Monday, January 31, 2011

ပါသွားပြီဗျ ပါသွားပြီ

စံပယ်လိုလေ
ဖြူစင်တော့
မူယာ ရှင်းကာ ကျော့

အီဖေကို့ အသက်
ဘရဏီကို အချော့
ကျုပ် သည်း လောင်ကာ မျော့

မျက်စောင်းကိုလေ
သူချိတ်တော့
ကျုပ်မှာ ရပြီ ရှော့ခ်

ရွှေဖုန်းရယ်
ကိုင်ပါတော့
ရင်တွေ ပူလှပေါ့

မကျီစားနဲ့လေ
မောင့် အသည်း ဆော့ဖ်တ် (Soft)
မလုပ်နဲ့ ခင်ရေ စတော့ပ် (Stop)

နောက်နေ့ မနက်
အိမ်ရှေ့သွား စတော့ခ် (Stalk)
ပါသွားလေပြီ အိုးမိုင်ဂေါ့ဒ်!!!


ကျုပ် ဘရဏီ လေး ပါသွားပြီဗျ။ ပါသွားပြီ။ အီးဟီးဟီး.............

ကြယ်ကြွေချိန်

အချစ်ဒဿနိက ၂

သူ့ကို သိပ်ချစ်တာပဲလား။ သူမရှိရင် မနေတတ်ဘူးလား။ သူ့ကို မျက်စိအောက်က အပျောက်မခံနိုင်ဘူးလား။
ဒါဆို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ။ အဲ့ဒါ ချစ်တာမဟုတ်ဘူး။ တွယ်တာ တာ။

သူမရှိရင် ရင်ဘတ်ထဲမှာ ဟာတာတာကြီး။ သူ့ကို မတွေ့ရရင်ကိုပဲ စိတ်နဲ့ လူ မကပ်သလိုလို။ အလိုလိုနေရင်း သူ့အသံကို ကြားယောင်နေတယ်။ သူ့ပုံရိပ်ကိုပဲ မြင်ယောင်မိနေတယ်။ သူ့ဘေးနားမှာ ရှိနေရင် အရာရာ စိမ်းလန်းစိုပြေနေတယ်။ ပြည့်စုံနေတယ်ပေါ့။

သူနဲ့ နှစ်ယောက်တည်း အတူတူယှဉ်ပြီး လမ်းလျှောက်နေရတာကိုပဲ ကြည်နူးနေမိသလား။ Call List ထဲမှာ သူ့ဖုန်းနံပါတ်ပဲ အမြဲ ရိုက်ထည့်နေမိသလား။ အကြောင်းမရှိ အကြောင်းရှာ သူ့ဆီ Message တွေ ပို့နေမိသလား။ သူ့ဆီက Reply မလာမချင်း စောင့်နေမိသလား။ Message Inbox ထဲ သူ့နာမည်လေး ရောက်လာပြီဆို ဖတ်တောင် မဖတ်ရသေးဘူး၊ ပျော်နေမိသလား။ ဒါဆို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နော်။ အဲ့ဒါ ချစ်တာမဟုတ်ဘူး။ တဒင်္ဂ သာယာတာ။

ကျွန်တော့် သူငယ်ချင်း မိန်းကလေး တစ်ယောက် ပြောပြဖူးပါတယ်။ သူ့ချစ်သူက သူ့ကို အရမ်းချစ်တာပဲတဲ့။ ချစ်သူက မနက်တိုင်း သူ့အသံလေး မကြားရရင်ကို မနေနိုင် မထိုင်နိုင်တဲ့။ နေ့တိုင်း နှစ်ကိုယ်ကြား တီတီတာတာ စကားချိုချိုလေးတွေ မပြောရရင် မဖြစ်ဘူးတဲ့။ အဲ့လောက် အချစ်ကြီးကြတဲ့ ချစ်သူနှစ်ယောက် တစ်နေ့တော့ ပြတ်သွားကြရောတဲ့၊ သူငယ်ချင်းက ပြောပြပါတယ်။ အကြောင်းရင်းက ဒီလိုပါ။ ချစ်သူ မိန်းကလေး နိုင်ငံခြားမှာ ခြောက်လလောက် ပညာသွားသင်နေတုန်း ယောကျာ်းလေးက နောက်ချစ်သူတစ်ယောက် ထားလို့ပါ။

