဂိတ်မှ စက်ရုံသို့ ကျနော့ကို China Made ဆိုင်ကယ်လေးနှင့် ခေါ်သွားသည်။ စက်ရုံက ဟိုးအထဲက ကွင်းပြင်တွေထဲမှာ ဆိုတော့ ဝေးသည်ကိုး။ တစ်ခါမှ ရန်ကုန်မြို့ကြီးတွင် ဆိုင်ကယ် မစီးဖူး၍ ကိုယ့်ကိုယ်ကို James Bond ကားထဲမှ မင်းသမီးလိုလို၊ Tomb Raider ကားထဲမှ မင်းသမီး Angelina Jolie လိုလိုပင် ထင်ယောင်ထင်မှားတွေ ဖြစ်လို့။ အော်.. နောက်တာပါဗျာ။ ပြောတော့ပြောရတာ မဟုတ်ဘူးဗျ။ ဆိုင်ကယ် ရှေ့က မောင်းတဲ့ ပါပါးတော့မသိဘူး။ နောက်ကထိုင်လိုက်တဲ့ ကျနော်တော့ အသည်းကို အေးလို့။ အသက်ရှူလို့လည်းကောင်းတယ်။ ဇိမ်ပဲ။ မျက်နှာကို လေအေးတွေ တိုးတဲ့ feeling က အတော် မိုက်ပါတယ်ဗျာ။ ဒီခေတ်ကြီးမှာ ရန်ကုန်လမ်းမတွေထက် ဆိုင်ကယ်စီးဖို့ဆိုတာ မလွယ်တော့တဲ့ ကိစ္စလေ။ ပုလိပ်က ဖမ်းလိုက်၊ ဘဲဥ (မော်တော်ပီကယ်) က ဖမ်းလိုက်နဲ့။ မိပြန်ရင်လည်း ဆိုင်ကယ်သိမ်းသွားလို့၊ လိုင်စင်သိမ်းသွားလို့ ပြန်လိုက်ရွေးရတဲ့ အခ နဲ့ သူတို့တောင်းတဲ့ လက်ဖက်ရည်ဖိုး ပေါင်းလိုက်ရင် ဆိုင်ကယ် နောက် အသစ်တစ်စီးတောင် ထပ်ဝယ်လို့ရနေပါရောလား။ စက်ဘီး၊ ဆိုက်ကား (အနှေးယာဉ်)၊ ဆိုင်ကယ်ဆိုတာ မြို့ထဲမှာ အတော့်ကို ရှားပါးမျိုးစိတ် စာရင်းဝင်နေပါပြီလေ။
ဟောဗျာ.. စကားတွေ လမ်းကြောင်းမှားကုန်ပြီ။ စက်ဘီးအကြောင်းပြောမှာလေ။ ဟုတ်ပ ဟုတ်ပ.. အဲ့ဒါနဲ့ စက်ရုံရောက်၊ ဂိုဒေါင်မှာ မငုဝါ၏ တစ်နေ့အပြတ် စက်ဘီးစီး အတတ်သင်တန်း စပါတော့သည်လေ။ ဟုတ်တယ်ဗျ.. တစ်နေ့အပြတ်။ တစ်နေ့နဲ့မှ အပြတ် မတတ်ရင် နောက်နေ့ကျနော် ထပ်လာသင်နိုင်မှာ မဟုတ်တော့ဘူးလေ။ နောက်ရက် ဒီပြန်လာရတော့မည်ကိုး။
