Wednesday, January 26, 2011

လေဟာနယ်

လတ်တလော ဦးနှောက်စားနေသော မေးခွန်း
ကျွန်တော်၏ လွန်ခဲ့သော အနှစ် နှစ်ဆယ်တာ ကာလ အတွင်း ဘာတွေများ ပြီးမြောက်အောင်မြင်ခဲ့ပါသနည်း?

ပြန်ပြောင်းပြောရလျှင် မွေးကတည်းက ကျောင်းကြီးတက်၊ ဆယ်တန်း ပြီးခဲ့သည့် အချိန် (ကျွန်တော့် အသက် ၁၆နှစ်) အထိ မိဘအရိပ်အောက်တွင်သာ ရှိခဲ့သည်။ အဖေ စိတ်ကျေနပ်စေရန် စာကျက်ပေးသည်။ အမေ စိတ်ချမ်းသာစေရန် အိမ်အလုပ်တွေ ကူလုပ်ပေးခဲ့သည်။ ဆယ်တန်းပြီးတော့ စင်င်္ကာပူတွင် ကျောင်းဆက်တက်ရန် ကျွန်တော် နားပူနားဆာ လုပ်လွန်းရာ အဖေတို့ အမေတို့က လိုက်လျောပေးခဲ့သည်။

ကျွန်တော့်အသက် ၁၇နှစ်တွင် ဒီမြေကို စခြေချသည်။ ထိုစဉ်တုန်းက မရောက်ဖူးသည့် နေရာမို့ ပျော်သည်။ သူငယ်ချင်း အသစ်တွေနှင့် ကျောင်းတက်ရသည်ကို သဘောကျသည်။ နောက်ပိုင်း ကျွန်တော် အိမ်လွမ်းတတ်လာသည်။ အမေနှင့် ဖုန်းပြောလျှင် ငိုသည်။ အဖေ့ကို လွမ်းလျှင် ငိုသည်။ မွေးရာပါ စိတ်အပြောင်းအလဲမြန်သည့် ဗီဇကြောင့် ကျွန်တော် တစ်ယောက် တစ်ဇွတ်ထိုး တစ်ယူသန်စွာဖြင့် မူလ ကျောင်းတွင် ကောင်းကောင်း မတက်ဘဲ ကျောင်းပြောင်းသည်။ ကျွန်တော့်အလိုကိုလိုက်သော အဖေနှင့်အမေကလည်း ခေါင်းညိတ် လိုက်လျောရှာပါသည်။

ကျွန်တော့်အသက် ၁၈နှစ်တွင် ကျွန်တော် အလွန် တက်ချင်သည့် နာမည်ကြီး တက္ကသိုလ်ကြီးတွင် တက်ခွင့်ရရန် ၀င်ခွင့်အတွက် ကြိုးစားပါတော့သည်။ ထိုစဉ်က ကျွန်တော် ၀င်ခွင့်အတွက် တော်တန်ရုံ ဇွဲနှင့် ကြိုးစားခဲ့သည် မဟုတ်။ အဖေနှင့် အမေက “သြ” ချ ရလောက်အောင်၊ “ဒီကလေး ဒီလောက် စာကြိုးစားတာ တစ်ခါမှ မမြင်ဖူးပါလား” ဟု ပြောယူရလောက်အောင် ကျွန်တော် ထိုစာမေးပွဲကို အလေးထားခဲ့ပါသည်။

ဒီလိုနှင့် အသက် ၁၉ နှစ်တွင် စင်္ကာပူရှိ တက္ကသိုလ်တစ်ခုတွင် ၀င်ခွင့်ရပြန်ပါသည်။ ကျွန်တော် အလွန် တက်ချင်ခဲ့သော ကျောင်းကြီးတွင် ကျွန်တော် အင်မတန် အရူးအမူး နှစ်ခြိုက်ခဲ့ရသော မေဂျာကို တက်ခွင့်ရသည့်အတွက် အတိုင်းထက်အလွန် ပျော်ခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်တော်တစ်ယောက် အိပ်မက်ထဲက ဤကျောင်းတော်ကြီးသို့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့် ယောင်လည်လည် ရောက်လာပါတော့သည်။