ဒီတော့ အဲ့လောက် ချစ်လှပါတယ်ဆိုတဲ့ ချစ်သူနှစ်ယောက် ဘာလို့ မခိုင်မြဲကြတာလဲ။ တစ်သက်တာ လက်တွဲသွားရမယ့် “စိတ်ချင်းအဖော်” နှစ်ဦး ဒီခြောက်လဆိုတဲ့ အချိန်လေး အတွင်းမှာ ဒီလို သံယောဇဉ်ပြတ်တဲ့အထိ ဘာလို့ ဖြစ်သွားနိုင်ရတာလဲ။ ကျွန်တော် အပေါ်မှာ ပြောထားခဲ့တဲ့ အတိုင်းပဲ။ နှုတ်က ချစ်ပါတယ် လို့ ပြောရုံနဲ့ တကယ် နှစ်နှစ်ကာကာ မြတ်နိုးတာလို့ ကောက်ချက်ချလို့ မရပါဘူး။ ဒါဟာ တစ်ယောက် အပေါ် တစ်ယောက် တဒင်္ဂတာ သာယာနေမိရုံပဲ ရှိတာပါ။

ဒီပို့စ်ကို ရေးရတာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့မှ မဟုတ်ရပါဘူးလို့ ၀န်ခံပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါဆို တစ်ခါမှ မချစ်ဘူးသေးတာ အမှန်ပါ။ (ဘ၀အကျိုးပေး ကုသိုလ်ကံ မကောင်းလို့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ ဗေဒင်ဆရာကတော့ ပြောတာပဲ ဟီဟီဟီ)။ ကျွန်တော့် သူငယ်ချင်း share တဲ့ ပုံပြင်လေးကို ကိုးကားပြီး ဝေမျှတာပါ ခင်ဗျာ။

မေတ္တာစစ်နဲ့ ချစ်တတ်ကြပါစေ။

ကြယ်ကြွေချိန်

အချစ် ဒဿနိက ၁

ကမ္ဘာပေါ်မှာ မခေါ်ဘဲ ရောက်လာတတ်သူ၊ နှင်နေပါလျက်နဲ့ ထွက်မသွားတတ်တဲ့သူ တစ်ယောက်ရှိတယ်။
အဲ့ဒါ “အချစ်” တဲ့။

တကယ်တော့ အဲ့ “အချစ်” ဆိုတာ ဘာလဲ။ ကျွန်တော်လည်း မသိဘူး (တစ်ခါမှ နှစ်နှစ်ကာကာ မချစ်ဖူးကြောင်း ၀န်ခံပါသည်)။
လူတွေကရော ဘာလို့ ချစ်ချင်ကြတာလဲ။ (သူတို့ကိုယ်၌က ချစ်ချင်လို့လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ သဘာဝအရ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲမှုတွေကြောင့် အချစ်စိတ်ဆိုတာ ရှင်သန်တိုးပွားလာတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။) ကဲ၊ ဒါတွေထားပါ။

ကျွန်တော့် အမြင်မှာတော့ အချစ်ဆိုတာ ယုံကြည်မှု (Trust) ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယုံကြည်မှု ဆိုတဲ့ Trust ရှိရင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု ဆိုတဲ့ Respect ရှိလာမယ်။ အဲ့ Respect နောက်ကမှ ကျန်တဲ့ Care, Affection, Passion, Love ဆိုတာတွေ လိုက်လာမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ပျက်ပြားသွားပြီဆိုရင် နှစ်ရှည်လများ အတူတူ ဆောက်တည်ခဲ့ကြတဲ့ သံယောဇဉ် တံတိုင်း တိုက်စားခံရမှာ အမှန်ပါပဲ။

