Tuesday, September 21, 2010

ကျန်ရစ်သူ၏ နောင်တ

ကျွန်တော် ပထ၀ီ ဒုတိယနှစ်...

ကျွန်တော် မသိလိုက် မသိဘာသာ ဥပေက္ခာပြုကာ ကျော်ဖြတ်ခဲ့သော ပထမနှစ်၏ လျှို့ဝှက်ချက်ကို ယခု ဒုတိယနှစ် ရောက်မှ ကျွန်တော် သေချာသိလိုက်ရသည်။ ဤသည်မှာ အခြားမဟုတ်။ ကျွန်တော် သူမကို ချစ်နေမိပြီ။ ချစ်ခဲ့သည်ဟု ပြောလျှင်ပိုမှန်ပါမည်။ ယခုထက်ထိလည်း ချစ်နေဆဲ။ သူမကား ကျွန်တော်၏ အချစ်ဦး။ အပေါ်ယံ လျှာအရသာတွေ့ရုံ ပြောခြင်းလည်းမဟုတ်။ ကျွန်တော်၏ ဘ၀တစ်သက်စာနှင့်ရင်းကာ ရခဲ့သော သင်ခန်းစာအပေါ်အခြေခံ၍ ပြောရခြင်းဖြစ်ပါသည်။ သူမ ကား ကျွန်တော်၏ နှလုံးသားအောက်ခြေမှ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေသော ခြေရာပိုင်ရှင်လေး ဖြစ်ချေတကား။ တကယ်ဆိုလျှင် ကျွန်တော် အမှန်တကယ် ပိုင်ဆိုင်ခွင့် မရခဲ့သော ခြေရာပိုင်ရှင်လေးဟု ပြောရလျှင် ပိုမှန်မည်ဟုထင်ပါသည်။

ပထမနှစ်။

ကျောင်းဖွင့်ပြီးသိပ်မကြာသေးခင်ပင် ကျွန်တော် သူမကို သတိထားမိလာသည်။ ကျွန်တော်တို့အတန်းနှင့် သိပ်မလှမ်းလှသော ဘူမိဗေဒ အတန်းမှ ဣနြေ္ဒရှင်လေးတစ်ဦး။ သူမ ကား ကျောင်းတော်၏ အချောအလှစာရင်းတွင် မပါ။ သူသူငါငါ ဖြူဖြူဝါ၀ါ ထဲက ရွက်ကြမ်းရေကျို သာမန်မိန်းကလေးတစ်ယောက်သာ။ ထို ရိုးရှင်းလှသော မဟာဆန်သူလေးကပင် ကျွန်တော်၏အတွေးကမ္ဘာထဲဝယ် စားကျက်ဖြန့်နေခဲ့သည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပါပြီ။ မိန်းကလေး၏ ဆေးမခြယ်သော အဖြူသက်သက် အေးဆေးတည်ငြိမ်လှသော မျက်နှာသွယ်သွယ်လေးကို အမြဲငေးချင်နေမိသည်။ သူမ၏ မျက်တောင်ရှည်များကို နှစ်ခြိုက်မိသည်။ ဆေးမဆိုးသော နှုတ်ခမ်းစုံကို နှစ်လိုသည်။ ကျောတွင် ဖြန့်ကာချထားသော ဆံနွယ်နက်နက်ကို နမ်းရှိုက်ချင်မိသည်။ ကတီပါဖိနပ်ပါးလေးနှင့် သွယ်သွယ်လျလျ ကိုယ်ဟန်လေးက ကျွန်တော်၏ အင်ပါယာထဲက နတ်သမီးလေးတစ်ပါး ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ သို့သော် ဘာကြောင့်မှန်း ကျွန်တော်နားမလည်ခဲ့...

မိန်းကလေး၏ နာမည်ကား "နွယ်"။ သို့ပေမင့် "နွယ်"ဟု ကျွန်တော် အမည်တပ်ခေါ်ခွင့် ကျွန်တော့်တွင် မရှိသေးဟု ထင်ပါသည်။ ကျွန်တော့်မှာ မိန်းကလေး၏ ညှို့ချက်ပြင်းကို ခံရပြီးသည့်နောက် အဆိပ်မိထားသော ကြွက်တစ်ကောင်အလား တစ်ခါတရံ အသိစိတ်မရှိဘဲ မသိစိတ်က စေခိုင်းရာကို လိုက်လျောနေမိတတ်သည်။ ဒီလိုနှင့် ကျွန်တော်တစ်ယောက် တနင်္လာမှ သောကြာ ကျောင်းဖွင့်ရက်များဆို ကျောင်းရှေ့ဝင်ပေါက်မှာ ယောင်လည်လည်နှင့် သူမအလာကို ညောင်ပင်နောက်က ရပ်စောင့်နေမိသည်။ သူမ တော့ မသိ။ ကျွန်တော်၏ အပေါင်းအသင်းတစ်သိုက်ကတော့ ကျွန်တော့်အား ရုက္ခစိုး ဟုပင် နာမည်ပြောင် မှည့်ပြီးချေပြီ။ မိုးရွာသည့်နေ့များဆို ဘတ်စ်ကားမှတ်တိုင်တွင် သူမအလာကို မျှော်တော်ယောင်ရပေါင်းမနည်းတော့။ သူမ ကျောင်းမတက်သည့်နေ့များဆို ကျွန်တော့်မှာ နေမထိထိုင်မသာ။ ဘာလိုနေမှန်းမသိ။ စိတ်သွားတိုင်းကိုယ်မပါ။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်ဆို ဟာတာတာကြီး။ "ဟေ့ကောင်... စောကြီး... မင်းငိုင်လှချည်လား" ဟု အပေါင်းအသင်းများက တံတောင်တွတ်မှ ကျွန်တော်ကိုယ့်ကိုယ်ကို သတိထားမိချေသည်။ ဪ... အာဏာပြင်းလှချည်လား မိန်းကလေးရယ်...

