Thursday, January 12, 2012

ရောဂါ

“ကျတတ်လွန်းတဲ့ စိတ်ဓာတ်
မြေလွှာကို ဖောက်ထွင်းပြီး
အ၀ီစိထိ ဆင်းဖို့ ကျင့်ကြံနေသောခါ
ရော...ဂါ...”
IC ပြန်ဆိုထားသော စောဖွဲ့မှူး၏ “ရောဂါ” သီချင်း နီးရပ်ဝန်းကျင်မှ ပျံသန်းလာသည်။

ကျွန်တော့်အား တစ်စုံတစ်ယောက်က “ယခုလက်ဝယ် သင့်ခံစားချက်အား ဝေမျှပါ” ဟု မေးလာသော် ကျွန်တော် အထက်ပါ သီချင်းကို ဆိုပြမိပေမည်။ ဤကမ္ဘာလောက၌ အဖြစ်အပျက် အလုံးစုံဟူသည် အကျိုးရှိ၍ အကြောင်းရှိရသည် မဟုတ်ပါလော။ ထိုနည်းတူ ကျွန်တော် ဤသို့ဤပုံ ခံစားရသည်မှာလည်း အကျိုးနှင့်အကြောင်းနှင့် ရှိပါသည်။ ပဏာမ အနေဖြင့် ကျွန်တော့် အကျိုးအကြောင်းကို မှန်းဆကြည့်နိုင်ရန် အလို့ငှာ အောက်ပါစာပိုဒ်ကို ရှုပါလော့၊ မိတ်ဆွေ။

ကျွန်တော်၏ ဖြူနုနု အသည်းတစ်စုံကို မြေတူးစက်နှင့် ကလော်ကာတစ်မျိုး၊ လမ်းကြိတ်စက်ဖြင့် ကြိတ်ပြီးတစ်ဖုံ၊ မြင်းကောင်ရေ တစ်ရာအားရှိ မော်တာဖြင့် စုပ်ယူ ချေဖွ ဖျက်ဆီးကာ ပုရစ်တစ်ကောင်ပမာ အရှင်လတ်လတ် မီးမြှိုက်၍ တဂျွတ်ဂျွတ်မြည်အောင် သုံးဆောင်ပြီးသကာလ သူမထံတွင် မည်သည့် အရာများ မြတ်သွားပြီး ကျွန်တော့်ထံတွင် မည်သည့် အရာများ (အကောင်းပကတိအတိုင်း သို့မဟုတ် ပျက်စီးပြီးသော အကြွင်းအကျန် အစအနများ) ကျန်ရှိပါသနည်း၊ မိတ်ဆွေ။ ခွဲခြမ်းစိတ်ဖြာပါလော့။

သူမ နှုတ်ခမ်းဖျားမှ ပွင့်အံကျလာသော “ချစ်တယ်” ဟူသော ဝေါဟာရလေးအပေါ်တွင် ကျွန်တော် သာယာခဲ့ဖူးပါသည်။ ထိုတခဏလေး၌ ကျွန်တော့်ကိုယ်ကျွန်တော် ဤကမ္ဘာပေါ်တွင် အပျော်ဆုံးသော ပုထုဇဉ်ဟုလည်း ကင်ပွန်းတပ်ခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ချမ်းသာသမျှသော အလုံးစုံသည် သူ့အတွက်ဟု ရည်ရွယ်ပေးခဲ့ဖူးပါသည်။ သူ့အတွက်ဆိုလျှင် ကျွန်တော် မည်သည့်အရာကိုမဆို ရင်ဆိုင်ဝံ့သည်ဟုလည်း ခံယူခဲ့ဖူးပါသည်။ ယုတ်စွအဆုံး တစ်နေ့ သူကျွန်တော့်ကို ထားရစ်ခဲ့လျှင်တောင် တခြားသူ၏ ရင်ခွင်ဝယ် ပြုံးပျော်နေသည်ကို မြင်ရလျှင် ကျေနပ်ပြီဟုပင် မုဒိတာပွားခဲ့ဖူးပါသည်။