Trust နဲ့ Respect ကိုကျော်ပြီး Care တို့ Passion တို့ကို အဆင့်ကျော်လို့ မရနိုင်ပါဘူး။ ဘယ်လောက်ပဲ ဂရုစိုက်တယ်ပဲ ပြောပြော ယုံကြည်မှု နဲ့ နားလည်လေးစားပေးမှု ဆိုတာ မရှိရင် လူတစ်ယောက်ကို အမှန်တကယ် မချစ်လာနိုင်ပါဘူး။

အဲ့ဒီတော့ သယ်ရင်းတို့လည်း ချစ်တော့မယ်ဆို အထက်ပါ အဆင့်ဆင့်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးမှ လှုပ်ရှားနော့်။ ဟီဟီ

လူသားအားလုံး ချစ်တတ်ကြပါစေ။
အချစ်စိတ်နဲ့ အရာရာကို အဖြူသက်သက် ရှုမြင်နိုင်ကြပါစေ။

ကြယ်ကြွေချိန်

Wednesday, January 26, 2011

လေဟာနယ်

လတ်တလော ဦးနှောက်စားနေသော မေးခွန်း
ကျွန်တော်၏ လွန်ခဲ့သော အနှစ် နှစ်ဆယ်တာ ကာလ အတွင်း ဘာတွေများ ပြီးမြောက်အောင်မြင်ခဲ့ပါသနည်း?

ပြန်ပြောင်းပြောရလျှင် မွေးကတည်းက ကျောင်းကြီးတက်၊ ဆယ်တန်း ပြီးခဲ့သည့် အချိန် (ကျွန်တော့် အသက် ၁၆နှစ်) အထိ မိဘအရိပ်အောက်တွင်သာ ရှိခဲ့သည်။ အဖေ စိတ်ကျေနပ်စေရန် စာကျက်ပေးသည်။ အမေ စိတ်ချမ်းသာစေရန် အိမ်အလုပ်တွေ ကူလုပ်ပေးခဲ့သည်။ ဆယ်တန်းပြီးတော့ စင်င်္ကာပူတွင် ကျောင်းဆက်တက်ရန် ကျွန်တော် နားပူနားဆာ လုပ်လွန်းရာ အဖေတို့ အမေတို့က လိုက်လျောပေးခဲ့သည်။

ကျွန်တော့်အသက် ၁၇နှစ်တွင် ဒီမြေကို စခြေချသည်။ ထိုစဉ်တုန်းက မရောက်ဖူးသည့် နေရာမို့ ပျော်သည်။ သူငယ်ချင်း အသစ်တွေနှင့် ကျောင်းတက်ရသည်ကို သဘောကျသည်။ နောက်ပိုင်း ကျွန်တော် အိမ်လွမ်းတတ်လာသည်။ အမေနှင့် ဖုန်းပြောလျှင် ငိုသည်။ အဖေ့ကို လွမ်းလျှင် ငိုသည်။ မွေးရာပါ စိတ်အပြောင်းအလဲမြန်သည့် ဗီဇကြောင့် ကျွန်တော် တစ်ယောက် တစ်ဇွတ်ထိုး တစ်ယူသန်စွာဖြင့် မူလ ကျောင်းတွင် ကောင်းကောင်း မတက်ဘဲ ကျောင်းပြောင်းသည်။ ကျွန်တော့်အလိုကိုလိုက်သော အဖေနှင့်အမေကလည်း ခေါင်းညိတ် လိုက်လျောရှာပါသည်။

ကျွန်တော့်အသက် ၁၈နှစ်တွင် ကျွန်တော် အလွန် တက်ချင်သည့် နာမည်ကြီး တက္ကသိုလ်ကြီးတွင် တက်ခွင့်ရရန် ၀င်ခွင့်အတွက် ကြိုးစားပါတော့သည်။ ထိုစဉ်က ကျွန်တော် ၀င်ခွင့်အတွက် တော်တန်ရုံ ဇွဲနှင့် ကြိုးစားခဲ့သည် မဟုတ်။ အဖေနှင့် အမေက “သြ” ချ ရလောက်အောင်၊ “ဒီကလေး ဒီလောက် စာကြိုးစားတာ တစ်ခါမှ မမြင်ဖူးပါလား” ဟု ပြောယူရလောက်အောင် ကျွန်တော် ထိုစာမေးပွဲကို အလေးထားခဲ့ပါသည်။

