Monday, February 14, 2011

ကျနော့ တစ်နေ့တာ 14.2.11 (Mon)

ဒီနေ့ အတန်းထဲမှာ ကျနော် အတော်စိတ်ထိခိုက်ခဲ့ရပါတယ်။ Business, Government and Society (BGS) အတန်းပါ။ ဆရာက စင်္ကာပူ နိုင်ငံစီးပွားရေး အကြောင်း ပြောရင်းနဲ့ ကျနော့ကို “မင်းတို့ မြန်မာနိုင်ငံ စီးပွားရေးကရော ဘယ်လိုလဲ” လို့မေးပါတယ်(ကျနော်က အတန်းထဲမှာ တစ်ဦးတည်းသော ရွှေမြန်မာပါ)။ မေးပြီးတော့မှ သူ့ဟာသူ ရယ်ပြီး “အိုး.. မြန်မာနိုင်ငံဆိုတာက စီးပွားရေးလုပ်လို့မှ မရတဲ့ နိုင်ငံပဲ။ တစ်နိုင်ငံလုံးက သုညပဲ” လို့ ပြောပါတယ်။ သူက ရယ်ရင်းပြောတော့ တစ်တန်းလုံးကလည်း တဟားဟားနဲ့ ၀ိုင်းရယ်ကြပါတယ်။

ကျနော် ရုတ်တရက် ဘယ်လို ခံစားသွားရမှန်း မသိပါဘူး။ စိတ်ထဲမှာ ဒေါသလည်းထွက်၊ မျက်နှာ တစ်ခုလုံး ရှိန်းပူ နေပါတယ်။ ကျနော် မနေနိုင်ဘဲ ပြန်ပြောမိပါတယ်။ ဒေါသက ထောင်းခနဲ ထွက်သွားလို့ လေသံက နည်းနည်းများ မာသွားလား မသိပါဘူး။ မျက်ရည်တောင် ၀ဲချင်ချင် ဖြစ်သွားပါတယ်။ ကျနော့ မျက်နှာထားလည်း ဘယ်လို ရှိနေမလဲ မသိပါဘူး။ “ဆရာ အရမ်းလွန်သွားပါပြီ။ ဒီလိုပြောတာ Discrimination သဘော သက်ရောက်နေပြီလို့ ထင်ပါတယ်။ ဒီလို ပြောတာ မြန်မာလူမျိုးတွေရဲ့ တန်ဖိုးကို ဆွဲချသွားသလိုပါပဲ။ မြန်မာလူမျိုးတွေမှာ ...” ကျနော်ပြောနေရင်းနဲ့ ဆရာက ပြာပြာသလဲ “အိုး... ဆောရီးပါ... ငါက အစိုးရကို ဆိုလိုတာပါ။ မြန်မာလူမျိုးကို စော်ကားလိုတဲ့ သဘောမဟုတ်ပါဘူး” လို့ ချက်ချင်းပြန်တောင်းပန်ပါတယ်။ နောက်တော့ ဆက်ပြီး “ငါဆိုလိုတာက ဒီအစိုးရကြောင့် နိုင်ငံထဲက ပြည်သူတွေ ငတ်မွတ်ကြတယ်။ ပညာမတတ်ကြဘူး။ ကြိုက်တဲ့မြန်မာကို သွားပြော၊ ဟုတ်ပါတယ်လို့ ခေါင်းညှိမ့် သဘောတူမှာပဲလေ ဟုတ်တယ်မှတ်လား” လို့ပြောပါတယ်။ ကျနော်က “ဟုတ်ပါတယ်။ ဒါပေမယ့် အစိုးရ ဘယ်လောက်ဆိုးဆိုး ကျနော်တို့ရဲ့ စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါဘူး။ ကျနော် နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် အခု ဒီအတန်းထဲမှာ ပြောမှကိုဖြစ်ပါမယ်။ ကျနော်တို့ နိုင်ငံ ပြန်ခေါင်းထူလာနိုင်ဖို့ ကျနော်တို့ အမြဲတမ်း ကြိုးစားနေမှာပါပဲ” လို့ ပြန်ပြောမိပါတယ်။

ဒီ BGS အတန်းထဲမှာ မြန်မာပြည်အကြောင်း ပြောတာ ပထမဆုံး အကြိမ်လည်း မဟုတ်ပါဘူး။ အကောင်း တစ်ခုမှလည်း မပါခဲ့ဖူးဘူး။ The most corrupted government (ခြအစားဆုံး အစိုးရ)လို့ ဆိုလိုက်ရင် မြန်မာကိုပဲ တန်းပြောကြပါတယ်။ ကျနော် အရမ်းဝမ်းနည်းမိပါတယ်။ နောက်အတန်းပြီးတော့ ကျနော် ဆရာ့ကို သွားတောင်းပန်ခဲ့ပါတယ် “ဆရာ ကျနော် အခုနက အတန်းထဲမှာ ရိုင်းပြသွားရင် ခွင့်လွှတ်ပါ။ ကျနော့် နိုင်ငံကို ထိပါးပြောဆိုလာတယ်လို့ ယူဆမိလို့ ကျနော် ရုတ်တရက် တုန့်ပြန်မိတာပါ။ ဘာကိုမှ မရည်ရွယ်ပါဘူး ဆရာ။” အဲတော့ ဆရာက “ငါမင်းတို့ လူမျိုးတွေရဲ့ သတ္တိကို အသိအမှတ်ပြုပါတယ်။ လေးလည်းလေးစားတယ်။ မင်းတို့ရဲ့ နိုင်ငံချစ်တဲ့စိတ်ကိုလည်း အရမ်းသဘောကျပါတယ်။ တကယ်လို့ ငါသာ မင်းနေရာမှာဆိုလည်း ဒီလိုပဲ တုန့်ပြန်မိမှာပဲလေ။ No problem ပါ။ မင်းရဲ့ ရဲရင့်မှုကို မြင်လိုက်ရလို့လည်း ကျေနပ်ပါတယ်။” လို့ ပြန်ပြောပါတယ်။

ဒီနေ့ကတော့ ကျနော့ရဲ့ အမှတ်ရစရာနေ့တစ်နေ့ပါပဲ။ ဒီပို့စ်လေးကို အတန်းမပြီးသေးခင် break time မှာပဲ
ကျနော် မအောင့်အည်းထားနိုင်တော့လို့ ချက်ချင်း ချရေးလိုက်တာပါ။ ဘယ်လိုပဲ ဖြစ်နေနေ အခုနက ကျနော်ပြောခဲ့တာတွေ လုံးဝမမှားဘူးလို့ထင်ပါတယ်။

ကြယ်ကြွေချိန်

4 comments:

  1. I would have reacted the same or even more.Nice Mi Cho :)

    ReplyDelete
  2. True, you're definitely on the right stand.
    I was busted the other day too.

    ReplyDelete
  3. I think it is a nice response. Thanks from me ... really touched and still trembling about that

    ReplyDelete
  4. That's how i argued with the prof in my BGS class back three years ago... Nice one yo~~!

    ReplyDelete

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...