စက်ဘီးပေါ် တက်ထိုင်ပြီး ခြေနင်းကို စနင်းသည်နှင့် ဇာတ်လမ်းက စပြီ။ ကိုယ့် ခန္ဓာကိုယ်အလေးချိန် ကိုယ် မထိန်းနိုင်ဘဲ စက်ဘီးက ယိမ်းထိုးနေတာ။ မငုဝါက အစပိုင်းဘေးက လိုက်ပြေးပြီး ထိန်းပေးသည်ပေါ့။ ကျနော် ဖြစ်နေပုံက ဘေးကလိုက်ထိန်းပေးသူတောင် ကြောက်ရတယ်ဗျာ။ လက်ကိုင်ကို အားနှင့် ဇွတ်လှည့်ပစ်တာ။ ဟောဟောဟော.. ငါ့စက်ဘီးကြီး ဘယ်ဘက်ပြုတ်ကျတော့မဟဲ့ ဆိုပြီး အတွေးဝင်လာတာနဲ့ လက်ကိုင်ကို ညာဘက်ဆွဲလှည့်ပစ်တာ၊ ဗုန်းခနဲ မမှောက်ခင် ခြေထောက်တော်က အရင်ဦးအောင် သံမံတလင်းကို ထောက်ထားလိုက်ရတယ်၊ ဒူးပြဲမှာ ကြောက်တာကိုးဗျ နော့။ မျက်လုံးပြူး မျက်ဆံပြူး၊ ချွေးသီးချွေးပေါက်တွေနဲ့၊ ပါးစပ်ကလည်း တအိုးအိုး၊ တအားအား၊ မာမားရေ အန်းကုံးရေ စုံနေတာပဲ အော်တာ။ ဂိုဒေါင်မှူးကြီးဆို ရယ်တာမှ ဗိုက်တောင်နှိပ်ယူနေရတယ်၊ ဗရုတ်ကျလိုက်ပုံများ။
လေး ငါး ဆယ်ခါ နင်းလိုက်ရပ်လိုက် ဖြစ်ပြီးနောက်ပိုင်း ကျနော်ကိုယ့်ကိုယ်ကို သိလာတယ်။ အစ်မဘေးက လိုက်နေရင်တော့ တစ်သက်လုံး တတ်မှာ မဟုတ်တော့ဘူး လို့။ အဲ့ဒါနဲ့ အစ်မရေ မလိုက်နဲ့၊ ကိုယ့်ဟာကိုယ် လျှောက်တိုက်ပစ်မယ် .. အဲ .. လျှောက်နင်းတော့မယ် ပြောပြီး ကိုယ့်ဟာကိုယ် အားတင်း ကြိုးစားကြည့်ရတာပေါ့။ ဂိုဒေါင်ထဲမှာက ဆန်အိတ်တွေ၊ ဆန်စက်တွေ၊ ဆန်ပုံးတွေ၊ ဆန်တိုင်ကီတွေ၊ စက်လည်နေတဲ့ အလုပ်သမားတွေ အများကြီးပဲဗျ။ အဲ့တစ်နေ့ထဲမှာ ကျနော် ၀င်တိုက်လို့ မှောက်ကုန်တဲ့ ဆန်ပုံးတွေထဲ ဆန်တွေ ပြန်ကျုံးထည့်ယူရတာများ မြင်မကောင်းဘူး။ ဟီး။
အခြေအနေက တော်တော်ကောင်းလာပြီဗျ။ စက်ဘီးအရှိန်လေး နည်းနည်း ရလာပြီဆို ကိုယ့်ကိုယ်ကို ထိန်းတတ်သွားပြီ။ ဒါပေမယ့် ပြဿနာက ကွေ့ရင် အရှိန်လျှော့ပြီး မကွေ့တတ်ဘူး။ အဲ့တော့ ကွေ့ခါနီးဆို ကြောက်ပြီး ရပ်ရပ်သွားတယ်။ ဆန်အိတ်တွေ ၀င်တိုက်မိမှာကြောက်လို့။ အဲ့ဒါနဲ့ မဖြစ်သေးပါဘူးလေ.. ကြိုးစားပြီး ကွေ့ကြည့်ဦးမှပါပဲပေါ့လို့ အားတင်းလိုက်သည့် သကာလ မှောက်ပါလေရော။ ဆန်အိတ်ပုံကို ၀င်တိုက်မိပြီး စက်ဘီးက အိခနဲ ထိုးရပ်သွားတဲ့အချိန် ဘယ်ခြေထောက်က သံမံတလင်းကို အထောက်၊ နည်းနည်းလေး နောက်ကျသွားတာ၊ ဘယ်ခြေခုံက အောင့်ခနဲပဲ။ နာချက်က ၉လောက်ရှိတယ်ဗျား၊ အီစလံဝေသွားတာပဲ။ ခြေခေါက်ပြီး အကြောနည်နည်း ညပ်သွားတယ်ထင်တာပေါ့ဗျာ။