စာကြည့်စားပွဲတွင်ထိုင်တိုင်း ကျွန်တော်၏ စိတ်အစဉ်ကို လွှမ်းမိုးထားသော မိန်းကလေး၏ အမည်ကို အကြောင်းမဲ့ ရေးခြစ်နေမိသည်။ အင်မတန် အအိပ်မက်သော ကျွန်တော်... ယခုဆို အိပ်မပျော်သော ညများ ရှိလာသည်။ တစ်ခါတရံ အိပ်မက်ထဲလည်း သူမကို မြင်ယောင်သည်။ ကျွန်တော့်မှာ စားလည်းဒီစိတ် သွားလည်းဒီစိတ်။ ဪ... ကျွန်တော် သူ့ကို ချစ်မိနေပါပေါ့လား။ ဒီလိုနှင့် အရင်က တစ်ခါမျှပင် မလုပ်ဖူးသော အလုပ်များပင် လုပ်မိတတ်လာသည်။ ထိုညက ကျွန်တော် စွဲစွဲမှတ်မှတ် ချလိုက်ခဲ့သော ဆုံးဖြတ်ချက်။ မနက်ဖြန် ဖွင့်ပြောမည်ပေါ့....

သို့ပေမင့် ကျွန်တော့်အကြံအစည်တွေ မအောင်မြင်။ ကျွန်တော့်မှာ သူမကို ဖွင့်ပြောဖို့နေနေသာသာ။ မျက်နှာချင်းဆိုင်ထိုင်၍ပင် စကားမပြောဖူး။ သူမကို မနက်တိုင်း ကျောင်းရှေ့မှာစောင့်သည်။ မှန်၏။ သို့ပေမင့် တစ်ကြိမ် တစ်ခါမျှ မျက်လုံးချင်းပင် စကားမပြောဖူး။ အခွင့်အရေးသမား မဟုတ်သောကျွန်တော်သည် အချို့အချို့သော ယောကျာ်းလေး သူငယ်ချင်းများလိုလည်း အတင်းဝင်မရောတတ်။ ကျွန်တော်သူမကို တန်ဖိုးထားသည်က တစ်ကြောင်း၊ ကျွန်တော့်ကြောင့် သူမ အခက်အခဲ အကျပ်အတည်းရောက်မည်ကို မလိုလားသည်က တစ်ကြောင်း၊ အဝေးကပင် အမြဲ စောင့်ကြည့်နေခဲ့သည်။ သူမကား ဒါတွေကို မသိရေးချ မသိ။ အကြောင်းမှာ ကျွန်တော် ကိုယ်ရောင်ဖျောက်တော်ခြင်းကြောင့်သာ။ ဤတော်ချက်ကို ကျွန်တော် ကျေးဇူးတင်ရ မည်လား၊ အပြစ်တင်ရမည်လားပင် မသိတော့။ မည်သို့ပင်ဆိုစေ ကျွန်တော့်ကို သူမ သတိထား မိစေချင်သည် ကိုတော့ ၀န်ခံပါသည်။

ကျွန်တော့်အဖြစ်ကား မိုးတွင်းကာလပွင့်သော နေကဲ့သို့ပင် တူနေချေသည်။ မိုးအုံ့သောအချိန်ဆို ပွင့်ရမည်လော ပုန်းရမည်လော မရေရာသော ပြူတစ်တစ်နေမင်းကဲ့သို့ပင်။ အကြောင်းမှာ ကျွန်တော် သူမကို ချဉ်းကပ် ဖွင့်ပြောမည်ကြံလိုက်တိုင်း သူမ အတန်းရှေ့ရောက်လျှင် ယမန်ညက တင်းထားခဲ့သော အားအင်များ ယိုင်နဲ့ရသည်ချည်းသာ။ သူမအကြည့်တစ်ချက်ဝေ့တိုင်း ကျွန်တော်ရှုံးနိမ့်သည်။ သူမ၏ မဟူရာ မျက်ဝန်းစုံ အောက်မှ ကျွန်တော်ရုန်းမထွက်နိုင်တော့။ ရွှံ့ဗွက်အိုင်ထဲ နစ်နေသော လှည်းဘီးကို တစ်ကိုယ်တည်း ရုန်းနေရသော နွားပိန်ပိန်အလား ပမာတူချေသည်။ ဪ... ညှို့မျက်ဝန်းဆိုတာဒါကိုး ဟု သဘောပေါက် သွားခဲ့သည်။ ကျွန်တော်၏ ယောကျာ်း သတ္တိများ ဘယ်ရောက်ကုန်ပြီနည်း။

