သူ့နာမည်က ပိစိမ။ လက်ရှိအသက်က ၇နှစ်ခွဲ။ ကြောင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်း ၁၀နှစ်လို့ တွက်ရင်တော့ သူလေးက အသက်ကြီးပြီပေါ့လေ။ အဲ.. ဒါပေမယ့် လှတုန်းပဲ။ မြန်တုန်း သွက်တုန်းဗျ။ အမွေးအရောင်ကနေ အရင်စပြောမယ်။ တစ်ကိုယ်လုံး အရောင်စုံပါတယ်။ အဖြူများတယ်။ အနက်နဲ့ အ၀ါကွက်လေးတွေ ပြောက်ကျား ပါတယ်။ မျက်နှာကျပုံက ခပ်ဝိုင်းဝိုင်း။ ကျနော်က ကြောင်ဆို မျက်နှာ ကားမှ၊ ၀ိုင်းမှ ပိုချစ်တာ။ အော်ကွယ်... ကြောင်ဆိုကတည်းက အသေရရ အရှင်ရရပါပဲ။ တားလို့ ဆီးလို့ မရ၊ "ညောင်"ဆို အသံကြားရင်ကို အမွေးလေး သွားပွတ်ချင်နေတာ ဖျပ်ဖျပ်ကို လူးနေပုံကိုး။
ပိစိမ ရဲ့ အမေနာမည်က "မီးညောင်စုတ်"။ ဟုတ်ပ.. ဒီနာမည် သူလေး ဘယ်လိုရလဲဆိုတော့ ဒီလို။ မီးညောင်စုတ်က သူ ၂လ သားလောက်ထဲက ကျနော်နဲ့ မောင်လေးက နောက်ဖေးလမ်းကြားမှာ သနားစရာ ကြောင်ကလေး တစ်ကောင် အဖြစ်နဲ့ သွားတွေ့တယ်ဗျာ။ ပိန်ပိန်လှီလှီ စုတ်ချွန်းချွန်းလေးပေါ့။ ဒါနဲ့ သနားလိုက်တာ ဆိုပြီး ၂ယောက်သား အမေ မသိအောင် အစာတွေ ခိုးခိုးကျွေးရာကနေ ကြာတော့ ကောင်စုတ်လေးက ၀ဖြီးလာရော။ အမေက သိတော့ ကြောင်ကို အိမ်ထဲ မခေါ်နဲ့၊ အစာမကျွေးနဲ့၊ အကျင့်ပါတယ်၊ နင့် အဘိုးနဲ့ အဘွားက ကြောင်ချီးနံ့ ဆို ခံနိုင်တာ မဟုတ်ဘူး ဘာညာ ပွမ်တာပေါ့။ တကယ်တော့ အမေလည်း ကြောင်ဆို အရမ်းချစ်တတ်ပါတယ်။ ဒါပေမယ့် အဘိုးနဲ့ အဘွားက မကြိုက်တော့ မမွေးရဘူးပေါ့။ အဲ့ဒါနဲ့ မီးညောင်ကို အိမ်ထဲ ပေးမခေါ်ရတော့ဘူး။ အဲ့မှာ ပြဿနာက စတာပဲ။ ကြောင်စုတ်လေးက ဒီအိမ်ကို သိပ်ချစ်ပြီး တစ်ချိန်လုံးကို ပြတင်းပေါက်ကနေ ခုန်ခုန်ဝင်လာတာ။ ဘယ်လို နှင်နှင် မသွားဘူး။ ကျနော်နဲ့ မောင်လေး မြင်ရင် ခေါင်းနဲ့ အတင်းကို ၀င်ပွတ်နေတော့တာ။ သူ ၀င်မရအောင် အမေက နောက်ဖေးတံခါးတွေ ပိတ်လိုက်တော့လည်း တံခါးအပြင်မှာ ထိုင်ထိုင်စောင့်နေတာ။ ဒါနဲ့ ကြာလာတော့ အမေလည်း သံယောဇဉ်တွယ်ပြီး သူ့ကို တရားဝင် သန်းခေါင်စာရင်း သွင်းလိုက်ပါရော။ မိသားစုဝင် ဖြစ်သွားတာပေါ့လေ။ ဟဲဟဲ။ အမေက မနက်မနက် ထမင်းချိုင့် ထည့်ပေးဖို့ ပြင်ထားတဲ့ ဟင်းတွေကို အုပ်ဆောင်းဖယ်ပြီး စားပွဲပေါ်က ဟင်းတွေ တက်တက်ပြီး ခိုးစားတာ မီးညောင်ပေါ့။ အမေက ကြောင်စုတ်လေး ကြောင်စုတ်လေး ခေါ်ရင်းနဲ့ မီးညောင်စုတ် ဖြစ်သွားပါရော။