ဒီလိုနှင့် အသက် ၁၉ နှစ်တွင် စင်္ကာပူရှိ တက္ကသိုလ်တစ်ခုတွင် ၀င်ခွင့်ရပြန်ပါသည်။ ကျွန်တော် အလွန် တက်ချင်ခဲ့သော ကျောင်းကြီးတွင် ကျွန်တော် အင်မတန် အရူးအမူး နှစ်ခြိုက်ခဲ့ရသော မေဂျာကို တက်ခွင့်ရသည့်အတွက် အတိုင်းထက်အလွန် ပျော်ခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်တော်တစ်ယောက် အိပ်မက်ထဲက ဤကျောင်းတော်ကြီးသို့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့် ယောင်လည်လည် ရောက်လာပါတော့သည်။

ယခု အသက်၂၀။ ပြီးခဲ့သော အတိတ်က အနှစ်နှစ်ဆယ်တာ ကာလအတွင်း ကျွန်တော် လိုချင်သည်များကို ရယူခဲ့ပါသည်။ ကျွန်တော် လက်လှမ်းမမှီနိုင်ဟု ထင်ခဲ့သော အရာများကိုလည်း မရရအောင် ကြိုးစားယူခဲ့ပါသည်။ ကျွန်တော့်တွင် ကျွန်တော် ပက်ပက်စက်စက် လိုချင်ခဲ့သော အောင်လက်မှတ်များ ရှိပါသည်။ ကျွန်တော် သူရူးတစ်ယောက်ပမာ တပ်မက်ခဲ့သော ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားမှုကိုလည်း ရှာတွေ့ခဲ့ပါသည်။ ကျွန်တော် တမ်းတခဲ့သော တစ်ယောက်သောသူ၏ နွေးထွေးမှုကိုလည်း ရကောင်းရခဲ့ပါမည်။ သို့သော်... ၁၉ နှစ်မှသည် ၂၀ ဟူ၍ ထိပ်စည်း ၁ မှ ၂ သို့ ပြောင်းလဲသွားသည့် တဒင်္ဂ၌ ကျွန်တော်၏ အသိသညာဆီသို့ မရေရာမှု ဟူသော အချက်ပေးသံများ ညံ နေခဲ့ပါပြီ။

ယခု ပစ္စပ္ပုန်တွင် “ကျွန်တော်၏ ပိုင်ဆိုင်မှု များကား အဘယ်နည်း” ဟု တစ်စုံတစ်ယောက်က မေးလာသော် ကျွန်တော် ဆွံ့အနေပေလိမ့်မည်။ အကြောင်းမူကား ကျွန်တော့်တွင် လက်ဆုပ်လက်ကိုင် ပြစရာ ပိုင်ဆိုင်မှုဟူ၍ ဘာတစ်ခုမှ မရှိဟု ခံစားရ၍သာ ဖြစ်ပါသည်။ တစ်ခါတရံ ကျွန်တော် ဘယ်သူလဲ ကျွန်တော် ကိုယ့်ကိုယ်ကို မသိတော့။ ကျွန်တော် သိသည်မှာ တစ်ခုတည်းသာ ရှိသည်။ ဤအရာ အပေါင်းသည် အချိန်တန်လျှင် အငွေ့ပျံ ပျောက်သုဉ်းသွားမည့် အရာတွေချည်းသာ ဖြစ်ပါသည်။ ကျွန်တော်ဆိုသည့် ရုပ်ဝတ္ထုကြီးသည်လည်း ကျွန်တော်၏ သိစိတ်ထဲတွင် မရှိပါ။ ကျွန်တော်၏ ခံစားချက်အပေါင်းသည် လေထဲလွင့်နေသော ပင့်ကူအိမ်ပမာ ဖျော့တော့ လွင့်လျားနေပါသည်။

(မှတ်ချက်။ မည်သည့် ရည်ရွယ်ချက်နှင့်မျှ ရေးခြင်းမဟုတ်ပါ။ ကျွန်တော့် စိတ်ထဲ လတ်တလော ခံစားချက်များကို ချရေးထားခြင်း သက်သက်သာ ဖြစ်ပါသည်။ ဆရာလုပ်လွန်းသည်ဟု မထင်စေလိုပါ။ တစ်ဖက်စွန်းရောက်လွန်းသည်ဟု ထင်လိုက ထင်နိုင်ပါသည်။)

