Wednesday, October 12, 2011

မေ့ပစ်ချင်သော နေ့တစ်နေ့

ရှက်စိတ်နဲ့ ခံပြင်းစိတ် ပေါင်းပြီး ထွက်လာတဲ့ ခံစားချက်ကို ဘာလို့ခေါ်လဲ? ကျနော် မသိဘူး။ ဒါပေမယ့် အဲ့နှစ်ခုလုံး တစ်ပြိုင်နက် ခံစားလိုက်ရတယ်။

အခြေအနေမှန် တစ်ရပ်ကို နားလည်လိုက်တဲ့ တဒင်္ဂမှာ တွေဝေသွားတယ်။ အို.. ဒါမဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြောနေမိတယ်။ နား၂ဖက်ထဲမှာတော့ ဒါမင်းရဲ့ လုပ်နိုင်စွမ်း အကုန်ပဲ၊ မင်းဒီ့ထက် ပိုပြီး မစွမ်းသာပါဘူးကွာ လို့ ၀မ်းခေါင်းသံကြီးနဲ့ လူတစ်ယောက် အော်ပြောနေတာကို ထပ်ခါထပ်ခါ ကြားနေရတယ်။ မင်းဘာတတ်နိုင်သေးလဲ ငှဲငှဲငှဲ လို့ လှောင်ရယ်သံတွေလည်း ပဲ့တင်ထပ်နေတယ်။ သံသယမျက်လုံးတွေ၊ အထင်သေးတဲ့ အကြည့်တွေကို ကျွန်တော် မခံစားနိုင်ဘူး။

အခုချက်ချင်းပဲ ဒီအခန်းကျဉ်းလေးထဲက ထွက်ပြေးချင်စိတ်တွေ ပေါက်နေမိတယ်။ တတ်နိုင်ရင် ငယ်ငယ်ကလို ဘူးသီးလုံးလောက် ကြီးတဲ့ မျက်ရည်တွေ တစ်လုံးပြီးတစ်လုံး ငိုချလိုက်ချင်တယ်။ တ၀ါးဝါးနဲ့ အာခေါင်ခြစ်ပြီး ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်ချ၊ ပေါင်ကားရားနဲ့ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ အော်ငိုချင်တယ်။ ကလေးတုန်းကလိုတော့ မျက်ရည်တွေနဲ့ မျက်နှာက ဂျီးတွေ၊ နှပ်တွေ၊ ချွေးတွေ ရောပြွန်းပြီး ကြောင်ချီးကုတ် ရုပ်တော့ မပေါက်ချင်ပါဘူးလေ။

ရုတ်တရက် ပတ်ဝန်းကျင်က လူတွေအားလုံး အငွေ့ပျံ ပျောက်ကွယ်သွားသလိုပဲ။ ဘယ်သူ့ကိုမှ မမြင်တော့ဘူး။ ခေါင်းထဲမှာ စောစောက လှောင်ရယ်သံတွေ အထင်အမြင်သေးတဲ့ အကြည့်တွေပဲ မြင်နေ ကြားနေ ရတယ်။ ကျွန်တော် ဘာဖြစ်သွားပြီလဲ။ ကျွန်တော် သေသွားပြီလား။ တတ်နိုင်ရင် သေလိုက်ပါတော့လားဟယ် လို့ ဆုတောင်းလိုက်မိတယ်။ အော်... တကယ်သေဖို့ကျတော့လည်း သတ္တိက မရှိပြန်ဘူး။ အော်... ငါ့နှယ်၊ အခုမှ ဟို အင်္ဂလိပ် စကားပုံထဲကလို ဖြစ်နေပြီ၊ Between the deep blue sea and the Devil တဲ့။ ပင်လယ်ထဲ ခုန်ချသေရမှာလည်း သတ္တိကကြောင်၊ ဒီတိုင်းနေပြန်တော့လည်း ဟိုဘက်မှာက ကိုယ့်ကိုလာသတ်မယ့် နတ်ဆိုးကြီးလေ။ ဘာဆက်လုပ်ရမတုန်း ဝေခွဲမရတဲ့ အဖြစ်ပေါ့။ အဲ့လောက်ထိ ပျော့ညံ့ရကောင်းလား ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်မိတယ်။

အမျိုးသမီး တစ်ယောက်ကတော့ ကျွန်တော့်ကို ပြုံးရယ်ပြီး အားပေးနေပါရဲ့၊ အားတက်လို အားတက်ငြား ပေါ့လေ။ သူမ ပြောနေတဲ့ စကားသံတွေက တိုးသွားလိုက်၊ ကျယ်လာလိုက်နဲ့ ကျွန်တော့်နားထဲမှာ... ဘာမှလည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဟင့်အင်း... ကြားလည်း မကြားချင်ဘူး။ အရာအားလုံး တစ် က ပြန်စရမယ်ဆိုလည်း ကျွန်တော် ပြန်စနိုင်ပါတယ်။ ဒီမျက်လုံးတွေ ရင်မဆိုင်နိုင်တာ တစ်ခုက လွဲရင်ပေါ့။

ဟိုးအရင် ၃နှစ်ကျောက်လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဒီအတိုင်း ကွက်တိ ပြန်ခံစားနေရလို့ ဒီ blog မှာ ပြန် post ပါမယ်။

Alone in the corner ...
Darkness makes my day alter,
Like a fish out of water,
In thirst of a consoler.

Lonely days slide away ...
Laughter fades away,
Mourning is what I have to pay,
What else can I say?

Suddenly, out of solutions ...
Tears running down on cheeks,
As a passer-by,
Ya dare to see those faces?

အဲ့လိုပါပဲ။ ဘ၀က ခါးပါတယ် (ရံဖန်ရံခါပေါ့)။ ကျရှုံးမှု ဆိုတာကို အပြုံးနဲ့ ရင်ဆိုင်လာနိုင်တဲ့ တစ်နေ့တော့ ချို သွားမှာပါ။ အဲ့ဒီ တစ်နေ့ ကလည်း ကျွန်တော်နဲ့ အရမ်း အလှမ်း မဝေးပါစေတော့နဲ့လေ။

ကြယ်ကြွေချိန်

1 comment:

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...