ဤသို့ဖြင့် ပထမနှစ်စာမေးပွဲကြီး ပြီးဆုံးကာ နွေရာသီကျောင်းပိတ်ရက် ဆိုက်မြိုက်ရောက်လာပြီ။ သို့သော် ကျွန်တော်မပျော်။ ကျွန်တော်မြတ်နိုးရသော မိန်းကလေးကို ကျွန်တော် လေးလတာ လွမ်းနေရချိမ့်မည်။ ဇူလိုင်လ မိုးဖွဲရွာတိုင်း သူမအလာကို ဘတ်စ်ကားမှတ်တိုင်တွင် မျှော်တော်ယောင်ခဲ့ရသည်ကို သတိရမိသည်။ လွမ်းသည်။ လွမ်းသည်။ ကျွန်တော်၏ အားအင်သစ်များကို ပြန်လည်ရှာဖွေတွေ့ရှိသွားသော တစ်ည။ ကျွန်တော် အားတင်း လိုက်မိသည်။ ကျောင်းပြန်ဖွင့်လျှင် ကျွန်တော့်မိန်းကလေးကို ချစ်ကြောင်း ဖွင့်ပြောတော့မည်။ ကျွန်တော်၏ “နွယ်” အဖြစ် ရယူပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းတော့မည်ပေါ့...

ဒီလိုနှင့်...
ဒီလိုနှင့်...

လေးလတာခွဲခွာခဲ့ရသော ကျောင်းတော်ကြီးသို့ ပြန်လည်ခြေချလိုက်သည်နှင့် ကျွန်တော့်အတွေးထဲ အရင်ဆုံး ပြေးဝင်လာသည်က ကျွန်တော် လေးလတာလုံး နေ့ညမပြတ် တမ်းတခဲ့ရသော မိန်းကလေး။ ကျွန်တော်၏ ပထမဆုံး ဦးတည်ချက်က သူမ၏ ဘူမိဗေဒ လက်တွေ့ခန်း။ ကျွန်တော် အတန်းထဲ တစ်ချက် ဝေ့ရှာလိုက်သည်။ သူမ မရောက်သေး။ သို့နှင့် စောင့်နေကျ ကျောင်းရှေ့အ၀င်ဝရှိ ညောင်ပင်ဆီသို့ ပြန်လှည့်ခဲ့သည်။ ကျွန်တော့်ရင်ဘတ်ကြီး တဒုတ်ဒုတ်ခုန်နေသည်။ ကျွန်တော် မည်မျှ စိတ်လှုပ်ရှားနေသည်ဟု မမေးနှင့်။ ကြောင်တောင်တောင်နှင့် အုန်းဆီအပြည့်လူးထားသော စေးကပ်ကပ် ဆံကို အကြောင်းမဲ့ သပ်တင်နေသည်မှာ လက်ဖ၀ါးပင် စေးကပ်လာချေပြီ။ ယောင်နနနှင့် လက်သည်းပင် ကိုက်နေမိသည်။ လူတစ်ကိုယ်လုံးလည်း အားအသွင်းလွန်ကာ စာခြောက်ရုပ်ကြီးပမာ တောင့်တင်းနေချေပြီ။ လာပါတော့ မိန်းကလေးရယ် ...

ဟော... ကားဖြူလေးတစ်စီး ကျောင်းဝင်းထဲ ဖြည်းညင်းစွာ လိမ့်ဝင်လာသည်။ ကျွန်တော့်မှာ မျှော်လင့်တကြီး ကားမှန်လေးထဲသို့ ခိုးအကြည့် ... ရုတ်တရက်မြင်လိုက်ရသော ပုံရိပ်လေးကြောင့် ကျွန်တော့်မျက်လုံးများ ပြူးကျယ်သွားရသည်။ ဟုတ်ပါသည်။ ကျွန်တော့်မိန်းကလေး ရှေ့ခန်းမှာ။ သူမှ သူအစစ်။ ကျွန်တော် စပ်စုခြင်း၊ စိုးရိမ်ခြင်းများစွာနှင့် တစ်ဖက်ထိုင်ခုံသို့ ကဲကြည့်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော့် မျက်နှာကြီး ဖရိုဖရဲဖြစ်နေမည်မှာ သေချာပါသည်။ ကားမှန်တင်ထားသဖြင့် သေချာမမြင်ရသော်လည်း ရုပ်ရည် သန့်ပြန့်သည်ဟု ထင်ရသော အမျိုးသားတစ်ဦးဟု ကောက်ချက်ချနိုင်သည်။ ဘုရား...ဘုရား... သူမ အစ်ကို သို့မဟုတ် ဦးလေးပဲ ဖြစ်ပါစေတော့။ ကျွန်တော့် ရင်ဘတ်ကြီးထဲ ကုလားဘုရားပွဲလှည့်နေသလို တဒုန်းဒုန်း ဆူညံတုန်လှုပ်နေသည်။ ကားဖြူလေး ပေါ်တီကိုအောက်ထိုးရပ်ပြီးနောက် ထိုအမျိုးသားက ဆင်းလာပြီး မိန်းကလေးကို ကားတံခါး ဖွင့်ပေးလှည့်သည်။ မိန်းကလေးမှာ အသာအယာဆင်းလာပြီးနောက် အင်မတန် နှစ်လိုဖွယ်ကောင်းသော အပြုံးလေးနှင့် အမျိုးသားကို “မောင်...လာလေ... သွားရအောင်” ဟု ပြောပြောဆိုဆို လက်ချင်းချိတ်ကာ အသာအယာ ကျောင်းထဲဝင်သွားကြသည်။