အိမ်အပြန် ချစ်စရာ ပါပါးကြီးက ခြေထောက်နာနေတာတောင်မှ တက္ကစီနဲ့ ပေးမပြန်ဘူးဗျာ။ မထသ အထူးယာဉ်လိုင်းကို မရမက စောင့်စီးပါတယ်။ မိနစ်၄၀လောက် စောင့်လိုက်ရမှ ကိုရွှေ ပါရမီ ရောက်လာပါတယ်ဗျာ။ မလှုပ်ချင်လှုပ်ချင် တအိအိနဲ့ ကိုရွှေပါရမီက အင်းစိန်၊ ရွာမ ဘက်အရောက်မှာ တကျွိကျွိနဲ့ ထိုးရပ်သွားပါလေရော။ အင်ဂျင်ပူသွားလို့ နာရီဝက်နားရမယ်တဲ့ဗျာ။ ဗိုက်ထဲက တကျုတ်ကျုတ်နဲ့ ဆာနေတာ အစာအိမ်တောင် ကျွမ်းလောင်နေပြီဗျ၊ ည ၇နာရီတောင် ရှိပြီကို။ ဘယ်ခြေကလည်း လုံးဝ လှုပ်လို့မရဘူး၊ ခြေခုံက ဖောင်းအစ်ပြီး ယောင်နေတာ၊ တဆစ်ဆစ်နဲ့ ကိုက်နေတယ်ရော်။
အဲ့ဒါနဲ့ နောက်ပါရမီတစ်စီး ပြောင်းစီး၊ ကားဂိတ်ကနေ အိမ်ကိုကျတော့ လမ်းမလျှောက်နိုင်လို့ ကားငှားပေးပြန်တယ်။ ၁၅လမ်းကနေ လမ်း၂၀ဗျ။ ဒီလောက် နီးနီးလေးကျ... ငါနော်။ စိတ်ပိန်စရာ။ ဒါနဲ့ အကြောပြင်ဆရာဆီ ည ၁၀နာရီလောက်ကြီး ပြေးရတယ် ဆိုပါတော့။ တကယ်ကြီး မပြေး နိုင်တော့လည်း စီးတော်ယာဉ် ဖွတ်ချက်နဲ့ပေါ့။
ဟိုရောက်တော့ ဆရာပထမဆုံး ပြောတဲ့စကားကြောင့် “ထိ” သွားပါတယ်။ ဆရာက ခြေခုံကို ငုံ့ပြီးစမ်းနေရင်းက ပြောပါတယ်၊ “အရိုးက ခြေခုံမှာ ၂နေရာ အက်သွားတာကိုး” တဲ့။ ခြေခုံမှာ အက်သွားတဲ့ အရိုးတွေက နေရာမမှန်ဘဲ တစ်ခုနဲ့ တစ်ခု ထပ်နေတယ် လို့ ပြောပါတယ်။ နောက် ကျနော့်ကို လှည့်မေးတယ်၊ “ready ပဲလားတဲ့။” ကျနော်က ဘာမှန်း ညာမှန်း မသိဘဲ “ဗျာ၊ ဟုတ်ကဲ့” လို့လည်း ဖြေလိုက်ရော၊ ချက်ချင်းပဲ ခြေခုံမှာ နေရာလွဲနေတဲ့ အရိုးတွေကို ခြေချောင်းတွေကနေတစ်ဆင့် အားကုန်သုံးပြီး ဆွဲပါတယ်။ အဲ့မှာ ကျနော့် အသည်းတွေ အစိတ်စိတ် အမွှာမွှာ ကွဲကြေကုန်ပါတယ်။ မျက်ရည်တွေလည်း စိမ့်ထွက်လာပါတယ်။ အား ခနဲ အော်ချင်ပေမယ့် မအော်ဘဲ တင်းခံရပါတယ်။ မိန်းကလေးတွေ ပျော့ညံ့သည်လို့တော့ လုံးဝအထင်မခံနိုင်ပါ။ အတော့်ကို အရိုးခိုက်စရာပါပဲ။ ဆရာက သူ့ယောက်ျားအားကြီးနဲ့ "ရိစ်" ခနဲ အဆွဲ၊ ကျွန်တော်က ပေါက်ကနဲ မျက်ရည်က အကျနဲ့ ဟုတ်တော့ဟုတ်နေတာပါပဲ။ ၃မိနစ်လေးက ၃ကမ္ဘာလောက် ကြာသလား ထင်ရပါတယ်။ ရှိရှိသမျှ အားအင်တွေ အစုပ်ထုတ်ခံနိုင်ရသလောက် နာပါတယ်။ ခြေချောင်းတွေပါ ရှည်ထွက်လာသလား ထင်ရပါတယ်။ နောက်ဆုံး အပြီးမှာ ဆရာက တရုတ်ဆေးစပ်ပြီး ပတ်တီးနဲ့ ဆေးစည်းပေးပါတယ်။
နောက် ၂ပတ်လောက် ခြေထောက်က လုံးဝထောက်လို့မရပါဘူး။ အနာသက်သာဆေး မသောက်ရင် အရိုးက ပြန်ကိုက်လာပါတယ်။ ခြေခုံမှာ အညို အမည်းတွေလည်း ထွက်လာရော၊ ဘယ်ခြေခုံနဲ့ ညာခြေခုံ အရောင်မတူပုံက ရယ်ရပါတယ်။ ကျောင်းကလည်း ဖွင့်တော့မယ်ဆိုတော့ ဒီကို ထော့နဲ့ထော့နဲ့ ပြန်လာရပါတယ်။ ဒီရောက်တော့လည်း ဒုက္ခနည်းနည်းတော့ များပါတယ်။ လမ်းလျှောက်ရင် နားနားပြီး လျှောက်ရပါတယ်။ ငါ့နှယ်... အသက်၈၀ကျော် အန်းမ ကျနေတာပဲတော်။
ကဲပါလေ... ခုတော့ (အကျွမ်းကြီးတော့ မဟုတ်သည့်တိုင်)စက်ဘီး စီးတတ်သွားပြီဆိုပါတော့ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နှင့် တစ်နေ့တာစက်ဘီးကတော့ ခြေထောက်အရိုးအက်သည့်တိုင် စတေးလိုက်ရပေမယ့် တန်တယ်ကွ လို့ တကယ်ထင်မိပါတယ်။ ဒီကနေ ရတဲ့ သင်ခန်းစာက ဘယ်လောက်ပဲ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာပဲ ဖြစ်နေပါစေ၊ သတ္တိသာရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာမျိုးပေါ့။ (အဟမ်း.. ဘာရယ်ဟုတ်ဘူး.. ရွှီးကြည့်တာ ဟဲဟဲ)
အော၊ အတော်တောင် လေရှည်သွားပြီ။ လေပေါရတာလည်း မောသွားပြီ။ ပျင်းကြောလေးဘာလေး သွားဆန့်လိုက်ဦးမယ် ခဏ။ :)
ကြယ်ကြွေချိန်
အော်။ ဖြစ်ရမယ်လေ။
ReplyDelete