ကျနော် ရန်ကုန်မှာ သူငယ်တန်း မတက်ခင် နယ်မှာ နေပါတယ်။ (ပဲခူးတိုင်း၊ သာယာဝတီထဲက သုံးဆယ်မြို့မှာပါ။) နယ်က လူကြီးတွေက ကျနော့်ကို “ထန်းလျက်ခဲ” လို့ခေါ်ပါတယ်။ ဘာလို့ဆို ထန်းလျက်ခဲက ချိုလွန်းလို့တဲ့။ ရန်ကုန်မှာ မူလတန်းအရွယ် ကျောင်းတက်တော့ ဘယ်လိုခေါ်ကြလဲ သေချာမမှတ်မိတော့ပါဘူး။
အဲ.. ၅တန်းလောက်က စလို့ မှတ်မိပါတယ်။ အစုံပါပဲ။ ကျနော့ အိမ်နံမည်က “ချိုချို” ပါ။ အိမ်ကို လာလာဆော့နေကျ သူငယ်ချင်းတွေက ကျောင်းမှာလည်း အဲ့လိုပဲ လိုက်ခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ “ငချို” ဖြစ်သွားရော။ တစ်တန်းလုံးက သူငယ်ချင်းတွေ အကုန်ဝိုင်းခေါ်ကြတာပါ။ နာမည်ရင်းကို ပျောက်ရော။ မှတ်မိပါသေးတယ်။ အဲ့တုန်းက ကျက်ရတဲ့ မြန်မာ့သမိုင်းမှာ ပုဂံဗိုလ်ချို ဆိုတဲ့ (စစ်သူကြီးလား၊ စော်ဘွားလားတော့ မသိပါဘူး) ပုဂ္ဂိုလ်ကြီးအကြောင်း ပါပါတယ်။ ဟော.. အဲ့အချိန်ကစ ကျနော့ နာမည်လည်း “ဗိုလ်ချို” ဖြစ်တာပါပဲ။
နောက်တော့ သမိုင်းမှာ အနော်ရထာ လက်ထက်က ပုဂံခေတ် အရည်းကြီးတွေ အကြောင်း သင်ရပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က ဆရာမ အတန်းထဲမှာ စာမေးမယ်ဆိုပြီး နာမည်ခေါ်လိုက်တော့ ဟောဒီက ကျနော် ကံထူးရှင်မဲပေါက်ပါတယ်။ ထုံးစံအတိုင်း စာကလည်း မရပါဘူး။ အဲ့ဒါနဲ့ သမိုင်းတစ်ချိန်လုံး မတ်တတ်ရပ် ဒဏ်ပေးခံထိပါတယ်။ အဲ့နေ့ချက်ချင်းပဲ ကျနော့် နံမည်လည်း “အရည်းကြီး” တွင်သွားပါတယ် (ကျနော်နံမည် အလယ်တစ်လုံး “ရည်” နဲ့ ဆင်လို့တဲ့လေ.. ငါနော်။)
၆တန်းကျတော့ အတန်းခေါင်းဆောင် လုပ်ရပါတယ် (အဲ့တုန်းက မတည့်တဲ့ ဘော်ဒါတစ်ဖွဲ့လုံးက ဆရာမကို ၀ိုင်းထောင်တာ ကျနော် ခေါင်းဆောင် လုပ်လိုက်ရတယ်။ ဟွန်း ကြည့်လို့ကိုမရဘူး ချီးထုပ်တွေ။ သည်းခံပါ ခမျာ။) အဲ့ကျတော့ မော်နီတာမို့လို့ “မော်ကြီး မော်ကြီး” ခေါ်ရာကနေ “ချိုကြီး” တဲ့.. ဖြစ်သွားကြပြန်ရော။ ကျူရှင်က တီချယ်ကတော့ တစ်မျိုး။ “ပွင့်လေး” တဲ့။ အဲ့အချိန်တုန်းက သရုပ်ဆောင် ပွင့် ကြော်ငြာတွေမှာ စပါတဲ့ အချိန်ပါ။ ကျူရှင်မှာ တီချယ် အဲ့နံမည်ခေါ်တိုင်း သူငယ်ချင်းတွေ ၀ိုင်းဟားကြပါတယ်။
၇တန်းကျတော့ ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ အရမ်းတွဲဖြစ်ပါတယ်။ ကျနော်တို့ ၂ယောက်လုံးက သွားလည်းတူတူ၊ စားလည်းတူတူ၊ နောက်ဆုံး အိမ်သာသွားတောင် တူတူသွားကြတာ။ အဲ့လောက်ထိ ချစ်ကြတာ ဟီးဟီး။ အဲ့ကောင်မလေးကလည်း အတန်းထဲမှာ ဗရုတ်ဆိုတော့ ကျနော်တို့ ၂ယောက်ကို သမုတ်ကြပြန်ပါတယ်။ “ငပိရည် နဲ့ တို့စရာ” တဲ့ (ကျနော်က တို့စရာ ပါ။)