ကြီးလာတော့ ကောင်စုတ်လေးက အငြိမ်မနေဘူး။ ကိုယ့်ထမင်းကိုယ် အေးဆေးစား၊ အေးဆေး မအိပ်ဘူး။ အပြင်လျှောက်သွားပြီး ကြောင်ထီးကြီးတွေနဲ့ ရှုပ်ရှုပ်ရှပ်ရှပ် ပြဿနာတွေ အိမ်ထဲထိ ယူလာတယ်။ ဗိုက်ကြီးပါလေရော။ အို.. ကြောင်ကလေးတွေ မွေးလိုက်တာ မွေးလိုက်တာ ဆိုတာ အိမ်မှာ ကြောင်ဥယျာဉ်တောင် ပြစားလို့ရတယ်။ အဲ့ဒါနဲ့ မဖြစ်ချေဘူး.. ကြောင်ကလေးတွေကို နီးစပ်ရာ ဆွေမျိုးအိမ်တွေကို ပေးပြီး မွေးခိုင်းရတာပေါ့။ ကျနော်နဲ့ မောင်တော်လေးက ဘာရမလဲ။ ကြောင်ဆို သည်းသည်းလှုပ်ဆိုတော့.. မာမားရေ၊ ရဘူး ရဘူး၊ အကုန် မပေးရဘူး၊ တစ်ကောင်ချန်ထားပေး.. ဆိုပြီး မနည်းတောင်းပန်တော့မှ အသေးဆုံး အကောင်လေးကို သနားလို့ဆိုပြီး ချန်ထားခွင့်ရတာ။ ကလေးတွေထဲမှာ အ၀ါပါတယ်၊ အဖြူပါတယ်၊ အနက်ပါတယ်၊ အရောင်စုံ အ၀ါရော အဖြူရော အနက်ရော စပ်ထားတာဆို သူ တစ်ကောင်ထဲပါတော့ "ရောင်စုံလေး" တဲ့ ခေါ်တယ်။ နောက်တော့ ဒီကောင်လေးက ညှက်လွန်းသေးလွန်းလို့ ပြောင်းခေါ်တာ "ပိစိမ" တဲ့။
ပိစိမ ကလည်း သူ့အမေလိုပဲ။ ကလေးတွေ တပြွတ်ပြွတ်မွေးတယ်။ ဒါနဲ့ အမေနဲ့ အဖေက ကလေးမမွေးအောင်ဆိုပြီး ၂ကောင်လုံးကို တားဆေး ပုံမှန်ထိုးပေးတယ်။ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေ ပီသပါပေ့။ ကြောင်ကလေးတွေ ကလေးမွေးရင် အားအရမ်းကုန်တာကိုး။ ကလေးမွေးပြီးရင် ပိန်ညောင်ပြီး အားမရှိတော့ အမေက သနားလို့လေ။ ပိစိမ ကလည်း ဆေးထိုးလိုက်ပြီးမှ ၀ဖြီးပြီး လှလာလိုက်တာ မျက်နှာဆို ဖောင်းအစ်နေတာပဲ။ အမွေးဆို နုလိုက်တာမှ အလွန်။
ပိစိ မမွေးခင်တုန်းကဆို မီးညောင်စုတ်က အိမ်မှာ ကျနော့်ရဲ့ ညဖက် စာကျက်ဖော် စာကျက်ဖက်ပေါ့။ ၁၀တန်းတုန်းက ဒီဇင်ဘာ ဇန်န၀ါရီလပိုင်းတွေ စာကုန်းရုန်းကျက်ရတဲ့ အချိန်တွေလေ၊ ည၂နာရီလောက်ထိ တစ်နေ့စာ တစ်နေ့ မပြီးပြီးအောင် လုပ်ရတယ်၊ ပုံနေတဲ့ စာကြွေးတွေ ထိုင်ရှင်းရတယ်။ ကျနော် တစ်ယောက်ထဲ စားပွဲမှာ အိပ်ငိုက်နေမှာ စိုးလို့ အဖေက ဘေးမှာ ထိုင်စောင့်ပေးတယ်။ ဒါပေမယ့်လည်း ည ၁၂နာရီလောက်ဆို အဖေလည်း ဒေါင်းသွားပြီ။ ဘေးမှာ တခေါခါနဲ့ ဟောက်ပြီး လှဲခွေအိပ်တော့တာ။ သူလည်း တစ်နေကုန် အလုပ်ပင်ပန်းတာကိုး။ အဲ့အချိန်တွေဆို