ကျွန်တော့်မှာ ဖြေမဆည်တော့။ လူတစ်ကိုယ်လုံး ပျော့ခွေ တုန်ယင်ကာ ဗြုန်းခနဲ ရှိုက်ကြီးတငင် ထိုင်ငိုချင်စိတ်များ ပေါက်လာသည်။ ငယ်ငယ်တုန်းကလို ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချပြီး တ၀ါးဝါး အာခေါင်ခြစ်အော်ငိုပါက မျက်ရည်မကျသည့်တိုင် တစ်ယောက်ယောက်က ချိုချဉ်လာကမ်းပြီး တိတ်...တိတ် ဟု လာချော့ကြပေဦးမည်။ ခုတော့ ဒီအသက်နှင့် ဒီလူ ဒီနေရာမှာ ဒီအတိုင်း ထိုင်ငိုပါက မြန်မာ့ရုပ်မြင်သံကြား ခေါင်းကြီးပိုင်းတွင်ပင် ပါသွားဦးမည်။ ထို့ပြင် ချစ်ရသောသူ သူများနောက်ပါသွားလို့ ဟူသော ကျွန်တော့် အကြောင်းပြချက်ကို ကြားနာရပါက ပို၍ပင် အော့ကြောလန်ကြပေဦးမည်။ ကံအကောင်းလွန်ပါက မေတ္တာလက်ဆောင်အဖြစ် နည်းတောင်နည်းသေးတယ်ဟုပင် ထောပနာ ပြုသွားကြချေဦးမည်။ ဪ ... ကျွန်တော့်မိန်းကလေး ... ကျွန်တော့်မိန်းကလေး ... ကျွန်တော် သရဲဘောကြောင် သတ္တိနည်းခဲ့၍ ခုတော့ ကြားဖြတ်ခုတ်ခံလိုက်ရပြီ။ ခုတော့... ခုတော့... ကျွန်တော်၏ ကိုယ်တိုင်ရေး အချစ်ဝတ္ထု ဇာတ်သိမ်းခန်း ရောက်ပေပြီ။ အခြားအခြားသော အချစ်ဝတ္ထုတွေလို မင်းသားနှင့် မင်းသမီး ပေါင်းကြလေသတည်းလို့တော့ မဟုတ်။ ကျွန်တော် တစ်ခန်းရပ်ခဲ့သည်များ များလွန်းခဲ့၍ ကျွန်တော့် မိန်းကလေး ပါသွားလေပြီ။ ဪ... စောကြီး... စောကြီး... ၀ဋ်ရှိသမျှတော့ ခံပေဦးပေါ့ကွာဟု ဖြေသိမ့်လိုက်ချင်ပါသည်။ တကယ်တမ်းတော့ အဖြစ်မှန်က ကျွန်တော် ကျူးလွန်ခဲ့သည့်မိုက်ပြစ် အတွက် အပြစ်ဒဏ်ဟုပင် ဆိုရပါမည်။ မိန်းကလေး၏ နူးညံ့ ကျော့ရှင်းလှသော နောက်ကျောပြင်ကို ငေးမောရင်း ရင်နာခြင်း၊ လွမ်းဆွေးခြင်း၊ ပူလောင်ခြင်း၊ နှမြောတသခြင်း အစရှိသော ခံစားချက်ပေါင်းစုံ တပြိုင်နက်တည်း ကျွန်တော့်ဆီ ဆိုက်ရောက်လာသည်။ အေးစက်စက် ပါးပြင်ပေါ် တရကြမ်း ခုန်ပေါက်ဆင်းလာသော ပူနွေးနွေးမျက်ရည်စက်များက တီးတိုးညည်းနေကြသည်မှာ.. ဘာတဲ့... ကျွန်တော် အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့လေပြီ။

ဤအဖြစ်အပျက်မှ ကျန်ရစ်သူ ကျွန်တော့်မှာ နောင်တ သာမက ခိုင်မာသော ဘ၀သင်ခန်းစာတစ်ခုပါ ရလိုက်သည်။ ကိုယ်ချစ်ရသောသူကို တန်ဖိုးထားကြောင်း ဖွင့်ပြောရန် ဘယ်တော့မျှ နောက်မတွန့်လေနှင့် လို့။ ဟောဒီက ကျွန်တော် ကျန်ရစ်သူကြီး၏ ပထမနှစ် အတွေ့အကြုံ သာဓကမှာ မိတ်ဆွေတို့အတွက် အတိုင်းထက်အလွန် လုံလောက် သော သာဓက ဖြစ်တန်ရာ၏ ဟု မျှော်လင့်ရင်း နှောင်းနောင်တကို ရင်ဝယ်ပိုက်လျက် ...

ကြယ်ကြွေချိန်

Saturday, September 18, 2010

မိတ်ဆွေ...

မိတ်ဆွေ...

ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရလို့ စိတ်ဓာတ်ကျနေပြီလား ...
တာဝန်ဝတ္တရားတွေ အရမ်းများလို့ စိတ်ပင်ပန်းနေပြီလား ...
ချစ်သူက ထားရစ်ခဲ့လို့ ကိုယ့်ကိုယ်ကို စိတ်ကုန်နေပြီလား ...

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်...
ဘယ်လိုအခြေအနေမျိုးပဲ ကြုံရပါစေ...
မင်း မှတ်ထားရမှာက
မင်း ဘ၀ ခုမှစတာ။
မင်း ရှေ့ဘ၀ တက်လမ်း အရှည်ကြီး ရှိသေးတယ်
မင်း ဒီလောက်လေးနဲ့ စိတ်ပျော့ညံ့နေရင် ဘယ်လို ရှေ့ဆက်မှာလဲ။

ကျဆုံးတယ်ဆိုတာ အောင်မြင်ခြင်းရဲ့ အနီးဆုံးအမှတ်ပဲ
ဘုရားသခင်က ပေးတဲ့ တဒင်္ဂတာ အကြိုအောင်မြင်ခြင်းလို့ပဲ အောက်မေ့ပါ။

တာဝန်ဝတ္တရားတွေဟာ ဘယ်တော့မှ မပြီးဆုံးနိုင်ဘူးလို့ မင်းညည်းကောင်းညည်းနေမယ်
ဒါတွေဟာ နောင်တစ်ချိန် ဘယ်တော့မှ ပြန်လုပ်ခွင့် မရနိုင်တော့မယ့် ကောင်းချီးတွေလို့ပဲ ထင်မှတ်ပါ။

ချစ်သူက ထားခဲ့လို့ စိတ်ဓာတ်အကျကြီး ကျတယ်ဆိုတာ အင်မတန်ကို ကလေးဆန်ပါတယ်
မင်းကို ထားခဲ့တဲ့ချစ်သူကို မင်း မုဒိတာပွားနိုင်တဲ့ တစ်နေ့ မင်းတကယ် ရင့်ကျက်ပြီ။

ဒီတော့...
ကိုယ့်ပတ်ဝန်းကျင်က အရာတွေအပေါ် ဘာကိုမှ အစွဲအလမ်း မထားဘဲနဲ့ ရှေ့ဆက်ပါ။
လုပ်စရာရှိတာတွေကို အကောင်းဆုံး (ကိုယ်အတတ်နိုင်ဆုံး) အမြဲလုပ်ပါ။
မင်းအစွမ်းကုန် ကြိုးစားခဲ့တဲ့အတွက် ရလဒ်တွေက မင်းကို စိတ်ကျေနပ်မှု ရစေလိမ့်မယ်။

ကိုယ် စိတ်ထိခိုက်စေမယ့် အရာတွေကို ဘယ်တော့မှ မတွေးပါနဲ့၊ မလုပ်ပါနဲ့၊
ဒီအရာတွေက ကိုယ့်ကိုယ်ကို ဒုက္ခပေးသလို ဖြစ်စေတယ်။
နေ့တိုင်း စိတ်ဓာတ်ရင့်ကျက်စေမယ့် စာတွေဖတ်ပါ။
စိတ်ချမ်းသာစေမယ့် အတွေးကောင်းတွေပဲ တွေးပါ။
ကိုယ့်မိသားစု၊ အပေါင်းအသင်းတွေအတွက် အချိန်ပေးပါ။
ကိုယ့်ကို အနေကြပ်စေမယ့် လူတွေကို ရှောင်ကြဉ်ပါ။
စိတ်ထဲ တင်းကြပ်လွန်းနေရင် အချစ်ဆုံး သူငယ်ချင်းကို ရင်ဖွင့်ပါ။

ဒါဆို ပျော်စရာကောင်းတဲ့ နေ့ရက်တွေပဲ မင်းဆီ ရောက်လာမှာပါ... :)

ကြယ်ကြွေချိန်

Tuesday, September 14, 2010

ငြီးငွေ့လှပါပြီ...

ဒီလမ်း...
လျှောက်ရပြန်ပြီ...

ဒီအတန်း...
တက်ရပြန်ပြီ...

ဒီစကား...
ပြောရပြန်ပြီ...

ဒီလူတွေ...
နှုတ်ဆက်ရပြန်ပြီ...

ဒီအလုပ်...
လုပ်ရပြန်ပြီ...


ဒီဒိုင်ယာရီ...
ရေးရပြန်ပြီ...

ဒီပုံစံ...
ကြုံရပြန်ပြီ...


ဒီတိုင်းပဲ...
ဒီနေရာပဲ...
ဒီလူပဲ...
ဒီအလုပ်ပဲ...
ဒီပုံစံပဲ...


အရင်က ပြည့်စုံလှပါတယ်လို့
ထင်ခဲ့တဲ့ ဘ၀...
ခုတော့လည်း...
ခြောက်ကပ်နေပြီ...
အက်ကြောင်းထပ်နေပြီ...
ငြီးငွေ့လှပါပြီ...