ယခု အသက်၂၀။ ပြီးခဲ့သော အတိတ်က အနှစ်နှစ်ဆယ်တာ ကာလအတွင်း ကျွန်တော် လိုချင်သည်များကို ရယူခဲ့ပါသည်။ ကျွန်တော် လက်လှမ်းမမှီနိုင်ဟု ထင်ခဲ့သော အရာများကိုလည်း မရရအောင် ကြိုးစားယူခဲ့ပါသည်။ ကျွန်တော့်တွင် ကျွန်တော် ပက်ပက်စက်စက် လိုချင်ခဲ့သော အောင်လက်မှတ်များ ရှိပါသည်။ ကျွန်တော် သူရူးတစ်ယောက်ပမာ တပ်မက်ခဲ့သော ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားမှုကိုလည်း ရှာတွေ့ခဲ့ပါသည်။ ကျွန်တော် တမ်းတခဲ့သော တစ်ယောက်သောသူ၏ နွေးထွေးမှုကိုလည်း ရကောင်းရခဲ့ပါမည်။ သို့သော်... ၁၉ နှစ်မှသည် ၂၀ ဟူ၍ ထိပ်စည်း ၁ မှ ၂ သို့ ပြောင်းလဲသွားသည့် တဒင်္ဂ၌ ကျွန်တော်၏ အသိသညာဆီသို့ မရေရာမှု ဟူသော အချက်ပေးသံများ ညံ နေခဲ့ပါပြီ။

ယခု ပစ္စပ္ပုန်တွင် “ကျွန်တော်၏ ပိုင်ဆိုင်မှု များကား အဘယ်နည်း” ဟု တစ်စုံတစ်ယောက်က မေးလာသော် ကျွန်တော် ဆွံ့အနေပေလိမ့်မည်။ အကြောင်းမူကား ကျွန်တော့်တွင် လက်ဆုပ်လက်ကိုင် ပြစရာ ပိုင်ဆိုင်မှုဟူ၍ ဘာတစ်ခုမှ မရှိဟု ခံစားရ၍သာ ဖြစ်ပါသည်။ တစ်ခါတရံ ကျွန်တော် ဘယ်သူလဲ ကျွန်တော် ကိုယ့်ကိုယ်ကို မသိတော့။ ကျွန်တော် သိသည်မှာ တစ်ခုတည်းသာ ရှိသည်။ ဤအရာ အပေါင်းသည် အချိန်တန်လျှင် အငွေ့ပျံ ပျောက်သုဉ်းသွားမည့် အရာတွေချည်းသာ ဖြစ်ပါသည်။ ကျွန်တော်ဆိုသည့် ရုပ်ဝတ္ထုကြီးသည်လည်း ကျွန်တော်၏ သိစိတ်ထဲတွင် မရှိပါ။ ကျွန်တော်၏ ခံစားချက်အပေါင်းသည် လေထဲလွင့်နေသော ပင့်ကူအိမ်ပမာ ဖျော့တော့ လွင့်လျားနေပါသည်။

(မှတ်ချက်။ မည်သည့် ရည်ရွယ်ချက်နှင့်မျှ ရေးခြင်းမဟုတ်ပါ။ ကျွန်တော့် စိတ်ထဲ လတ်တလော ခံစားချက်များကို ချရေးထားခြင်း သက်သက်သာ ဖြစ်ပါသည်။ ဆရာလုပ်လွန်းသည်ဟု မထင်စေလိုပါ။ တစ်ဖက်စွန်းရောက်လွန်းသည်ဟု ထင်လိုက ထင်နိုင်ပါသည်။)

ကြယ်ကြွေချိန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...