ကြယ်ကြွေချိန်

Monday, January 24, 2011

ဘာကြီးလဲ

ဘာကြီးလဲ ဘာကြီးလဲ
လူတွေ လူတွေ လာမေးဆတ်ကြတယ်

မသိဘူး မဟုတ်ဘူး
လင်းရပေါင်းလည်း မနည်းတော့ဘူး

ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး
ဖျင်းလိုက်ကြတဲ့ အတင်း

“ညည်းကြားပြီးပြီလား” အစချီတဲ့
ပန်း“အတင်း”တွေ ရိုးအီနေပြီ

ဟင်း... ငါ့နှယ်နော်...
စပရိန်မျက်နှာနဲ့ လူတွေပါလား...

ကြယ်ကြွေချိန်

Thursday, January 20, 2011

“ချစ် တစ်ယောက်တည်းပါကွာ”
အမြဲပြောတတ်တဲ့ ကျွန်မချစ်သူ

ချစ်သူရဲ့ အဖြူရောင် မုသားတွေအောက်မှာ
ကျေနပ်စွာ စီးမျောဝင်နေတဲ့ ကျွန်မ

လူတွေ သယ်လာတဲ့ သတင်းစကားတွေကြား
မယုံချင်ပေမယ့် ခေါင်းညိတ်ရတော့မယ့် အဖြစ်တွေ ရှိလည်း