ကြယ်ကြွေချိန်

Saturday, September 11, 2010

လူ့ဘုံလောက ... တစေ့တစောင်း

မနေ့က ကျောင်းပိတ်ရက်... သူငယ်ချင်းတွေဆုံလို့ ဈေးဝယ်ထွက်ဖြစ်ပါတယ်... နောက်ပြီး ... mall တစ်ခုက foodcourt မှာ နေ့လယ်စာစားဖြစ်ကြတယ်... အားလုံးသိကြတဲ့အတိုင်း နေ့လည်ထမင်းစားချိန်ဆို လူအရမ်းကျတာပေါ့... စားပွဲတွေအားလုံး နေရာဦးသူကဦး နဲ့ လူပြည့်နေတယ်... အဲ့ဒီမှာ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်... ချည်နဲ့နဲ့ ဖွားဖွားကြီး တစ်ယောက် ဧည့်သည်တွေစားသွားတဲ့ ပန်းကန်တွေ လိုက်သိမ်း၊ စားပွဲတွေလိုက်သန့်ရှင်းရေးလုပ်နေတာကို ... စားပွဲနေရာရဖို့ စောင့်တန်းစီနေတဲ့ လူငယ်စုံတွဲတစ်တွဲက အခုလို ခပ်တိုးတိုးပြောပါတယ် ... ကောင်လေးက ... သူ့ကောင်မလေး ဗိုက်ဆာနေရတဲ့အထဲ ဒီလို နှေးတုံ့နှေးတုံ့လုပ်နေတဲ့ အဖွားအပေါ် မကြားတကြား မြည်တွန်တောက်တီးနေတယ်... အဖွားကတော့ ကြားမကြား မသိပေမယ့် မလှမ်းမကမ်းမှာထိုင်နေတဲ့ ကျနော်က ကောင်းကောင်းကြီး ကြားပါတယ်...

ဘုရားရေ... ခေတ်ကြီးက ဘာတွေဖြစ်နေပြီလဲ... ကျနော့မှာ ကိုယ့်နားကိုယ်မယုံနိုင်လို့ ဟိုစုံတွဲကို လှမ်းမော်ကြည့်မိတယ်... လူရည်မွန်လေးတွေလို့ ထင်ရပါတယ်... မျက်နှာထားတွေကတော့ အနည်းငယ် ခက်ထန်နေတာပေါ့... သူတို့ မျက်နှာပေါ်မှာ အဖွားရဲ့ တုန်တုန်ရီရီ လှုပ်ရှားမှုတွေကို အားမရတဲ့ အကြည့်တွေ လွှမ်းနေတယ်... ကျနော် အတော်ဝမ်းနည်းမိတယ်... တကယ်တော့ ဒီလို အဖြစ်အပျက်ဆိုတာ ဒီနိုင်ငံမှာ သိပ်ကိုမထူးဆန်းတာမျိုးပဲ... ဒါပေမယ့် ကျနော့်စိတ်ထဲ ရုတ်တရက် လူမဆန်သလိုကြီး ခံစားလိုက်ရတယ်... တကယ်ဆိုရင် လူငယ်တွေကပါ ၀င်ကူသင့်တယ် မဟုတ်ဘူးလား... မကူနိုင်ပါဘူးဆိုရင်တောင် အနည်းဆုံးတော့ အဖွားအပေါ် နားလည်စာနာပေးသင့်တယ် လေ... ဒီလိုပြောတာကတော့ အရမ်းကိုတစ်ဖက်စွန်းရောက်တယ်လို့ ထင်ပါတယ်...

ကျနော်တို့ နိုင်ငံမှာတော့ ဒီလိုအဖြစ်အပျက်တွေ မရှိ ဘူးလို့ထင်တယ်... မရှိပါစေနဲ့လိုလည်း ဆုတောင်းမိတယ်... ကျနော်တို့ မြန်မာလူမျိုးဆိုတာ အားလုံးသိတဲ့အတိုင်း အင်မတန်ရိုင်းပင်းကူညီတတ်တယ်... ဂရုဏာအပြည့်နဲ့ လူကြီးသူမကို စာနာထောက်ထားတတ်တယ်လေ... အခုလိုမျိုး အတွေ့အကြုံကတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အင်မတန် လက်ခံရခက်တာမျိုးပဲ... မဟုတ်ဘူးလား...

တစ်ခါတလေ ကျနော် ကိုယ့်ကိုယ်ကိုမေးမိတယ်... ကျနော်တို့ လူ့အဖွဲ့အစည်းက ယိမ်းယိုင်နေပြီလား... အဲ့လို ဖြစ်အောင် ကျနော်တို့ကပဲ လုပ်နေတာလား... ကျနော်တို့လူတွေမှာ moral မရှိတော့လို့လား... ဆိုတာ မသိတော့ပါဘူး... ဒီမေးခွန်းရဲ့ အဖြေဟာ ကျနော်တို့အားလုံးပေါ်မှာပဲ မူတည်ပါတယ်...

ဘာပဲဖြစ်နေနေ... လူဆိုတာ အားလုံးအတူတူပါပဲ... ပျိုပျိုအိုအို ခံစားတတ်တဲ့ နှလုံးသားတစ်ခုစီ ရှိပါတယ်... ကိုယ်က အကြင်နာ ဂရုဏာပေးတယ်ဆိုရင် တစ်ဖက်သားမှာ နွေးထွေးမှု ကိုခံစားရပါတယ်... ကိုယ်က တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်သားရဲ့ ခံစားမှုကို လျစ်လျူရှုမိတယ်ဆိုရင် သူ့မှာ ၀မ်းနည်းမှုဆိုတဲ့ စိတ်အမာရွတ် ထာဝရထင်ကျန်နေနိုင်ပါတယ်... ကိုယ်ချင်းစာကြည့်ပေါ့... တခြားလူတစ်ယောက်က ကိုယ့်ကို အဲ့လို လာပြောမယ်ဆိုရင် ကိုယ်ဘယ်လိုခံစားရမလဲ... သူငယ်ချင်းတို့ တွေးကြည့်ပါနော်...

