ကျွန်တော် ပြောချင်သည်က ကမ်းခြေ လှပုံကို မဟုတ်။ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား တူညီသော အချက်များကို ပြောပြချင်သည်။ မြန်မာနိုင်ငံသား ဆိုတော့လည်း ရောက်လေရာ ကိုယ့်နိုင်ငံ နဲ့ပဲ ယှဉ်ယှဉ်ပြီး ပြောတတ်တာ အပြစ်တော့ မဆိုသာပါ။ မြို့တော် Jakarta တွင်တော့ ဤသို့ ရှိဟန် မတူပါ။ ဒီ့ထက် များစွာ ပိုတိုးတက်သော ဗဟို စီးပွားရေး အချက်အချာ မြို့ဟု ဖတ်ဖူး၊ ကြားဖူးပါသည်။ Batam မြို့ထဲသို့ ကားငှားသွားဖြစ်ခဲ့ကြသည်။ လမ်းများ၊ ကားများ၊ အိမ်များ၊ အဆောက်အအုံများသည် မြန်မာနိုင်ငံနှင့် အတော်ကြီးကို ဆင်တူသည်။ လမ်းများသည် ဖုန်၊သဲ အနည်းငယ် ထူသည်။ တခါတရံ မြေနီလမ်း တွေပင် ရှိသည်။ တောင်ကုန်းတွေ ပေါသည်။ လမ်းတွေဖောက်ဖို့ တောင်ကုန်းတွေကိုလည်း မိုင်းခွဲ ဖြိုချထားပုံရသည်။ တ၀က်တပျက် အပြို အပဲ့တွေနဲ့ပေါ့။ ကျွန်တော်တို့ ရန်ကုန်လမ်းများထက်တော့ အနည်းငယ် ပိုဖြူးသည်။ လမ်းပေါ်မှ ကားများကတော့ ရန်ကုန်က ကားတွေလိုပါပဲ၊ ခပ်စုတ်စုတ်။ လေးဘီးကား ပုံစံမျိုး တွေလည်း တွေ့ရသည်။
အော်.. ပြောရင်းနဲ့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုများ ဖြစ်ကုန်ပြီလားဗျို့။ မဟုတ်ရပါဗျား။ တစ်နေရာ တစ်နေရာ ဆက်သွယ်သွားလာရန် ခက်ခဲသည်။ မြန်မာနိုင်ငံမှာလို ၃၉၊ ၄၆ တစ်စီးပြီး တစ်စီးလာဖို့ မပြောနှင့်။ ဘတ်စ်ကား လုံးဝပင် မတွေ့ခဲ့ရ။ Taxi အနည်းငယ်သာ ရှိသည်။ ဟိုတယ်မှ Taxi ကို နေ့ပြတ် ငှားထားသဖြင့်သာ အနေချောင်တော့သည်။ ကားခ ကလည်း အင်မတန် ဈေးကြီးသည်။ ကားဆရာ ပြောတာက ဒီမှာ ဆီဈေး ကြီးသည်တဲ့။ Shopping mall တွေကလည်း ရန်ကုန်က shopping centre များနှင့် ဖွဲ့စည်းထားပုံ display အတော့်ကို ဆင်တူသည်။ မတူတာ တစ်ခုကတော့ ကြည့်လေရာ ပါတိတ်များသာ ရောင်းနေကြခြင်း။
တစ်ဖွဲ့လုံး အင်ဒိုစကားလည်း တစ်ယောက်မှ မပြောတတ်ကြ။ ကားဆရာ ဦးလေးကြီးကလည်း အင်္ဂလိပ်လို မပြောတတ်။ အဲ့မှာ စတွေ့ကြတာပဲ။ ကျွန်တော်တို့ နေ့လည်စာစားမည်၊ ပင်လယ်စာ စားချင်သည်၊ စားကောင်းသည့်ဆိုင် လိုက်ပို့ပါ.. ဆိုသည်ကို ခြေဟန်လက်ဟန် အမျိုးမျိုးပြ၍ အတူတူသွားကြသော အစ်ကို တစ်ယောက်နှင့် ကားဆရာ communicate လုပ်သည်။ အတော်ပြောယူပြီး နောက်ဆုံး ကားဆရာ သဘောအပေါက် လွန်သွား၍ထင့်၊ ရှယ်တကာ့ ရှယ် seafood ဆိုင်ကို ရောက်သွားသည်။ ငါး၊ ပုဇွန်၊ ဂဏန်း မျိုးစုံကို ကန်လိုက် အရှင်မွေးထားသည့် ဆိုင်ကို ခေါ်သွားသည်။ ကြိုက်သည့် အကောင် ရွေးပြီး တွယ်ကြတော့သည်။