သူသည် ကျွန်တော့်အပေါ် တန်ခိုး သြဇာတိက္ကမ လွှမ်းမိုးနိုင်သည့် ဘုရင်မ ဖြစ်သလို ကျွန်တော်၏ နေ့ရက်များ စိမ်းလန်းစိုပြည်လာအောင် ပေါင်းသင်ပေးသော ဖန်ဆင်းရှင်လည်း ဖြစ်ပါသည်။ ကျွန်တော်၏ ဟာတာတာ အာကာသ ဟင်းလင်းပြင်ကြီးထဲ ဆေးရောင်စုံ ပန်းချီကားများဖြင့် အသက်သွင်းပေးခဲ့သည်။ တစ်ကောင်ကြွက် ကျွန်တော့်ကို “မေတ္တာ ဆိုတာဘာလဲ”ဆိုသည့် မေးခွန်းကိုလည်း အဖြေပေးခဲ့သည်။ အာဏာပြင်းလွန်းသည့် သူသည် ကော်ဖီ မကြိုက်သော ကျွန်တော့်ကိုပင် ဘလက်ခ်ကော်ဖီခါးခါးတစ်ခွက်ကို တစ်ရှိုက်မတ်မတ် နမ်းရှုံ့တတ်အောင် သင်ပေးခဲ့သည်။

သူမ၏ အချစ်သည် ဤမျှပင် ပြီးပြည့်စုံခဲ့သော်လည်း ကျွန်တော့်ဘက်ကမူ သူမ တပ်မက်သော နွေးထွေးမှုမျိုးဖြင့် လက်လှမ်းမကြိုနိုင်ခဲ့ပါ။ တစ်နေ့တာ၏ မနက်ခင်းအစတွင် ကျွန်တော့်ထံမှ “ထွေး... နိုးပြီလား” ဟု ဖုန်းဆက်၍ တယုတယ မေးထူးသံကို သူမ တောင့်တသော်လည်း အေးစက်စက် ကျွန်တော့်မှာ ပေးစွမ်းနိုင်စွမ်း မရှိခဲ့ဟု ၀န်ခံရသော် အခါနှောင်းလေပြီ။ အရာရာ နှောင်းခဲ့သော ယခုအချိန်တွင်မူ ကျွန်တော့် ရင်ထဲက လူအများ အချစ်ဟု သမုတ်ကြသော အရာသည် သူကြိုက်တတ်သည့် ကော်ဖီခါးခါးကို Creamer မပါဘဲ သောက်ရသလို ပေါ့ရွှတ်ရွှတ်ကြီး။

ခပ်ပြင်းပြင်း အသက်ရှူသံများအကြား သူမ၏ ခပ်ဖွဖွ ရှိုက်သံက ကျွန်တော်၏ အသဲ အူ ကလီစာ အစုံပလုံကို အချွန်ဖြင့် ဆွနေသလိုပင်။ နာသည်။ သို့သော် အတွင်းဒဏ် ကျလွန်းသဖြင့် ကယ်နိုင်မည့် ဆေးမရှိတော့။ အနာကို အပြင်ပန်းမှ အချိုရည် ဆမ်းထားသော အပြုံးဖြင့် ဖုံးအုပ်ထားသဖြင့် ကုသပေးနိုင်မည့် ဇီဝကလည်း ရောဂါ ယင်းမြစ် ရှာမတွေ့နိုင်တော့။ ယခုချိန်တွင် ကျွန်တော် ငမိုက်သား ငနဲတစ်ကောင်အား ကိုယ်ချင်းစာနိုင်မည့်သူ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မမျှော်လင့်တော့ပါ။ နောင်တစ်ချိန် ဤအဆိပ်ပြင်းပြင်း အတိတ်ကို ပြန်စောင်းငဲ့ကြည့်သော် "ကိုယ့်ထိုက်နှင့် ကိုယ့်ကံပင် ရှိပါစေတော့လေ" ဟု ကံကို ပုံအပ်ခဲ့ရသည့် လူညံ့တစ်ယောက် ဤပလက်ဖောင်းပေါ်တွင် ခေါင်းငိုက်စိုက်ဖြင့် တွေတွေ ရပ်နေခဲ့ဖူးသည် ကို တွေးရယ်နေမိမည်။

သို့နှင့် စက္ကန့်အနည်းငယ် အတွင်း ကျွန်တော့် အချစ်ဦးသည် ကျွန်တော်နှင့် ဆန့်ကျင်ဘက် လားရာအရပ်ကို ခပ်ဖြည်းဖြည်း လျှောက်သွားခဲ့ပါပြီ။ ကျွန်တော့် ရင်ဘတ်ထဲမှ အနာသည် အကျည်းတန်သလောက် သူမ၏ ကျောပြင် က မူ ကျော့ရှင်းလွန်းလှပါသည်။

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...