၈တန်း ကျနော့် မွေးနေ့တစ်ရက်ပေါ့။ ၁၂လမ်းက ဒေါ်ချို မုန့်ဟင်းခါးဆိုင်မှာ ဘော်ဒါတွေကို မုန့်လိုက်ကျွေးရာကနေပြီး “ဒေါ်ချို” နာမည် တွင်သွားပြန်ပါတယ်။ မှတ်မိပါသေးတယ်။ ၈တန်းတုန်းက ကျောင်းက ဘင်ခရာအဖွဲ့မှာ ပါတော့ အဖွဲ့ထဲက အစ်မကြီးတွေပါ လိုက်ခေါ်ကြတာ “ဒေါ်ချို” တဲ့။
၉တန်းကျတော့ ချိုပြုံး သီချင်းတွေ ပါတဲ့ အယ်လ်ဘမ် တစ်ခွေထွက်ပါတယ်။ ကြားဖူးလားတော့ မသိပါဘူး။ အဲ့ထဲက နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်က “ဘိုင်စကုပ်ထဲက မချို၊ သီချင်းတွေဆိုတဲ့ မချို၊ မချို~~~~” တဲ့။ ကျောင်းက Physics ဆရာမကလည်း အဲ့သီချင်း အမြဲဆိုပါတယ်။ အဲ့ကစလို့ တွင်သွားပြန်တာ “မ,ချို” တဲ့လေ။
၁၀တန်းမှာ လူက ပိုပြီး ယောက်ကလျာ ပုံပေါက်လာပါတယ် (ဘော်ဘော်တွေက ပြောတာပဲ)။ ၈တန်းလောက်ထိ ထားတဲ့ ဆံပင်ရှည်ကို ဘင်ခရာပါဖို့ ဖြတ်ပစ်လိုက်လို့ပါ (ကျောင်းမှာ ဘင်ခရာအဖွဲ့ဝင်ချင်ရင် ဆံပင်အတိုပဲ ထားရပါတယ်။ အင်မတန် ကြိုက်တဲ့ ဆံပင်အရှည်ကို ဖြတ်လောက်တဲ့အထိ ဘင်ခရာကို ရူးခဲ့တာပါ။) အဲ့ဒါနဲ့ပဲ “နင်က မချို နံမည်နဲ့ မလိုက်ဘူး။ မောင်ချို လို့ ခေါ်မယ်တဲ့” ဖြစ်ကြပြန်ရော။ အဲ့ “မောင်ချို” နာမည်ကနေ အဆင့်ဆင့်ပြောင်းသွားလိုက်တာ ခင်သူမင်သူ တစ်ချို့က “ကိုချို” သို့မဟုတ် “ကိုကြီးချို” လို့ခေါ်ကြပါတယ်။ အော်... လှလိုက်ကြတဲ့ နံမည်တွေ။ =D
ဟော .. အခု ဒီမှာကျတော့ ကျောင်းမှာ ခေါ်ကြတာ “မိချို” တဲ့။ အဲ့နာမည်ကတော့ ကျောင်းက Project တစ်ခုနဲ့ ထောက်ကြံ့မြို့နယ်၊ နွယ်ခွေကျေးရွာက မိဘမဲ့ နွမ်းပါးတဲ့ ကလေးလေးတွေကို ၁၄ရက်ကြာ စာသွားသင်ပေးရတုန်းက ကိုယ့်ကိုယ်ကို ပေးထားတဲ့ နံမည်ပါ။ ကလေးတွေနဲ့ မိတ်ဆက်ခိုင်းတော့ သူတို့လို ရွာဆန်ဆန် နံမည်လေးတွေနဲ့ ဆင်တူသွားအောင်လို့ စဉ်းစားပြီး လွှတ်ခနဲ ပြောလိုက်မိတာ၊ အခုထိ ကျောင်းမှာ တွင်သွားပါရော။ ကလေးတွေ ခေါ်တာက “မမမိချို” တဲ့။ =D
ကျနော် သေချာမမှတ်မိတော့တဲ့ နံမည်တွေလည်း ရှိပါသေးတယ်။ တစ်ခါတလေ တော့လည်း ကျောင်းမှာ ၀ုန်းဒိုင်းကြဲ ဗရုတ်ကျခဲ့တာတွေ သတိရမိပါသေးတယ်။ လသာ၂မှာ အမှတ်တရတွေ အများကြီးပေါ့။ ၅တန်းတုန်းက အကကျင့်တဲ့အဆောင် အပေါ်ဆုံးထပ် (မဖဲဝါ ညတိုင်း လာလာတီးတယ်ဆိုပြီး နံမည်ကြီးတဲ့ စန္ဒရားကြီး ရှိတဲ့အထပ်ပေါ့) မှာ ကုလားမစီးနင်းတန်းဆော့ပြီးခုန်ကြတာ အောက်ထပ်က ဆရာမက အပေါ်တက်လာပြီး ဆူပါတယ်။ အောက်ထပ်မှာ သဲတွေကျလို့တဲ့ ဟီးဟီး =D ။
ခုလက်ရှိနံမည် “မိချို” လည်း ဘယ်တော့ ပြောင်းဦးမလဲ မသိပါဘူး။ =D
ကြယ်ကြွေချိန်
call kyelkywaichain ...
ReplyDelete