ကျနော် ဒီမှာ share ချင်တာက ... ကျနော်ကိုယ်တိုင်လည်း အားနည်းချက်တွေ အများကြီး ရှိနေသေးသူပါ... အများကြီး ပြုပြင်ဖို့ လိုပါသေးတယ် ... အလုံးစုံပြီး ပြည့်စုံတဲ့လူရယ်လို့မရှိပါဘူး... ဒါပေမယ့် လူတစ်ယောက်ချင်းကသာ နည်းနည်းချင်းစီ ပြုပြင်သွားမယ်ဆိုရင် ဒီလို ကြေကွဲစရာအဖြစ်မျိုး မရှိနိုင်တော့ဘူးပေါ့... ဒါဆိုရင် ကျနော်တို့ လူ့ဘုံက နေချင်စဖွယ် ပြီးပြည့်စုံသွားမှာ အမှန်ပါ...

ကျနော့ရဲ့ ပေရှည်လှတဲ့ ဒီ post ကိုအချိန်ယူ ဖတ်ပေးလို့ ကျေးဇူးပါ ... သူငယ်ချင်းတို့ ရဲ့ အမြင်တွေကိုလည်း share နိုင်ပါတယ်လို့... :)

လူသားအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ...

ကြယ်ကြွေချိန်

Friday, September 10, 2010

ဘာအရေးကြီးဆုံးလဲ

ကျနော်တို့ ဘ၀မှာဘာအရေးကြီးဆုံးလဲ... မနက်တုန်းက သူငယ်ချင်းတစ်ယောက်က မေးပါတယ်...

ဒီမေးခွန်းကို လူတိုင်းကြုံဖူးကြမှာပါ ... ရေရာတဲ့ အဖြေလည်း ရှိဖို့ရာ ခဲယဉ်းပါတယ်...
ကျန်းမာရေးလား... ပညာရေးလား... စီးပွားရေးလား... ကိုယ့်ဆွေမျိုးသားချင်းတွေလား... ယုတ်စွအဆုံး ကိုယ် ကိုယ်တိုင်ပဲလား...
ဒါနဲ့ပတ်သက်ပြီး ကျနော့်အတွေးလေး တစ်စကိုတော့ ဒီမှာ share ပါရစေနော်...

ကျနော့်ဘ၀အတွက် ဘာအရေးကြီးဆုံးလဲ... ဒီမေးခွန်းဖြေဖို့ အချိန်တော်တော်ကြာ စဉ်းစားယူလိုက်ရတယ်...
ကျနော့်မိသားစုလား... ဒါပေါ့... အဖေနဲ့ အမေဆိုတာ လူတိုင်းလိုလို အတွက် အရေးကြီးဆုံးပဲ... ဒါပေမယ့်... ကျနော့်အတွက်တော့ မဟုတ်ဘူးဗျ... ဘာလို့ဆို ... အဖေနဲ့အမေကြောင့် ဒီနေ့ကျနော်ဆိုတာဖြစ်လာရတယ်... မှန်တယ်... ကျနော့ ကို ကျွေးခဲ့တယ် မွေးခဲ့တယ်... ဒါလည်း မှန်တယ်... ကျနော့ကို သွန်သင်ပေးတယ်... ဒါလည်းဟုတ်တာပဲ... ဒါပေမယ့် ဒါပေမယ့်...

အဖေနဲ့အမေက ကျနော့ဘ၀ စတင်ဖို့ရာ လမ်းခင်းပေးလိုက်တာပါ... ကျနော်ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးမှာတော့ ... ကျနော်အရှုံးနဲ့ရင်ဆိုင်ရချိန် ကျနော့ဘေးကနေ အမြဲ အားပေးမယ့်သူတွေ ... ကျနော် စိတ်ဓာတ်ကျနေချိန် နွေးထွေးတဲ့ အပြုံးတစ်ပွင့်နဲ့ အမြဲ ဖေးမမယ့်သူတွေ... နောက်ပြီး... သူတို့လေးတွေ လိုအပ်နေချိန်မှာလည်း ကျနော်က အမြဲဖြည့်ဆည်းပေးနိုင်မယ့်သူတွေကသာ... ကျနော့ဘ၀အတွက် အလိုအပ်ဆုံး အရေးကြီးဆုံးပါ... သူတို့က ဘယ်သူတွေလဲလို့မေးရင် ကျနော့ သူငယ်ချင်းတွေလို့ပဲဖြေရမှာ ... ဟုတ်တယ်... သူငယ်ချင်းတွေနဲ့ အတူရှိရင် ကျနော်ပျော်တယ် ... စိတ်ချမ်းသာတယ် ... တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့တာတွေ သူငယ်ချင်းတွေနဲ့ဆုံလို့ ခဏတာ ရင်ဖွင့်လိုက်ရရင်ကို ကျနော့ စိတ်ထဲမှာပေါ့သွားတယ်... တကယ်ပါ... သူတို့က ကျနော့ကို ပြီးပြည့်စုံအောင် ဖန်ဆင်းပေးနိုင်တဲ့ ဖြည့်ဘက်တွေဆိုလည်း မမှားဘူးပေါ့...