သံယောဇဉ် မပြတ်နိုင်ခဲ့ဘူး...။ ။


ကြယ်ကြွေချိန်

Thursday, January 6, 2011

Out of balance

စိတ်တွေ ဖမ်းမရဘူး။ လွင့်နေတယ်။ စာလည်း အာရုံစိုက်လို့ မရဘူး။ အချိန်တွေသာ ကုန်သွားတယ်။ တစ်နာရီပြီး တစ်နာရီ လျှောခနဲပဲ။ ပြောတော့ စာမေးပွဲအတွက် လူသစ် စိတ်သစ်နဲ့ ကြိုးစားပြီဆို။ သူများကြားရင် ရယ်ဦးမယ်။ ခေါင်းတွေလည်းမူး။ ညက တစ်ညလုံး နားမလည်နိုင်တဲ့ ဖတ်စာအုပ်ကို ထိုင်ဖတ်တယ်၊ မနက်နေထွက်တဲ့ထိ။ သင်ပြီးသား အခန်းတွေတောင် နားမလည်နိုင်တဲ့ ငါလို ငအ တစ်ကောင်။ ဘယ်က ဘယ်လို စာမေးပွဲ လာအောင်တော့မှာလဲ။ လူက ဒေါင်ချာစိုင်း။ မနက်စာနဲ့ နေ့လည်စာ တောင် ပေါင်းမစားရသေးဘူး။ မနက် ၈နာရီခွဲတည်းက ကျောင်းရောက်။ လက်ချာ နောက်ကျမှာစိုးလို့ မနက်စာတောင် မစားနိုင်။ အတန်းထဲ ပြေးဝင်။ လွတ်တဲ့ခုံ ၀င်ထိုင်။ ဘေးကလူကို မောနင်း နှုတ်ဆက်ချင်စိတ် မရှိ။ လက်ပ်တော့ပ် ဖွင့်။ ဖတ်စာအုပ်ဖွင့်။ ပရော်ဖက်ဆာကို ငေးကြည့်။ မြင်သာမြင်၏။ မကြားရ။ ပုံရိပ်တွေက ၂ထပ် ၃ထပ်။ ၀ိုးတိုးဝါးတား။ ငိုက်ပြီ။ ညက Redbull ကျေးဇူးကြောင့် တင်းခံခဲ့သမျှ ခုတော့အစွမ်းပြပြီ။ တဖြည်းဖြည်း ပုံရိပ်တွေ ပြန်ကြည်လင်လာတယ်။ ကျနော့် ကြောင်လေး ဘုရားစင်ရှေ့မှာ အိမ်မြှောင်တစ်ကောင်နဲ့ ဆော့နေတာ။ အမလေးဗျ။ လူက ဆစ်ခနဲ ဆစ်ခနဲ အကြောတက်သလိုလို၊ အကြောသေသွားသလိုလို ဖြစ်လို့ မျက်လုံး အသာ ဖွင့်ကြည့်မိတယ်။ အော်... အဲယားကွန်းကြောင့် လူက ထုံခဲပြီး တောင့်နေတာကိုး။ နိုး ပရော်ဗလန်ပါဗျာ။ အိတ်ထဲက ဆွယ်တာ ထုတ်ဝတ်။ အိပ်မက် နန်းတော်ကို ဆက်ချီတက်တယ်။ အိမ်က လူစေ့ မြင်ရတယ်ဗျာ။ အဘိုးက သတင်းစာဖတ်ရင်း အဘွားခွာပေးတဲ့ သစ်တော်သီးကို သွားကြားထိုးတံလေးနဲ့ ထိုးစားလို့။ အဖေနဲ့ အမေက တီဗီရှေ့မှာ ကွာစိ ကိုက်ရင်း။ မောင်လေးက ရုတ်တရက် ကျနော့ ပုခုံးလာပုတ်တော့... အောင်မလေးဗျ။ အော်... အတန်းဆင်းသွားပြီပဲ။ ၃နာရီ အတန်း တောက်လျှောက် စက်တော်ခေါ်ရတာ တယ်အရသာရှိ။ အတန်းဆင်း။ Kofu ၀င်။ နေ့စဉ်ရက်ဆက် ငြီးငွေ့နေတဲ့ အရသာက ကျနော့ လျှာထုံထုံပေါ်မှာ လျှောကျသွားတယ်။ library မှာ စာလုပ်မယ် အကြောင်းပြချက်နဲ့ ဆက်ငိုက်။ နိုးရင် facebook ၀င်။ ထုံးစံအတိုင်း သူ့ page ၀င်စစ်။ ဘလော့ဂ်တွေ လျှောက်လည်။ ည၉နာရီထိုး။ ၀ါး... အကြောပြင်ဆန့်။ Kopi မှာ dinner ၀င်ဝါး။ အိမ်ပြန်မယ်။ အဆောင်ရောက်။ ဟိုလုပ်ဒီလုပ် ည၂နာရီထိုး။ ဘာအလုပ်မှ မပြီး။ လုပ်ချင်စိတ်လည်းမရှိ။ ဒီလိုနဲ့ ထိုးအိပ်။ မနက် ရှစ်နာရီခွဲ ပြန်ထ။ အတန်းပြန်သွား။ သံသရာလည်။

ဒါက ကျနော့ရဲ့ first semester တုန်းက ကာရန်မညီတဲ့ routine ပါ။
ခု second semester တော့ ကာရန်ညီအောင် ညှိယူနေပါတယ်။

စာလုပ်ရင်း စိတ်ရှုပ်လာလို့ လျှောက်ရေးမိတာပါ ခမျာ။

ကြယ်ကြွေချိန်

Saturday, January 1, 2011

နှစ်သစ်မင်္ဂလာပါ

နှစ်သစ်မင်္ဂလာပါ ခင်ဗျာ။

ဟောဒီ ၂၀၁၁ ရဲ့ ပထမဆုံး နေ့မှာပဲ ကျွန်တော် ဒီမြေကို ပြန်လာရတယ်။ လာမယ့် တနင်္လာနေ့ဆို ကျောင်းဖွင့်ပြီလေ။ 2nd semester စပြီပေါ့။

ဒီတော့ နှစ်ဟောင်းက အဆိုးတွေမှန်သမျှကို ပြည်ဖုံးကားချလို့ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အားလုံးကို ကျော်ဖြတ်ကြပါစို့လားဗျာ။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေး ဖြစ်ပါစေလို့ ကြယ်ကြွေချိန်မှ ဆုတောင်းပေးပါရစေ။ :)

HAPPY NEW YEAR!
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...