ကျွန်မ သူ့မျက်ဝန်းညို့ကို အကဲခတ်ရင်း သူ့စိတ်ကို ဖတ်နိုင်ဖို့ ကြိုးစားမိတယ်။ သူဟာ ခံစားချက်တွေ ဘယ်တော့မှ ထုတ်မပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်မသိတယ်လေ။ သိပ်နားလည်ရခက်တဲ့ သူ့ကို ကျွန်မ တွယ်တာနေမိပြီဆိုတာ သိလိုက်ရတဲ့နောက် ကျွန်မလေ... ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးနိုင်ဘူး။ မအောင်မြင်နိုင်မှန်း သိပေမယ့်လည်း ကိုယ့်ကိုယ်ကို တားနေမိတယ်။ ဒီလူ့အကြောင်း ထပ်မတွေးနဲ့ ... ဒီလို လူတစ်ယောက်အတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာလားပေါ့။ တစ်ကယ်တမ်းတော့ သူဟာ ကျွန်မစိတ်အစဉ်ကို မိုးလင်း မိုးချုပ် ပိုင်ဆိုင်ထားသူပါ။ ကျွန်မအတွေးယဉ်ကြောမှာ စက္ကန့်မလပ် စိုးမိုး နေရာ ယူထားသူပါ။
သူက ကျွန်မထက် အသက် နှစ်နှစ် ပိုကြီးပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က သူနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ကြပုံလေးတောင် ခုထိ ခပ်ရေးရေး မြင်ယောင်နေတုန်းပါ။ အရမ်း ကြင်နာတတ်တဲ့ သူ့ကို အစ်ကို တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ခင်မင်မိရာကနေ စည်းကျော်မိတဲ့ ကျွန်မ... သူ့ကို မြင်နေရရင်ကို အလိုလို ပျော်နေမိတာ သူမသိနိုင်ပေမယ့် ကျွန်မ ပတ်ဝန်းကျင်က သူငယ်ချင်းတွေအားလုံး ရိပ်မိပါတယ်။ အပေါင်းအသင်းတွေကြားထဲ ခဏခဏ အနောက်ခံရလို့ အနေရခက်ပေါင်းလည်း မနည်းတော့ပါဘူး။ “ဒါက ကျွန်တော့် ညီမလေးလေ” ဆိုပြီး အပေါင်းအသင်းတွေကို အမြဲ မိတ်ဆက်ပေးတတ်တဲ့ သူလေ ... မိန်းကလေး တစ်ယောက်ရဲ့ ဘ၀မှာ အိနြေ္ဒ၊ သိက္ခာ အရာရာကို စောင့်စည်းရတာ ဘယ်လောက်ထိ မွန်းကြပ်မှန်း ဘယ်တော့မှ သိနိုင်မယ် မထင်ပါဘူး။
သူသိအောင် ပြောပြချင်ပေမယ့် မိန်းကလေးဘ၀မို့ ပညတ်ချက်တွေကြားမှာ အသက်ရှင်နေထိုင်ရတဲ့ ကျွန်မဘ၀ကို သူ စာနာပေးနိုင်ပါ့မလား။ သူကရော ကျွန်မအပေါ် တူညီတဲ့ မေတ္တာတွေ ရှိနေရဲ့လား။ ဒါမှမဟုတ် ကျွန်မအပေါ်မှာ ညီမလေးတစ်ယောက်လို သံယောဇဉ် အဖြူရောင်သက်သက်ပဲလား။ ဒါဆိုရင် ကျွန်မ အချစ်က တကယ်ကို ဆိုင်သူမသိတဲ့ အချစ်ပဲလား။ ဒီလို အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ကျွန်မကို ထိုးနှက်နေကြတာ သူသိနိုင်ကောင်းပါရဲ့လေ...
ကြယ်ကြွေချိန်
haiz...
ReplyDelete