မီးညောင်စုတ်က ကျနော့်ပေါင်ပေါ် တက်လာပြီး ခွေအိပ်တယ်။ ကျနော့်ကို အဖော်လုပ်ပေးတယ်။ ဒီဇင်ဘာ ဆောင်းတွင်း ညဖက်တွေဆို စာကြည့်ခန်းက သိပ်ချမ်းတာ၊ မီးညောင် ပေါင်ပေါ် တက်အိပ်နေရင် နွေးပြီး အရမ်းစာကျက်လို့ကောင်း။ အဲ့လိုပေါ့၊ သူက ကျနော့်ရဲ့ အကောင်းဆုံး စာကျက်ဖော်ပါပဲ။
မနှစ်က အမေက ပြောတယ်။ မီးညောင်ကို လိုချင်တဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ပေးလိုက်တယ်တဲ့။ အိမ်မှာ အီအီးလျှောက်ပါလို့တဲ့။ ပုံမှန်ဆို သူက အရမ်းစည်းကမ်း ရှိပါတယ်။ အိမ်သာထဲမှာပဲ သူ့ကိစ္စသူ ရှင်းတယ်။ နောက်ပိုင်းတော့ အသက်ကြီးလာလို့နဲ့ တူတယ်။ သူ့ကိုယ်သူ သိပ်မထိန်းနိုင်တော့ဘူး။ ဟိုနားဒီနား သွားလာရင်လည်း ခပ်ဖြည်းဖြည်းပဲ။ ခုတော့ ဘ၀တွေ ဘာတွေ ကူးပြောင်းသွားလောက်ပြီနဲ့ တူပါတယ်။ ပြောမရဘူး၊ ကျနော်ချစ်တဲ့ မီးညောင် နတ်ပြည်မှာ နတ်သမီးလေး ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဟီဟီ။
ဒီမှာလည်း တစ်ခါတစ်ခါ ကြောင်ကလေးတွေ တွေ့တယ်။ အရမ်း ချစ်စရာကောင်းတယ်။ ကျွေးတဲ့ မွေးတဲ့လူတွေ များတော့ ၀တုတ်ပြဲနေတာပဲ။ ဒါပေမယ့် ဒီက ကြောင်တွေက ကြီးကျယ်လွန်းတယ်။ ခေါ်ရင် မလာဘူး။ အဖက်လုပ် လှည့်ကြည့်ဖော်လေးတောင် မရဘူး။ ကြောင်ဆို ဘယ်လောက်ပဲ ဆိုးဆိုး၊ မဲလည်း ချစ်တာပဲ၊ ရုပ်ဆိုးလည်း ချစ်တာပဲ။ ပြောရင်းဆိုရင်း ပိစိ နဲ့ မီးညောင်ရေ၊ သတိရလာပြီဟ။ ကျနော် တစ်ခါတလေ တွေးမိတယ်။ ငါ့နှယ်.. အရင်ဘ၀က ကြောင်များ ဖြစ်ခဲ့သလားလို့။ ဒီဘ၀မှာ ကိုယ့်အမျိုး ကိုယ်ပြန်ချစ်နေတာလားလို့။ ပြောမရဘူး ဖြစ်နိုင်တယ်တဲ့ အမေက ပြောဖူးတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပေါ့ နော့်။ ဟီးဟီး။ =D
အမေကြီး မီးညောင်စုတ်
ပိစိမ
ကြောင်ပုံတွေကလည်း အိပ်နေ ငိုက်နေတဲ့ ပုံတွေချည်းပဲလို့တော့ ပြောနဲ့နော်။ သူတို့ကလည်း တစ်ချိန်လုံး အိပ်နေတာကိုးလို့။
ကြောင်ချစ်သူများရော မချစ်သူများပါ ပျော်ရွှင်ကြပါစေ။ :)
ကြယ်ကြွေချိန်ကြောင်ပုံတွေကလည်း အိပ်နေ ငိုက်နေတဲ့ ပုံတွေချည်းပဲလို့တော့ ပြောနဲ့နော်။ သူတို့ကလည်း တစ်ချိန်လုံး အိပ်နေတာကိုးလို့။
ကြောင်ချစ်သူများရော မချစ်သူများပါ ပျော်ရွှင်ကြပါစေ။ :)
No comments:
Post a Comment