ဆက်ရှင်းပြပါ့မယ်... ကျနော်က ဒီနယ်မြေမှာ တစ်ကိုယ်တည်းသမား... သွားလည်းတစ်ကိုယ်တည်း... စားလည်းတစ်ကိုယ်တည်းပဲ... အမြဲ တစ်ယောက်တည်းလှုပ်ရှားတာများတယ်... ဒါဆို ကျနော် ခင်တွယ်တဲ့ သူငယ်ချင်းဆိုတာ ဘယ်မှာလဲ... သူတို့က ကျနော့်ဘ၀မှာ အရေးကြီးဆုံးဆိုရင် သူတို့မရှိရင် ကျနော်အမြဲ အထီးကျန်နေမှာပေါ့...

ဒီအယူအဆကတော့ လုံးဝမှားသွားပြီ... ကျနော်ချစ်တဲ့သူငယ်ချင်းတွေဆိုတာ ကျနော့ဘေးမှာချည်းရှိနေမှမဟုတ်ပါဘူး... ကျနော့စိတ်ထဲမှာ အမြဲရှိနေဖို့ပဲလိုပါတယ်... ကျနော်ညအိပ်ရာဝင်ခါနီးတိုင်း သူတို့လေးတွေ အမြဲ အဆင်ပြေအောင် ဆုတောင်းဖြစ်တယ်... ပြီးတော့ တစ်ယောက်မဟုတ် တစ်ယောက် အမြဲဖုန်းဆက်ဖြစ်တယ်... ဒီလောက်ဆိုလုံလောက်ပြီ... ကျနော့် memory ထဲမှာရော သူတို့ memory ထဲမှာပါ သူတို့အတွက် ၊ ကျနော့ အတွက် ... မြေနေရာကျဉ်းကျဥ်းလေးတစ်ကွက် ရှိရင် လုံလောက်ပါပြီ...

ကျနော့်အယူအဆတွေ တစ်ဖက်စွန်းရောက်ချင် ရောက်ပါမယ်... ဒီ့အတွက်လည်း ဝေဖန်အကြံပြုချက် comment တွေကို welcome ပါ... နောက်ပြီး ကျနော် ပေရှည်ထားတဲ့ ဒီစာကို အချိန်ယူ ဖတ်ပေးတဲ့အတွက်လည်း သူငယ်ချင်းတွေအားလုံး ကျေးဇူးပါလို့..... :)

ပျော်ရွှင်ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေ...

ကြယ်ကြွေချိန်

The First Step

To take the first step,
Is a frightening thing.
To face the unknown,
The uncertainty it brings.
But like the child,
Who is tired of the crawl,
The first step is
The most important of all.

It expands your horizons,
You can see a new light.
The joy of discovery,
Is like taking flight.
The first step you take,
Will open all doors.
To see yourself as
You've seen you before.

And like the child,
Who gives it his all.
Sometimes he falters,
He will teeter and fall.
But strong arms are there,
To catch him and then,
They stand him back up
To start walking again.

The longest journey,
Takes one step at a time.
But once you get going
You'll do just fine.
I'll help you along,
I'll be right beside you...
As two we'll be strong.

Yes,that first step's a big one,
The most important of all.
But I'll be there to catch you,
Should you teeter and fall.
We'll set our sights forward,
Grit our teeth and walk on....
When we see that road ending,
We'll break into a run.

I love you,I'll help you
All the way through.
But to take that first step,
Well...that's up to you.

Rabona Turner Gordon

ကျနော်အကြိုက်ဆုံးစာအုပ် Chicken Soup for the Soul ထဲက ကျနော် အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်...
ကောင်းလွန်းလို့ share လိုက်တာပါ...
ကျေးဇူးပါနော်... :)

သူငယ်ချင်းများအတွက် ကြယ်ကြွေချိန်...

ဘလော့ဂ်လေးရေ...

မင်းကို အကြာကြီး ပစ်ထားခဲ့မိတာ sorry ပါ...
ဒီနေ့ကစလို့ မင်းကို အချိန်မှန်မှန် update မယ်နော်... :)

ဒီဘလော့ဂ်ကို လာလည်တဲ့ သူငယ်ချင်းတွေကိုလည်း စပယ်ရှယ်ကျေးဇူးပါ...
ကွန်မန့်တွေလည်း အမြဲ welcome ပါနော်... :)

ကျနော် ဒီဘလော့ဂ်လေးကနေ share လိုက်တဲ့ စာတစ်ပုဒ်ကြောင့် ကျနော့်သူငယ်ချင်းတွေ တဒင်္ဂ စိတ်လွတ်လပ်မှုရသွားတယ်ဆိုရင်ပဲ အရမ်းကျေနပ်ပါပြီ... :)

ကျနော်အချိန်ရရင်ရသလို post တွေ update သွားပါမယ်...
အမြဲကြိုးစားနေပါမယ်လို့...

ကြယ်ကြွေချိန်
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...