အားလုံးစားအပြီး ပိုက်ဆံရှင်းတော့မှ စကွိုင်တက်တော့သည်။ အင်ဒို ပိုက်ဆံက အလွန်သေးသည်ကိုး။ မြန်မာ ကျပ်ငွေထက်ပင် တန်ဖိုး ၁၀ ဆ ပိုငယ်သေးသည်။ SGD 1 dollar ကို Indo 7000 ပေါက်သည်လေ။ ဂဏန်းပေါင်းစက်နဲ့ တွက်ယူလိုက်ရတဲ့ ပိုက်ဆံ၊ ခေါင်းတွေကို မူးလို့။ နည်းတဲ့ သုည တွေ မဟုတ်ဘူး၊ တန်းစီနေတာ။ ဟိုတယ်မှာ ညစာပြန်စားကြတော့လည်း million နှင့် ချီ၍ ကျသည်။ အော်၊ ရန်ကုန်က သူဋေးတွေ ဒီလာနေရင် အကုန်လုံး millionaire တွေ billionaire တွေ ဖြစ်ကုန်ကြတော့မှာပဲ။ နှိပ်ဟ.. XD
ကမ်းခြေကတော့ လှသည်။ Water activities များ ကစား၍ ကောင်းသည်။ ကျွန်းက ခပ်သေးသေး၊ တောင်ကုန်း ခပ်မြင့်မြင့်လေးပေါ် ရှိတာဆိုတော့ ခပ်ပုပု Bungalow လေးတွေကို မြင်ရသည်မှာ မှိုလေးများ တန်းစီ တစ်ခုပေါ် တစ်ခု ထပ်ပေါက်နေပုံနှင့်တူသည်။ Iphone camera မှလွဲ၍ ကင်မရာ ကောင်းကောင်း မစုဆောင်းထားမိသော ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့သည်။ ဓာတ်ပုံရိုက် ၀ါသနာ ပါ၍ မဟုတ်။ ကမ်းခြေ ရှုခင်းများ လှလွန်းသောကြောင့်သာ။
ကျွန်တော့် ၀သီအတိုင်း အိမ်တစ်အိမ်ကို ကြည့်လျှင် ခေါင်မိုးကို အလွန် စိတ်ဝင်တစား လေ့လာမိသည်။ ယခင် အနည်းငယ် သင်ခဲ့ဖူးသည့် ဗိသုကာပညာ ဗဟုသုတအရ အိမ်တစ်အိမ်၏ အမိုးကို ကြည့်ခြင်းအားဖြင့် အဆိုပါဒေသ၏ ရာသီဥတု ကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်တဲ့။ မိုးများသည့် အပူပိုင်းဒေသ ဖြစ်သည့်အလျောက် Structure ကောင်းကောင်း၊ တုတ်တုတ်ခိုင်ခိုင် slab များဖြင့် ထောက်ကန်ထားသော အိမ်ခေါင်မိုး ချွန်ချွန်လေးများကို ခရီးတစ်လျှောက် တွေ့ခဲ့ရသည်။ နေချင်စဖွယ် ကောင်းလှသော၊ human comfort ပေးစွမ်းနိုင်သော အိမ်လေးများစွာ။ ရန်ကုန်က ကန်ထရိုက်တိုက်တွေနဲ့ သွပ်မိုးတွေကို အဲ့လို ပြောင်းပစ်လို့ရရင် သိပ်ကောင်းမှာပဲ ဟု တွေးမိသည်။
အထပ်ထပ် စီရီနေသော ချစ်စရာ အိမ်ခေါင်မိုးလေးများ
ဒီတစ်ခါ ကမ်းခြေသွားတာ လုံးဝ အသားမမဲ နေမလောင်ပါ။ Sunblock များ အသားမုန်း အထပ်ထပ် ကာကွယ်ထားခြင်း၏ အကျိုးကျေးဇူးတည်းသာ။ ထိုကျွန်းလေးသည် ပျော်စရာ ကောင်းသည်။ ဆွေးစရာလည်း ကောင်းပါသည်။ လွမ်းစရာကောင်းသော ထိုခရီးကို ပျော်တတ်သော လူတစ်သိုက်နှင့် သွားခဲ့ရသည့်အတွက် အတော်ရယ်ခဲ့ရပါသည်။ အစအနောက်သန်သူများ ပါသည်ကိုး။ အဖော်ကောင်းလျှင်တော့ တကယ့်ကို စိတ်ပြေလက်ပျောက် ခရီးပါပဲ။ ဒီ semester ပြီးလျှင်လည်း ထပ်သွားလည်နိုင်ဖို့ အခွင့်အရေးကို မျှော်လင့်ထားပါသည်။
ကြယ်ကြွေချိန်
No comments:
Post a Comment